မိုင်းလားနှင့် ကျိုင်းတုံကြားရှိ တာပင်းဂိတ် ပိတ်ထားဆဲဖြစ်ပြီး မိုင်းလားဒေသမှ ‘ဝ’ တပ်ဖွဲ့များ ဆုတ်ခွာခြင်း မရှိသေး

မိုင်းလားနှင့် ကျိုင်းတုံကြားရှိ တာပင်းဂိတ် ပိတ်ထားဆဲဖြစ်ပြီး မိုင်းလားဒေသမှ ‘ဝ’ တပ်ဖွဲ့များ ဆုတ်ခွာခြင်း မရှိသေး
Published 1 November 2016
ကျော်ဇင်ဝင်း

မိုင်းလားနှင့် ကျိုင်းတုံကြားရှိ တာပင်းဂိတ်အား ပိတ်ထားဆဲဖြစ်ပြီး မိုင်းလားဒေသ မှ ‘ဝ’ တပ်ဖွဲ့များ ဆုတ်ခွာခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။
ရှမ်းပြည်နယ်၊ အရှေ့တောင်ပိုင်း၊ အထူးဒေသ-၄ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA) မိုင်းလားနယ်မြေအတွင်း စက်တင်ဘာလကုန်ပိုင်း ကတည်းက ရောက်ရှိနေသည့် ‘ဝ’ သွေးစည်းညီညွတ်ရေး ပါတီ၏ UWSA တပ်ဖွဲ့များ အောက်တိုဘာ ၂၄ ရက် တွင် နောက်ဆုံးထား ပြန်လည်ဆုတ်ခွာရန် တပ်မတော်က အကြောင်းကြားထားသော်လည်း ဆုတ်ခွာခြင်း မရှိသေးသည့် အခြေအနေဖြစ်သည်။
‘‘အခု သွားလို့မရသေးဘူး ပြောတယ်။ ကားတွေလည်း မရသေးဘူး။ ဟိုမှာပိတ်ထားတယ်။ ဒီကပိတ်တာပေါ့။ တာပင်းက ဒို့ပြည်ထောင်စုက ပိတ်တာပေါ့။ တပ်မတော်ကတော့ ရှိတာပေါ့။ လုံခြုံရေး ကင်းပုန်းတွေကတော့ ရှိတာပေါ့။ သူ့နယ်မြေမှာ သူနေပါတယ်တဲ့ မိုင်းလားနယ်မြေမှာ လာကျူးကျော်တာ မဟုတ်ဘူးတဲ့။ သူတို့အနေနဲ့ ပြန်ဆုတ်သွားပြီပေါ့။ မိုင်းလားမှာ မနေတော့ဘူးလေ။ တစ်ရက်၊ နှစ်ရက်ပဲ သူတို့လာတာ ကင်းလှည့်တဲ့ သဘောပဲ။ သူ့နယ်မြေ သူပြန်သွားပါပြီ။ အခုလူတွေ သွားသွားလာလာ ရှိတာပေါ့။ မိုင်းယန်းဘက်သွားရင် ဘာမှမဖြစ်ဘူး။ မိုင်းယန်းဘက်ကို သွားလို့ရတယ်။ ဒီတာပင်းတစ်ခုပဲ ပိတ်ထားတုန်း’’ ဟု ကျိုင်းတုံအခြေစိုက် ရှမ်းပြည်နယ် အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးဟောင်ခမ်းက နိုဝင်ဘာ ၁ ရက်တွင် ပြောကြားသည်။
သို့ရာတွင် အခြားသော သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ မိုင်းလားဒေသတွင် ‘ဝ’ တပ်ဖွဲ့များ ရှိနေဆဲဖြစ်ကြောင်း သိရသည်။ ‘ဝ’ တပ်ဖွဲ့များ မိုင်းလားဒေသတွင် ဆက်လက်ရှိနေမှုနှင့် ပတ်သက်၍ မေးမြန်းရန် ‘ဝ’ အဖွဲ့ဌာနချုပ် တာဝန်ရှိသူများနှင့် ကျိုင်းတုံဆက်ဆံရေးရုံး တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ဘဲ  ‘ဝ’ အဖွဲ့၏ လားရှိုးဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းက ခရီးဝေးရောက်နေ၍ လက်ရှိ အခြေအနေအား မသိရှိကြောင်း ဆိုသည်။
မိုင်းလားဒေသတွင် ‘ဝ’ တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရန် သတ်မှတ်ရက် ကျော်လွန်လာပြီးနောက် အောက်တိုဘာ ၂၇ ရက်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက လားရှိုးဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းကို ခေါ်ယူတွေ့ဆုံမှု ပြုလုပ်ထားသည်။
အဆိုပါ တွေ့ဆုံမှုတွင် တပ်မတော်ဘက်က ‘ဝ’ အဖွဲ့အား မိုင်းလားဒေသကိစ္စကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ပြောကြားကြောင်း၊ တပ်မတော် အနေဖြင့်လည်း မဟာမိတ် ညီအစ်ကိုအချင်းချင်း ဖြစ်သည့်ကိစ္စအား ပါဝင်မပတ်သက်စေလိုကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဦးညီရန်းက အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားထားသည်။
မိုင်းလားနယ်မြေအတွင်း  ၀ တပ်ဖွဲ့များ ရှိနေမှုအား ဖြေရှင်းနိုင်ရန်အတွက် ‘ဝ’ အဖွဲ့၏ ကိုယ်စားလှယ်အဖြစ် ဦးပေါက်ယိုလျှံနှင့် မိုင်းလားအဖွဲ့၏ ကိုယ်စားလှယ်အဖြစ် ဦးခမ်းမောင်တို့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လန်ချန်းခရိုင် စီးမောဝ့်မြို့တွင် တွေ့ဆုံပြီး တရုတ်အစိုးရ ကိုယ်စားလှယ်က ကြားဝင်ဆွေးနွေး ပေးနေကြောင်း ရှမ်းပြည်နယ် သတင်းများ အစဉ်တစိုက် ဖော်ပြလျက်ရှိသည့် သျှမ်းသံတော်ဆင့် သတင်းဌာန၏ Facebook စာမျက်နှာတွင် အောက်တိုဘာ ၂၈ ရက်ကသတင်း ဖော်ပြခဲ့သည်။
အလားတူ သျှမ်းသံတော်ဆင့် သတင်းဌာန၏ Facebook စာမျက်နှာတွင် အောက်တိုဘာ ၃၀ ရက်က သတင်းဖောြ်ပချက်အရ ရှမ်းပြည်နယ် အရှေ့တောင်ပိုင်း ပေါင်းကူးတံတားဖြစ်သည့် တာ့ဆန်း သံလွင်မြစ်ကူးတံတား ဘက်တွင် ‘ဝ’ တပ်ဖွဲ့များ တပ်အင်အား ဖြည့်လာနေသည့် သတင်းကြောင့် တပ်မတော် စစ်ကြောင်းများက အဆိုပါ ဒေသဘက်သို့ အင်အားတိုး ဖြည့်လာနေကြောင်း သိရသည်။
စစ်ရေးတင်းမာမှုများကြောင့် ကျိုင်းတုံနှင့် မိုင်းလားအကြားရှိ တာပင်းဂိတ် အပါအဝင်  ဆက်သွယ်ရေး လမ်းကြောင်းအရ အရေးပါသည့် ဂိတ်များအား တပ်မတော်ဘက်က ယာယီပိတ်ထားပြီး မိုင်းလားဒေသနှင့် မိုင်းယန်းဒေသရှိ ဒေသအခံအချို့ ကျိုင်းတုံ၊ တာချီလိတ် ဒေသများသို့ ခေတ္တတိမ်းရှောင်မှုများ ရှိကြောင်း သတင်းဖော်ပြမှုများအရ သိရသည်။                              

Most Read

Most Recent