တစ်စုံတစ်ယောက်ကသာ နှုတ်ဆိတ်မှုကို ဖြိုခွင်းခဲ့လျှင် ( ၂ ) (ကလေးသူငယ်များတွင် ကြုံတွေ့ရသော လိင်မှုဆိုင်ရာအကြမ်းဖက်မှု)

တစ်စုံတစ်ယောက်ကသာ နှုတ်ဆိတ်မှုကို ဖြိုခွင်းခဲ့လျှင် ( ၂ ) (ကလေးသူငယ်များတွင် ကြုံတွေ့ရသော လိင်မှုဆိုင်ရာအကြမ်းဖက်မှု)
Published 30 November 2016
ကျွန်း

■ ယမန်နေ့မှအဆက်ဒီနေ့ ဒီအချိန်မှာတော့ ကျွန်မခံစားခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုခံရမှုတွေဟာ ဆိုးဆိုးရွားရွားမဟုတ်ခဲ့လို့ ကျွန်မကံကောင်းတယ်လို့ ခံစားမိပါတယ်။ မိန်းကလေးငယ်တွေမှာ အဓမ္မလိင်ဆက်ဆံမှုနဲ့ ကြုံတွေ့ခံစားရတာမျိုးတွေတောင်ရှိပြီး အဲဒီလိုအဓမ္မပြုသူတွေက ဦးလေး၊ ခဲအို၊ ဆရာ၊ အိမ်နီးချင်း စသူတွေ ဖြစ်နိုင်ကြောင်း အခုအချိန်မှာ သိလာရပါတယ်။ ဖခင်အရင်းက သမီးကိုအဓမ္မပြုကျင့်တာမျိုးတောင် တစ်ခါတစ်ရံမှာရှိပါတယ်။ ဒါပေမဲ့ ကျွန်မခံစားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကတော့ လုံလုံလောက်လောက်ကို ဆိုးရွားပါတယ်။ ဘယ်ကလေးသူငယ်မှ ဒီလိုနာကျင်မှုမျိုးကို မခံစားထိုက်ပါဘူး။ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုတွေက ကျွန်မကိုကြောက်ရွံ့ထိတ်လန့်ပြီး သံသယများသူတစ်ဦး ဖြစ်စေခဲ့ပါတယ်။ မဖွယ်မရာပြုသူတွေကို ကြောက်တဲ့စိတ်၊ သံသယစိတ်၊ ဒေါသ၊ မုန်းတီးမှုတွေက ကျွန်မကို နှစ်ပေါင်းများစွာ အနှောင့်အယှက်ပေးခဲ့ပါတယ်။ အဲဒီလို နာကျင်စရာကောင်းတဲ့ အတွေ့အကြုံတွေ၊ ကြောက်ရွံ့မှုတွေ၊ သံသယတွေက ကလေးတွေကို အန္တရာယ်အများကြီးပြုနိုင်ကြောင်း၊ အထူးသဖြင့် သူတို့က အဲဒီအကြောင်းတွေကို အခြားသူတွေကို ပြောပြနိုင်စွမ်းမရှိရင် ပိုဆိုးကြောင်းတွေကို အခုအချိန်မှာ သိခွင့်ရလာခဲ့ပါတယ်။ကျွန်မရဲ့ အလွန်အမင်း နာကျင်ခံစားရမှုတွေ၊ စိတ်ပျက်လက်ပျက်ဖြစ်မှုတွေက ကျွန်မရဲ့မိဘတွေ၊ အစ်ကိုအစ်မတွေ၊ သူငယ်ချင်းတွေ၊ ဆရာ၊ ဆရာမတွေကိုတောင်မှ အဲဒီ အဖြစ်အပျက်တွေကို ပြန်ပြောပြနိုင်စွမ်း မရှိခဲ့ဘူးဆိုတဲ့ အချက်ကြောင့်ပါ။ ဒီနေ့အထိ ကျွန်မဘာလို့ရေငုံနှုတ်ပိတ်နေခဲ့တာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးမိပါတယ်။ ကျွန်မဘာလို့ ဘယ်သူ့ကိုမှ ဘာမှမပြောပြခဲ့တာလဲ။ ကျွန်မ ဘာကိုမှသေသေချာချာ နားမလည်လို့ နှုတ်ဆိတ်နေခဲ့တာလား။ ဒါမှမဟုတ် ကျွန်မရဲ့ အတွေ့အကြုံတွေကို ရှင်းပြဖို့စကားလုံး မရှိခဲ့လို့လား။ ကျွန်မနှစ်သက် ခင်မင်ခဲ့တဲ့သူတွေမို့ သူတို့ကို တိုင်တန်းချင်စိတ်မရှိခဲ့တာလား။ ဒါမှမဟုတ် ကျွန်မကို ဘယ်သူကမှ မယုံကြည်ကြမှာကို စိုးရိမ်လို့လား။ ဒါမှမဟုတ် သူတို့က ကျွန်မကိုအပြစ်တင်ကြမှာ၊ အပြစ်ပေးကြမှာကို စိုးရိမ်လို့လား။
ကလေးတစ်ယောက်က ပိုပြီးပါဝါရှိတဲ့၊ အခြားသူတွေရဲ့ မျက်စိထဲမှာ လူကောင်းသူကောင်းတွေလို့ မြင်ကြတဲ့ ပိုအသက်ကြီးတဲ့သူတွေကို ဆန့်ကျင်ရင် ဘယ်သူကမှ ယုံမှာမဟုတ်ဘူးလို့ ကျွန်မတွေးခဲ့မိတာလား။ ကျွန်မနှုတ်ဆိတ်နေခဲ့တာ အဲဒါတွေက ကျွန်မရဲ့အပြစ်တွေလို့ ထင်ခဲ့မိလို့လား၊ သူတို့ ကျွန်မကိုအဲဒီလိုလုပ်တာ ကျွန်မမှာ တာဝန်ရှိတယ်၊ ကျွန်မမှာ တစ်ခုခုချွတ်ယွင်းချက်ရှိလို့ ဖြစ်ရတယ်လို့ ယူဆခဲ့မိတာလား။ ကျွန်မတိတ်ဆိတ်နေခဲ့တာ အဲဒါတွေက ပြောဖို့ညစ်ညမ်းတဲ့အကြောင်းတွေလို့ သင်ကြားခြင်းခံခဲ့ရလို့လား။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မဘာကြောင့် နှုတ်ဆိတ်နေခဲ့မိတယ်ဆိုတာကို ကျွန်မမသိပါဘူး။
ကျွန်မရဲ့ နာကျင်မှုတွေ၊ ကြောက်ရွံ့မှုတွေ၊ နားမလည်နိုင်မှုတွေကိုမျှဝေဖို့ ကလေးတစ်ယောက်အနေနဲ့ ဘာကြောင့်မလုပ်နိုင်ခဲ့တာလဲ။ နှုတ်ဆိတ်ခြင်းရဲ့ ဝန်ထုပ်ဝန်ပိုးကို ကျွန်မ ဘာလို့နှစ်ပေါင်းများစွာ ထမ်းထားခဲ့တာလဲ။ ဘာကြောင့်လဲဆိုတာ ကျွန်မတကယ်ကို မသိပါဘူး။ နာကျင်စွာ တစ်ချိန်လုံးမေးမိနေတာ ကြာပြီဖြစ်တဲ့ အခြားမေးခွန်းတစ်ခုက ကျွန်မငယ်ရွယ်စဉ်၊ နားလည်နိုင်စွမ်းမရှိသေးခင်၊ သေချာမှုတွေမရှိသေးခင်မှာ ကျွန်မရဲ့မိဘတွေ၊ အစ်ကိုတွေ၊ အစ်မတွေကရော ဘယ်လိုလဲ၊ သူတို့ ဘာလို့နှုတ်ဆိတ်နေခဲ့ကြတာလဲ၊ သူတို့က ကျွန်မကို မမှန်ကန်တဲ့တို့ထိမှုတွေ၊ မကောင်းတဲ့သူတွေကို သတိထားဖို့ ဘာလို့သတိမပေးခဲ့၊ မပြောခဲ့ကြတာလဲ။
သူတို့က အသက်ပိုကြီးပြီး အသိအမြင်တွေ ပိုများကြပါတယ်။ ဒါမျိုးတွေ ဖြစ်တတ်တယ်ဆိုတာ သူတို့သိကြတယ်ဆိုတာ သေချာပါတယ်။ သူတို့ ကျွန်မကို အဲဒီလိုအဖြစ်အပျက်တွေအတွက် ပြင်ဆင်ပေးဖို့၊ ကာကွယ်ပေးဖို့ ဘာလို့မကြိုးစားခဲ့ကြဘဲ နှုတ်ဆိတ်နေခဲ့ကြတာလဲ။ ကလေးတွေ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုတာတွေ ကြုံတွေ့ခံစားနေရတယ်ဆိုတာကို သူတို့အားလုံးသတိမထားမိကြတာ ဖြစ်နိုင်ပါ့မလား။ ကျွန်မရဲ့မိဘတွေ၊ အစ်ကို၊ အစ်မတွေက ကျွန်မကိုချစ်တယ်လို့ ကျွန်မထင်ပါတယ်။ ဒါဆိုရင် ဘာကြောင့် သူတို့ထဲကတစ်ယောက်ကမှ ကျွန်မရဲ့စိတ်မသက်မသာ ခံစားရမှုတွေ၊ နာကျင်မှုတွေ၊ နှုတ်ဆိတ်နေမှုတွေကို သတိမပြုမိခဲ့ကြတာလဲ။ ဒါမှမဟုတ် ကျွန်မက မင်းသမီးလို ဟန်ဆောင်ကောင်းခဲ့လို့ ကျွန်မကြုံတွေ့ရတဲ့ကိစ္စတွေက ကျွန်မရဲ့မျက်နှာနဲ့ အပြုအမူတွေမှာ မပေါ်လွင်ခဲ့တာများလား။
ဒီနေ့မှာ ကျွန်မကိုယ်ကျွန်မ မေးနေမိတာက ဘာကြောင့်ကျွန်မရဲ့မိခင်၊ ဖခင်၊ အစ်ကို၊ အစ်မတွေ၊ ဆရာ၊ ဆရာမတွေက ကျွန်မသူတို့ကို ဘာမဆိုပြောဆိုနိုင်ပြီး ဘာကိုမှ ဖုံးကွယ်ထားစရာမလိုဘူးဆိုတဲ့ ယုံကြည်နိုင်မှုမျိုးကို ဖန်တီးမပေးခဲ့ကြတာလဲ။ ကျွန်မသူတို့ကို ဒီအကြောင်းတွေ ပြောပြလိုက်ရင် သူတို့ကကျွန်မပြောပြတာကို ယုံကြည်ပြီး ကျွန်မရဲ့ ဇဝေဇဝါဖြစ်မှုတွေ၊ ကြောက်ရွံ့မှုတွေကို ဖယ်ရှားပေးကြလိမ့်မယ်လို့ ကျွန်မဘာကြောင့် ယုံကြည်နိုင်စွမ်းမရှိခဲ့တာလဲ။
ဒီလို ဝေးကွာမှု၊ လစ်ဟာမှုတွေ ကျွန်မရဲ့မိသားစုထဲမှာ ဘာလို့ရှိနေရတာလဲ။ ကျွန်မတို့ဟာ တစ်မိုးတည်းအောက်မှာ အတူနေကြတဲ့ သူစိမ်းတွေနဲ့ မတူကြဘူးလား။ မိသားစုတွေ အားလုံးက ဒီလိုပဲတိတ်ဆိတ်ပြီး ဝေးကွာနေကြတာချည်းပဲလား။ နောက်ပိုင်းမှာ ကျွန်မရဲ့သူငယ်ချင်းတစ်ယောက်က သူကြုံတွေ့ခဲ့ရတာတွေကို ကျွန်မကို အခုလိုပြန်ပြောပြပါတယ်။ သူက “ငါငယ်ငယ်တုန်းက ငါတို့အိမ်ကို လာလည်တတ်တဲ့ ငါ့အဖေရဲ့သူငယ်ချင်း တစ်ယောက်ရှိတယ်။ သူကငါတို့ရဲ့ အိမ်နီးနားချင်းလည်း ဖြစ်ခဲ့တယ်။ သူက မကြာခဏဆိုသလို ငါတို့လိုကလေးတွေကို လမ်းလျှောက်ခေါ်သွားတာတို့၊ ကစားပွဲတွေကို ခေါ်သွားတာတို့ လုပ်တတ်တယ်။ တစ်ရက်မှာ သူက ငါတို့ကို လူသူမနေတော့တဲ့ အဆောက်အအုံတစ်ခုထဲကို ခေါ်သွားတယ်။ သူက ငါတို့အားလုံးကို သကြားလုံးတွေကျွေးတယ်။ ပြီးတော့ သူငါ့ကို မဖွယ်မရာလုပ်တာ ငါအရမ်းစိတ်မသက်မသာဖြစ်ပြီး နာကျင်မိတယ်။ ငါသူ့ဆီက ရုန်းထွက်ပေမယ့် သူကငါ့ကို အတင်းချုပ်ထားတယ်။ ငါ အကျယ်ကြီးအော်ပြီး သူ့ပေါင်ပေါ်က ခုန်ဆင်းပြီး ငိုမိတယ်။ ကလေးတွေအားလုံး ငါ့အနားဝိုင်းလာကြပြီး ငါတို့အားလုံး ငါ့အိမ်ကို ပြန်ပြေးလာခဲ့ကြတယ်။ ငါ့အမေကို ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ပြန်ပြောပြတော့ အမေက အဖေ့ကိုပြောပြတယ်။ အဖေက ငါတို့ရဲ့ အိမ်နီးချင်းတွေကို ပြောပြပြီး သူတို့အားလုံး အဲဒီလူကို ရဲနဲ့တိုင်ကြတယ်။ သူအပြစ်ပေးခံခဲ့ရတယ်”
သူပြောပြတဲ့ အဖြစ်အပျက်ကို နားထောင်ပြီး တကယ်လို့ ကျွန်မရဲ့မိသားစုကသာ ပွင့်လင်းပြီး ကျွန်မကို ကျွန်မရဲ့ခန္ဓာကိုယ်နဲ့ လိင်မှုဆိုင်ရာကိစ္စရပ်တွေရဲ့ သဘောသဘာဝကို ပြောပြခဲ့မယ်ဆိုရင် ကျွန်မကကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး သတိရှိတဲ့သူတစ်ယောက်ဖြစ်ခဲ့မယ်လို့ ခံစားမိပါတယ်။ ဒါဆိုရင် ကောင်းမွန်တဲ့တို့ထိမှုတွေနဲ့၊ မကောင်းတဲ့တို့ထိမှုတွေကို ကျွန်မခွဲခြားသိနိုင်စွမ်း ရှိခဲ့ပါလိမ့်မယ်။ ကလေးချစ်တဲ့သူနဲ့၊ ကလေးတွေကို မတော်မတရားလုပ်ချင်တဲ့ သူတွေကိုလည်း ကျွန်မခွဲခြားသိမြင်နိုင်စွမ်း ရှိခဲ့ပါလိမ့်မယ်။ တကယ်လို့အိမ်မှာ ဒါမှမဟုတ် ကျောင်းမှာ အဲဒီလိုပွင့်လင်းမှုမျိုးတွေရှိခဲ့မယ်ဆိုရင် ကျွန်မနှုတ်ဆိတ်နေခဲ့မိမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကျွန်မရဲ့ မိဘတွေကလည်း ကျွန်မကို မဖွယ်မရာပြုလုပ်ခဲ့ကြတဲ့ ယောက်ျားတွေအားလုံးကို အရေးယူဆောင်ရွက်ကြမှာ သေချာပါတယ်။ အဲဒီမျက်နှာဖုံးစွပ်ထားတဲ့ ယောက်ျားတွေက အခြားကလေးတွေကိုလည်း မဖွယ်မရာလုပ်နေ၊ နာကျင်ခံစားရအောင် လုပ်နေကြမယ့်အနေအထားမှာ ရှိပါတယ်။ အဲဒီကလေးတွေကလည်း ကျွန်မလိုပဲ နှုတ်ဆိတ်ကောင်း၊ နှုတ်ဆိတ်နေကြပါလိမ့်မယ်။ ကျွန်မတို့ရဲ့ နှုတ်ဆိတ်မှုက အပြစ်ရှိသူတွေကို လွတ်မြောက်စေပါတယ်။ သူတို့က သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အပြစ်ပေးခြင်းမခံရသလို တောင်းပန်စရာလည်း မလိုခဲ့ကြပါဘူး။
ကျွန်မရဲ့မိသားစုဝင်တွေနဲ့ ဆရာ၊ ဆရာမတွေကသာ ပွင့်ပွင့်လင်းလင်းရှိခဲ့ကြမယ်ဆိုရင် ကျွန်မမှာ နာကျင်စရာလျှို့ဝှက်ချက်တွေကို နှစ်ပေါင်းများစွာ သယ်ဆောင်နေခဲ့ရတဲ့ အဖြစ်မျိုး ကြုံတွေ့ရမယ်မထင်ပါဘူး။ ကျွန်မရဲ့ မျက်ရည်တွေနဲ့ မုန်းတီးမှုတွေကို အဲဒီအချိန် အဲဒီနေရာတွေမှာပဲ ခြွေချထားရစ်နိုင်ခဲ့မှာပါ။ ကျွန်မအကြောင်းတွေကို အများကြီးပြောပြခဲ့ပြီးပြီမို့ ကျွန်မရဲ့ဇာတ်လမ်းနဲ့၊ ကျွန်မကို ဒီမှာပဲရပ်တော့မယ်။ အခု သင့်ကိုမေးမယ်။ သင်ရော သင့်ကိုတစ်စုံတစ်ယောက်က မမှန်ကန်တဲ့နည်းလမ်း၊ မကောင်းတဲ့နည်းလမ်းတွေနဲ့ ကြည့်တာ၊ တို့ထိတာတွေကို ခံစားခဲ့ရဖူးသလား။ တကယ်လို့ ခံစားခဲ့ရဖူးတယ်ဆိုရင် အဲဒီအတွက် သင်ဘာလုပ်သလဲ။ သင်လည်း ကျွန်မလိုပဲ နှုတ်ဆိတ်နေခဲ့သလား၊ ဒါမှမဟုတ် ပြောပြခဲ့သလား။ ပြောပြခဲ့တယ်ဆိုရင် ဘယ်သူ့ကို သင်ပြောပြခဲ့သလဲ။ သင့်ရဲ့မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ ဒါမှမဟုတ် ဆရာ၊ ဆရာမတွေကို သင်အဲဒီလို ကိစ္စရပ်တွေကို ပြောပြနိုင်စွမ်းရှိသလား။ သင့်ရဲ့မိဘတွေနဲ့ ဆရာ၊ ဆရာမတွေက သင့်အပေါ်မှာ ပွင့်ပွင့်လင်းလင်းရှိကြသလား။ သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဘယ်အရာမျိုးကိုမဆို သူတို့ကိုပြောပြနိုင်တဲ့ ယုံကြည်နိုင်စွမ်းတွေကို သူတို့က သင့်ကိုပေးခဲ့ကြသလား။ သင့်မှာ သင့်ရဲ့ခန္ဓာကိုယ် ဒါမှမဟုတ် လိင်နဲ့ဆိုင်တဲ့ မေးခွန်းတွေရှိခဲ့ရင် တစ်ယောက်ယောက်ကို မေးနိုင်စွမ်းရှိသလား။ ဘယ်သူ့ကို သင်မေးနိုင်သလဲ။ ဒါမှမဟုတ် သင့်ကိုလိင်မှုဆိုင်ရာအကြောင်းတွေ ပြောတာကညစ်ညမ်းတယ်၊ ဘယ်သူကမှ ဘယ်သူ့ကို မပြောသင့်တဲ့ အရာမျိုးလို့ ပြောဆိုသင်ကြားခဲ့တာတွေ ခံခဲ့ရသလား။
သင့်မိသားစု ဒါမှမဟုတ် သင့်ကျောင်းက သင့်ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုနဲ့ လိင်မှုဆိုင်ရာ အကြောင်းတွေကို စတင်ပြောဆိုတာမျိုး ပြုလုပ်ခဲ့ဖူးသလား။ ဒါမှမဟုတ် သူတို့က သင့်ကို သင့်ခန္ဓာကိုယ်နဲ့ လိင်မှုဆိုင်ရာအကြောင်းတွေကို သင်နားလည်အောင် အထောက်အကူပြုနိုင်မယ့် စာအုပ်တွေပေးခဲ့ဖူးသလား။ သင့်သူငယ်ချင်းတွေနဲ့ သင်လိင်မှုဆိုင်ရာအကြောင်းတွေ ပြောခဲ့ဖူးသလား။ ဒါမှမဟုတ် လွန်ခဲ့တဲ့အနှစ် ၄၀ ကာလက ကျွန်မရဲ့မိသားစုထဲမှာ ဖြစ်ခဲ့သလိုပဲ အဲဒီကိစ္စရပ်တွေနဲ့ ပတ်သက်ရင် နှုတ်ဆိတ်ငြိမ်သက်နေကြတာပဲလား။
ကျွန်မ ကြီးပြင်းလာပြီဖြစ်တဲ့ ဒီနေ့ဒီအချိန်ကာလမှာ ကျွန်မတို့တစ်တွေရဲ့ မိသားစုတွေထဲမှာ သူငယ်ချင်းတွေလို ရင်းနှီးမှုမျိုးတွေရှိသင့်တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ နှုတ်ဆိတ်မှုတွေအတွက် နေရာကတကယ့်ကို မရှိသင့်ပါဘူး။ ကျွန်မတို့လို အရွယ်ရောက်ပြီးသူတွေက ကလေးတွေကို ကျွန်မတို့ကို ဘာမဆိုပြောပြလို့ရတယ်ဆိုတဲ့ အနေအထားမျိုး ဖန်တီးပေးသင့်ပါတယ်။ သူတို့ရဲ့ကြောက်စိတ်တွေ၊ သံသယတွေနဲ့ ဇဝေဇဝါဖြစ်မှုတွေ အားလုံးကို ကျွန်မတို့ကို ပြောပြနိုင်စွမ်းရှိသင့်ပါတယ်။
ကျွန်မတို့လို အရွယ်ရောက်ပြီးသူတွေက ကလေးတွေကို သူတို့ရဲ့ခံစားမှုတွေ၊ အတွေ့အကြုံတွေ၊ ကြောက်ရွံ့မှုတွေနဲ့ မေးခွန်းတွေကို ကျွန်မတို့အတတ်နိုင်ဆုံး ကြိုးစားပြီး နားလည်ပေးမယ်၊ တုံ့ပြန်မှုတွေ ပြုလုပ်ပေးမယ်ဆိုတဲ့ ယုံကြည်နိုင်စွမ်းတွေရှိအောင် ပြုလုပ်ပေးသင့်ပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူတို့ကို အော်ငေါက်တာ၊ ဒါမှမဟုတ် တိတ်တိတ်နေဖို့ ပြောတာမျိုးတွေ မလုပ်သင့်ပါဘူး။ ကျွန်မတို့လို အရွယ်ရောက်ပြီးသူတွေက ကလေးတွေမှာလည်း သူတို့ရဲ့အမြင်တွေရှိတယ်၊ သူတို့ရဲ့ ပင်ကိုစရိုက် သဘာဝတွေနဲ့၊ ကိုယ်ပိုင်လက္ခဏာတွေ ရှိတယ်ဆိုတာကို နားလည်သဘောပေါက်ပြီး အဲဒါတွေကို လက်ခံ၊ လေးစားဖို့လိုအပ်ပါတယ်။

Most Read

Most Recent