တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်း၊ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌတို့ သီးခြားစီတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်း၊ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌတို့ သီးခြားစီတွေ့ဆုံ
Published 2 November 2016
ကျော်ဇင်ဝင်း

တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၁ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၅ မိနစ်တွင် ပေကျင်းမြို့၊ ပြည်သူ့ခန်းမဆောင်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင်ပင်းအား သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သမ္မတကြီး မစ္စတာ ရှီကျင်ပင်းအား နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်မှ နှုတ်ခွန်းဆက်ပါကြောင်း၊ သမ္မတကြီး ရှီကျင်ပင်းက ပေးပို့သည့် နှုတ်ခွန်းဆက် စာလွှာအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ရန် ဖိတ်ကြားလိုက်ပါကြောင်း၊ ၂၀၁၃ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ချိန်က သမ္မတကြီးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည့် ပြုပြင်ပြောင်းလဲမှုသည် မောင်းနှင်အားဖြစ်၍ တည်ငြိမ်အေးချမ်းမှုသည် လိုအပ်ချက်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးသည် ရည်မှန်းချက်ဖြစ်သည် ဆိုသည့် စကားနှင့်အညီ ဆောင်ရွက်ခဲ့မှုကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် ခြောက်နှစ်တာအတွင်း တိုးတက်ပြောင်းလဲမှုများစွာ ရှိသည်ကို ဂုဏ်ယူဖွယ် တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုများ ရရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်၍ ထိုက်သင့်သည့် တည်ငြိမ်အေးချမ်းမှု ရရှိခဲ့သော်လည်း လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပဋိပက္ခ လုံးဝချုပ်ငြိမ်းရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ကူညီမှုများအားလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။ထို့နောက် တရုတ်နိုင်ငံ သမ္မတ မစ္စတာရှီကျင်ပင်းက မိမိတို့နှစ်နိုင်ငံအကြား နက်ရှိုင်းသော ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်တိုးမြှင့် ဆောင်ရွက်ပြီး နှစ်နိုင်ငံ ပြည်သူလူထု ပိုမိုတိုးတက်ရေးကို လိုလားကြောင်း၊ တပ်မတော် နှစ်ရပ်အကြားတွင်လည်း ကောင်းမွန်သည့် ဆက်ဆံရေးရှိပြီး ဆွေးနွေးညှိနှိုင်းမှုများကြောင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများ ပိုမိုတိုးတက် ခိုင်မာမည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များ အပြန်အလှန် လည်ပတ်မှုသည် ချစ်ကြည်ရင်းနှီးမှုကို မြင့်မားစေကြောင်း၊ ယခင်အစိုးရလက်ထက် သမ္မတကြီး ဦးသိန်းစိန်နှင့် ထိတွေ့ဆက်ဆံမှုများ ရှိခဲ့ပြီး လက်ရှိ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း ထိတွေ့ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံ၏ တည်ဆောက်မှု၊ တည်ငြိမ်အေးချမ်းမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူ့ဘ၀ မြှင့်တင်မှုများ အောင်မြင်စေရန် ဆုမွန်တောင်းကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားသည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ များစွာ အရေးကြီးပါကြောင်း၊ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်မှုတွင်လည်း အုပ်ချုပ်ရေး၊ စီးပွားရေးကဏ္ဍ များစွာကျယ်ပြန့်ကြောင်း၊ နယ်စပ်ကုန်သွယ်မှု သာမက ပုံမှန်ကုန်သွယ်မှုများကိုပါ မြှင့်တင်ပေးနိုင်ပါက ပိုမိုအကျိုးရှိမည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် နှစ်ဖက်တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုများ ရှိပါကြောင်း၊ ယခုထက် ပိုမိုအောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော် နှစ်ရပ်အကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံချင်း၊ အစိုးရချင်း၊ ပါတီချင်း၊ တပ်မတော်ချင်း ဆက်ဆံရေး မြှင့်တင်ခြင်းဖြင့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။အလားတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၁ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၅ မိနစ်တွင် ကျောက်ယုထိုင်နိုင်ငံတော် ဧည့်ဂေဟာ၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Gen. Xu Qiliang နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။အဆိုပါ တွေ့ဆုံမှု၌ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များ၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းကြိုးပမ်း ဆောင်ရွက်မှု အခြေအနေများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသရှိ ပြည်သူလူထု လူနေမှုဘ၀ မြှင့်တင်ရေးဆိုင်ရာများ၊ တပ်မတော်နှစ်ရပ်အကြား အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များနှင့် အဆင့်အလိုက် အပြန်အလှန်တွေ့ဆုံ ဆွေးနွေးပွဲများ ပြုလုပ်ရေး၊ လေ့ကျင့်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး စသည်ဖြင့် နယ်ပယ်စုံတွင် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ရောက်ရှိနေချိန်သည် မြန်မာ-တရုတ်နယ်စပ် မိုင်းလားဒေသ၌ ‘ဝ’ တပ်ဖွဲ့များ ဝင်ရောက်တပ်စွဲမှုကြောင့် တပ်မတော်နှင့် ‘ဝ’ တပ်ဖွဲ့တို့ကြား စစ်ရေး တင်းမာနေချိန်ဖြစ်ပြီး လက်ရှိအချိန်အထိ ‘ဝ’ တပ်ဖွဲ့များမှာ မိုင်းလားဒေသမှ ဆုတ်ခွာခြင်း မရှိသေးဘဲ ကျိုင်းတုံမှ မိုင်းလားသို့ သွားရောက်သည့် လမ်းမပေါ်ရှိ တာပင်းဂိတ်အား တပ်မတော်က ပိတ်ထားဆဲ ဖြစ်သဖြင့် အဆိုပါဒေသရှိ စစ်ရေးအခြေအနေမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ခရီးစဉ် အပြီးပေါ်တွင် မူတည်ကြောင်း တိုင်းရင်းသားအရေး လေ့လာသူ အချို့က သုံးသပ်ကြသည်။

Most Read

Most Recent