ယခင်အစိုးရ အဆက်ဆက်နှင့် လုပ်ကိုင်ခဲ့သော လုပ်ငန်းရှင်များ စိတ်ပူပန်ခြင်း မရှိရန် ဒေါ်အောင်ဆန်းစုကြည် အာမခံ ပြောကြား၊ လုပ်ငန်းရှင်ကြီးများအား လုံခြုံမှု အာမခံချက် ပေးခဲ့ခြင်းဖြစ်ကြောင်း ခရိုနီ လုပ်ငန်းရှင် ဦးခင်မောင်အေးက ကြိုဆို

ယခင်အစိုးရ အဆက်ဆက်နှင့် လုပ်ကိုင်ခဲ့သော လုပ်ငန်းရှင်များ စိတ်ပူပန်ခြင်း မရှိရန် ဒေါ်အောင်ဆန်းစုကြည် အာမခံ ပြောကြား၊ လုပ်ငန်းရှင်ကြီးများအား လုံခြုံမှု အာမခံချက် ပေးခဲ့ခြင်းဖြစ်ကြောင်း ခရိုနီ လုပ်ငန်းရှင် ဦးခင်မောင်အေးက ကြိုဆို
Published 22 October 2016
ဖြိုးဝေ

ယခင် အစိုးရ အဆက်ဆက်နှင့် လုပ်ကိုင်ခဲ့သော လုပ်ငန်းရှင်များအား စိတ်ပူပန်ခြင်း မရှိရန် အောက်တိုဘာ ၂၂ ရက်က နေပြည်တော် MICC 2 ခန်းမတွင် ပြုလုပ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး ခရိုနီလုပ်ငန်းရှင် ဦးခင်မောင်အေးက လုပ်ငန်းရှင်ကြီးများအား လုံခြုံမှု အာမခံချက် ပေးခဲ့ခြင်း ဖြစ်သည်ဟုဆိုကာ ကြိုဆိုခဲ့သည်။အောက်တိုဘာ ၂၂ ရက်က နေပြည်တော်ရှိ MICC 2 ခန်းမတွင် ကျင်းပခဲ့သော အဆိုပါ အခမ်းအနားသို့ တက်ရောက်လိုသူ များပြားနေသဖြင့် အခွန်ထမ်းထိပ်တန်း ၁၅၈ ဦးအား ဖိတ်ကြားခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အစိုးရသစ် ပထမ ခြောက်လအတွင်း မျှော်မှန်းသလောက် စီးပွားရေး မတိုးတက်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံ ပြောကြားခဲ့ပြီး လက်ရှိတွင် လုပ်ငန်းရှင်များ အတိတ်ကို ပြန်မကြည့်ဘဲ အနာဂတ်မျှော် မူဝါဒနှင့် ဆက်သွားမည်ဖြစ်ပြီး ဆန်ရှင် လွတ်လာသူများ အများပြည်သူအတွက် မလုပ်ဘဲ ကိုယ်ကျိုးအတွက်သာ ဆက်လုပ်နေမှု စောင့်ကြည့်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားလိုက်သည်။အဆိုပါ အခမ်းအနားတွင် စီးပွားရေး မူဝါဒနှင့် ပတ်သက်၍ ရှေ့ဆက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားသည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒနှင့် လုပ်ငန်းစဉ်များကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဆွေးနွေးပြောကြားခြင်း၊ သံတမန်များအဖွဲ့ နာယက မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး H.E Mr. Robert Chua၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ကမ္ဘောဇဘဏ် လီမိတက် အမှုဆောင်ဒါရိုက်တာ ဒေါ်နန်းလိုင်ခမ်း၊ မြန်မာနိုင်ငံဘဏ်အသင်း ဥက္ကဋ္ဌ ဦးခင်မောင်အေးတို့က အထွေထွေ ဆွေးနွေးခဲ့ကြောင်း သိရသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စီးပွားရေး သမားများနှင့် တွေ့ဆုံခြင်းသည် အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုများ ဖယ်ရှားပြီးနောက်ပိုင်း ပထမဆုံး တွေ့ဆုံခြင်းလည်း ဖြစ်သည်။အဆိုပါ တွေ့ဆုံပွဲသို့ ထိပ်တန်းလုပ်ငန်းရှင်များဖြစ်သည့် ကမ္ဘောဇ လုပ်ငန်းစုမှ အမှုဆောင်ဒါရိုက်တာ ဒေါ်နန်းလိုင်းခမ်း၊ FMI မှ ဦးသိမ်းဝေ၊ CB ဘဏ်နှင့် Myanmar Microfinance Bank ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဧဒင် ဦးချစ်ခိုင်၊ ထူးကုမ္ပဏီမှ ဦးတေဇ၏ သားနှစ်ဦးဖြစ်သော ဦးပြည့်ဖြိုးတေဇနှင့် ဦးထူးတေဇ၊ Max ဦးဇော်ဇော်၊ Dagon International ဦးဝင်းအောင်၊ ပတ္တမြားနဂါး ဦးနေဝင်းထွန်း၊ ဦးဇော်ဝင်းရှိန်၊ ဇေကမ္ဘာ ဦးခင်ရွှေ၊ ကုန်သည်စက်မှု အသင်းချုပ်မှ လုပ်ငန်းရှင်များနှင့် မိတ်ဖက် အဖွဲ့အစည်းများ စသည့်ပုဂ္ဂိုလ်များအပြင် အခွန်ထမ်းထိပ်တန်း မဟုတ်သည့် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေ၏ မြေးဖြစ်သူ ဦးနေရွှေသွေးအောင်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အဖွဲ့ဝင်များ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် ဒုဥက္ကဋ္ဌ ဦးဆက်အောင်၊ ပြည်ထောင်စုဝန်ကြီးများတွင် ဦးကျော်တင့်ဆွေ၊ ဒေါက်တာ အောင်သူ၊ သူရဦးအောင်ကို၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာ ဝင်းမြတ်အေး၊ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း စသည့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ တွေ့ဆုံပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)
ဒေါ်အောင်ဆန်းစုကြည်က အစိုးရနှင့် အာဏာရှိသူများကို အမှီပြုပြီး လုပ်ကိုင်နေသည့် ခရိုနီများ အတိတ်ကို ပြန်ကြည့်နေမည် မဟုတ်ဘဲ ပစ္စုပ္ပန်တွင် ဂုဏ်သိက္ခာ အပြည့်နှင့် ရပ်တည်ရန် ပြောကြားသည်။“အရင်တုန်းက လုပ်နေတဲ့ စီးပွားရေးသမားတွေ အတွက် နေရာမှ ရပါ့မလားဆိုတဲ့ ပူပန်သောကတွေလည်း ရှိပါတယ်။ အားလုံးကို ကြိုဆိုပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံရေး စီးပွားရေး အကူးအပြောင်းမှာ အားလုံးကို ပူးပေါင်းပြီး ပါဝင်ဆောင်ရွက်စေချင်ပါတယ်။ အတိတ်ကို ပြန်ကြည့်တာ မဟုတ်ဘဲ အနာဂတ်ကိုမျှော်တဲ့ မူဝါဒမျိုးနဲ့ ဆက်သွားချင်တာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ရဲ့ စီးပွားရေး လုပ်ငန်းရှင်များအပေါ် အများကြီး အားကိုးပါတယ်။ အရင် ဒီအစိုးရ မတက်ခင် ကတည်းက အင်္ဂလိပ်ဘာသာစကား မကျွမ်းကျင်ရင်တောင် သိနေတဲ့ Crony ဆိုတဲ့ အသုံးအနှုန်း။ ဒါက ကျွန်မတို့ တစ်နိုင်ငံလုံးမှာ ပြန့်ပွားနေပါတယ်။ ခရိုနီဆိုတာ အစိုးရနှင့် အာဏာရှိသူများ ပင်းပြီးတော့ လုပ်တာ။ တရားဥပဒေ ဘောင်အတွင်းက လုပ်တာ မဟုတ်ဘူးဆိုတဲ့ ဝေဖန်ချက်တွေ ရှိပါတယ်။ ဒီဝေဖန်ချက်တွေ ကြားရတဲ့ အခါ ကျွန်မက စိတ်မကောင်းပါဘူး။ ကျွန်မတို့ ပြည်သူ ပြည်သားတွေ အချင်းချင်း ဘာလို့ ဒီလောက် စိတ်ဝမ်းကွဲနေကြလဲ။ တကယ်ပဲ ဒီလိုပဲ ကိုယ့်အတွက်ပဲ လုပ်နေတဲ့ လုပ်ငန်းရှင်တွေ များနေလား။ ကိုယ်ကျိုးအတွက်ပဲ ကြည့်နေတဲ့ ပုဂ္ဂိုလ်တွေ များနေလား။ ဒီလိုဟာမျိုးတွေ များနေမယ်ဆို ကျွန်မတို့နိုင်ငံအတွက် ဝမ်းနည်းစရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မ ယုံကြည်ချက် တစ်ခုက အတိတ်ဆိုတာ ကိုယ့်ကို ချည်နှောင်ထားဖို့ မဟုတ်ဘဲ သင်ခန်းစာ ယူပြီးတော့ ထပ်သွားနိုင်ရမယ်။ တစ်ချိန်တုန်းက ကိုယ့်အတွက် လုပ်ခဲ့တဲ့သူတွေ အခု အများအတွက် မလုပ်နိုင်ဘူးလား။ အများအတွက် လုပ်နိုင်တဲ့ အရည်အချင်းတွေ သူတို့မှာ မရှိဘူးလား။ ကိုယ့် အစုအဖွဲ့ လုပ်ငန်း ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မိသားစု အတွက်ပဲ လုပ်ခဲ့တဲ့ သူများဟာ အမြင်ကျယ်လာပြီးတော့ တစ်တိုင်းပြည်လုံးအတွက် လုပ်ပေးချင်တဲ့စိတ်မျိုး မမွေးနိုင်ဘူးလား မေးချင်ပါတယ်။ အဲဒါက မဖြစ်နိုင်ဘူးလား ဆိုတော့လည်း ဖြစ်နိုင်တယ်ဆိုတဲ့ အခွင့်အရေးတွေ ပေးလာပါပြီ” ဟု ပြောကြားသည်။ထိုသို့ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှုအပေါ် ခရိုနီ လုပ်ငန်းရှင် စာရင်းဝင် CB နှင့် Microfinance ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားမှုဟာ လုပ်ငန်းရှင်ကြီးများကို လုံခြုံမှု အာမခံ ပေးလိုက်တယ် ယူဆပါတယ်” ဟု ပြောကြားခဲ့သည်။ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးသည် KMA Group ကုမ္ပဏီ၊ ပါရမီဆေးရုံ၊ ကေတုမတီ ကုမ္ပဏီတို့ကို လုပ်ကိုင်နေသူဖြစ်ပြီး KMA Group ကုမ္ပဏီအောက်တွင် ကုမ္ပဏီခွဲပေါင်း ၁၄ ခုအထိရှိကြောင်း သိရသည်။လက်ရှိ အစိုးရသစ်၏ စီးပွားရေး မူဝါဒများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာတွင် အားမရမှုများ ရှိနေပြီး တစ်ခုတည်းသော အချက်အား ပြောကြားရမည် ဆိုပါက မြန်မာ ပြည်သူများ၏ အရည်အချင်း တန်ဖိုးကို မြှင့်တင်ပေးရမည့် အချက်တစ်ချက်တည်းသာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ လုပ်ငန်းရှင်များ အနေဖြင့် ယင်းတို့၏ လုပ်ငန်းများမှ တစ်ဆင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်နှင့် တရားဥပဒေ စိုးမိုးမှု ရှိပါက ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် အခက်အခဲ ရှိမည် မဟုတ်ကြောင်းနှင့် အစိုးရသစ် ပထမခြောက်လအတွင်း စီးပွားရေးတိုးတက်မှု မျှော်မှန်းသလောက် မရခဲ့သော်လည်း စိန်ခေါ်မှုများကို တစ်ဆင့်ချင်း ကျော်လွှားဖြေရှင်းလာနိုင်ပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်များအား တွေ့ရစဉ်“ကျွန်မတို့ ပထမ ခြောက်လမှာ စီးပွားရေး တိုးတက်မှုဟာ မျှော်မှန်းသလောက် မတိုးတက်ခဲ့ဘူးလို့ ကျွန်မ ပွင့်ပွင့်လင်းလင်း ဝန်ခံချင်ပါတယ်။ ဒီလိုမရှိတဲ့ အကြောင်းတွေက တော်တော်များများ ရှိပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ အခက်အခဲတွေ လျော့ပါးသွားစေချင်တဲ့ စိတ်စေတနာ ထားစေလိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။NLD အစိုးရ အနေဖြင့် စီးပွားရေး မူဝါဒ ၁၂ ချက် ထုတ်ပြန်ခဲ့ပြီး အဆိုပါ မူဝါဒများမှာ ယေဘုယျ ဆန်နေသဖြင့် အစိုးရ ဆန္ဒထုတ်ဖော် ပြောလိုသဖြင့် လက်ရှိတွေ့ဆုံပွဲ ပြုလုပ်ခြင်းဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ အနေဖြင့် မြန်မာ့စီးပွားရေးတွင် အပြည့်အ၀ ပါဝင်ခွင့်နှင့် နိုင်ငံတိုးတက်ရေးအတွက် မှန်မှန်ကန်ကန် လုပ်ဆောင်၍ ပါဝင်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။“ချမ်းသာကြွယ်ဝတာ မှန်ဖို့လိုတယ်။ အရင်တုန်းက မှန်တာ မမှန်တာ အတိတ်ကိုတော့ ပြင်လို့ မရတော့ဘူး။ အခု ပစ္စုပ္ပန်မှာတော့ မှန်မှန်ကန်ကန်လုပ်ပါလို့ ကျွန်မ အနေနဲ့ မေတ္တာရပ်ခံပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အစိုးရ၏ စီးပွားရေး မူဝါဒ ချမှတ်ရာတွင် ယခု ငါးနှစ်အတွက်သာ မကဘဲ နောင် ၁၀ နှစ် အနှစ် ၂၀ အထိ ရည်ရွယ်ချ မှတ်ရမည်ဖြစ်ပြီး အောင်မြင်သည့် စီမံကိန်းဆိုသည်မှာ ၁၀ စုနှစ် များစွာ ကျင့်သုံးနိုင်မည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ကံကောင်းသည်မှာ ကူညီလိုသူ များပြားနေခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ အဆိုပါ အခွင့်အရေးအား အသုံးချရမည်ဖြစ်ပြီး မြန်မာ့အောင်မြင်ခြင်းသည် ကမ္ဘာ့အောင်မြင်ခြင်းနှင့် မြန်မာ့ပြည်သူများ အောင်မြင်ခြင်းသည် ကမ္ဘာ့ပြည်သူများ အောင်မြင်ခြင်းဖြစ်ကြောင်း၊ အခွင့်အရေး မိမိရရ ဆုပ်ကိုင်ကာ ဆက်သွားရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။နိုင်ငံ တစ်နိုင်ငံ လည်ပတ်မှုတွင် အခွန်ငွေမှာ အရေးကြီးပြီး လက်ရှိ လုပ်ငန်းရှင်တွေ့ဆုံပွဲ ဖိတ်ကြားရန် တိုင်ပင်စဉ်က အခွန်ထမ်း ထိပ်တန်း ၁၀၀ ဖိတ်ခေါ်ရန် ဆုံးဖြတ်ခဲ့သော်လည်း တက်ရောက်လိုသူ များပြားနေသဖြင့် ၁၅၈ ဦးအထိ ဖိတ်ခဲ့ကာ ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံ့တာဝန်ကို အခွန်ထမ်းကာ ကျေပွန်ကြောင်း သက်သေပြ ဂုဏ်ယူကြသဖြင့် မြန်မာပြည်သူများနှင့် လုပ်ငန်းရှင်များ အနေဖြင့်လည်း အခွန်အပြည့်အဝထမ်း၍ နိုင်ငံ့တာဝန် ကျေပွန်သူများအဖြစ် ဂုဏ်ယူစေလိုကြောင်းနှင့် အခွန်အပြည့်အ၀ ထမ်းသဖြင့် ပြည်သူများ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရှိသည်ဟူသော မာန်မာနများ ထားစေလိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ စီးပွားရေး လုပ်ငန်းရှင်ကြီးများ အနေဖြင့် အခွန်ထမ်း၍ နိုင်ငံ့ဘဏ္ဍာ ပံ့ပိုးနေနိုင်မှုကို ဂုဏ်ယူနိုင်သူများ ဖြစ်စေလိုပြီး ကိုယ့်စီးပွားရေး ကိုယ့်အကျိုးအတွက် မဟုတ်ဘဲ နိုင်ငံ့အကျိုးအတွက် လုပ်ချင်သည့် စေတနာ ရှိမှသာ လမ်းမှန်ရောက်မည်ဖြစ်ပြီး စေတနာ မမှန်ပါက အစိုးရက မည်သည့်မူဝါဒ ချပေး ချပေး လမ်းမှန်ပေါ်သို့ လျှောက်နိုင်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။“တချို့က အရင်တုန်းကအတိုင်း ဆက်ပြီး သွားနေတာကို သတ္တိလို့ ထင်ကြတယ်။ ငါတို့တော့ စိတ်ထားမပြောင်းဘူးဟေ့ အရင်အတိုင်း အရင်အတိုင်းပဲဟေ့ ဆိုတာက ဘာမှ ဂုဏ်ယူစရာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လူမှန်နေရာမှန် ရှိရန် လိုအပ်မည်ဖြစ်ပြီး မြန်မာ့စီးပွားရေး လုပ်ငန်းရှင်ကြီးများအတွက် နေရာမှန်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ပေးရမည့် နေရာဖြစ်ပြီး ဖြောင့်ဖြောင့်မှန်မှန်လုပ်ရန် လိုအပ်မည် ဖြစ်ကြောင်းနှင့် ဖြောင့်ဖြောင့်မှန်မှန် လုပ်မလုပ် ကမ္ဘာက သိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။ 
အခွန်ထိပ်တန်း မဟုတ်သည့် ဦးနေရွေသွေးအောင် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်ကို တွေ့ရစဉ်ဒီမိုကရေစီ စနစ်တွင် မှန်မှန်ကန်ကန် လုပ်သူများမှာ မည်သူမျှ ကြောက်ရွံ့ရန် မလိုအပ်ကြောင်းနှင့် စီးပွားရေး နှေးကွေးနေကြောင်း ဝေဖန်မှုများအား လက်ခံကြောင်းနှင့် NLD အစိုးရလောက် မြန်ဆန်စွာ တိုးတက်စေချင်သူ မည်သူမျှ မရှိဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ထို့ပြင် အဂတိ လိုက်စားမှုများနှင့် ပတ်သက်၍ ထိန်းထားနိုင်ရန် တရားဥပဒေ စိုးမိုးမှု လိုအပ်မည်ဖြစ်ပြီး ဥပဒေက ခွင့်ပြုသလောက်သာ မှန်မှန်ကန်ကန် လုပ်ကိုင်ရမည် ဖြစ်ကြောင်းနှင့် တရားဥပဒေဘောင် အတွင်းမှ မှန်မှန်ကန်ကန် လုပ်ပါက မည်သူ့မျှ ကြောက်ရန် လိုမည် မဟုတ်ကြောင်းနှင့် အဂတိ လိုက်စားမှုများကို ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိ တိုင်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။“အဂတိလိုက်စားမှုတွေကို သတ္တိရှိရှိ ပွင့်ပွင့်လင်းလင်း တိုင်နိုင်ပါတယ်။ အစိုးရပိုင်း၊ ဌာနပိုင်းကို အသိပေးလို့ ကိုယ့်ကိုယ် မထိခိုက်စေရဘူးလို့ အာမခံပါတယ်။ ဒါပေမဲ့ ပစ်စာတွေကို အားပေးတာ မဟုတ်ပါဘူး။ တိုင်ရဲရင် တာဝန်ခံရဲရပါမယ်။ အားလုံးမှာ တာဝန်ရှိပါတယ်။ အောက်ကလူတွေက ကျွန်မကို ပြောပါတယ်။ ဝန်ကြီးတွေက သန့်ရှင်းပါတယ်။ အောက်က လူက အရင်အတိုင်း အရင်အတိုင်းပဲတဲ့။ အရင်အတိုင်း အရင်အတိုင်းဆို ဝန်ကြီးတွေကို အသိပေးရမယ်လေ။ ဝန်ကြီးတွေက ဖြောင့်မတ်တယ် ယုံကြည်ရင် အသိပေးရမယ်။ ဝန်ကြီးအောက်က ဘယ်သူ ဘာလုပ်နေပါတယ် ဆိုတာကို သတ္တိရှိရှိ အသိပေးပါ။ ကျွန်မတို့ဟာ တိုင်တဲ့သူကို ထုတ်မပြောပါဘူး။ သို့သော် ပစ်စာကို လက်မခံတာကြောင့်မို့ နာမည်တော့ ခံရမယ်။ ကျွန်တော် ကျွန်မဟာ ဘယ်သူ မှတ်ပုံတင်အမှတ် ဘယ်လောက်ပါ ပြောရပါမယ်။ မပြောဘဲ တိုင်တာဟာ ပစ်စာ မြောက်ပါတယ်။ ပစ်စာတော့ လက်ခံလို့ မဖြစ်ပါဘူး။ ကျွန်မတို့ နိုင်ငံအတွင်းမှာ အဂတိလိုက်စားမှု ပျောက်ကင်းသွားဖို့အတွက် တစ်ဦးချင်း တစ်ဦးချင်းမှာ တာဝန်ရှိတယ် ဆိုတာကို လက်ခံပြီး သိသင့်တာတွေကို အထက်ဝန်ကြီးများဆီ တင်ပြပေးပါလို့ မေတ္တာရပ်ခံပါတယ်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။ထို့ပြင် ဆန်ရှင်မှ လွတ်လာသော အခွင့်အရေးကို အသုံးချပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ အနေဖြင့် အများအကျိုးအတွက် လုပ်စေလိုကြောင်းနှင့် ကိုယ်ကျိုးအတွက် ဆက်လုပ်နေပါက အားလုံးက စောင့်ကြည့်နေမည်ကို သတိပြုစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး လုပ်ငန်းရှင်ကြီးများကို သတိပေးပြောကြားသည်။“စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားလိုက်ပြီ။ ဒီအခွင့်ကောင်းကိုလည်း အားလုံးကို ယူစေချင်ပါတယ်။ ဒီအခွင့်ကောင်းကို အများအတွက် ယူစေချင်ပါတယ်။ အားလုံးကနေ ကြည့်နေပါတယ်။ တစ်ကမ္ဘာလုံးက ကြည့်နေပါတယ်။ တစ်နိုင်ငံလုံးက ကြည့်နေပါတယ်။ အားလုံးကို ပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်ချိန်မှာ ကျွန်မတို့ စီးပွားရေး လုပ်ငန်းရှင်ကြီးများဟာ ရလာတဲ့ အခွင့်အရေးသစ်ကို နိုင်ငံ့အတွက် သုံးမှာလား။ ကိုယ်ကျိုးအတွက် သုံးမှာလား ဆိုတာကို အားလုံးက ကြည့်နေပါတယ်လို့ သတိပေးပါရစေ။ ရလာတဲ့ အခွင့်အရေး အားလုံးကို နိုင်ငံ့အတွက် သုံးမယ်ဆို ကျွန်မတို့ နိုင်ငံတင် မဟုတ်ဘူး။ ကျွန်မတို့ရဲ့ ဒေသနဲ့ တစ်ကမ္ဘာလုံးရဲ့ ဖွံ့ဖြိုးမှုတောင် ကျွန်မတို့ အထောက်အကူပြုတယ်လို့ ပြောနိုင်မှာ ဖြစ်ပါတယ်။ ဒီလို စီးပွားရေး လုပ်ငန်းရှင်ကြီးများ အနေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အစိုးရအဖွဲ့နဲ့ ကျွန်မတို့ကို ကူညီနေတဲ့ အလှူ ရှင်နိုင်ငံတွေနဲ့ ဟန်ချက်ညီညီ ဆက်ကြိုးစားမယ်ဆိုရင် ကျွန်မတို့ မျှော်မှန်းတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အမြန်ဆုံးရနိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံပြီး NLD အစိုးရ၏ စီးပွားရေးမူဝါဒများ ရှင်းလင်းသည် ဆိုသော်လည်း ယေဘုယျဆန်သော ရှင်းလင်းမှုများသာ ဆက်ဖြစ်နေပြီး ရှင်းလင်းပွဲတွင် ဘဏ်လုပ်ငန်း ကဏ္ဍကိုသာ ဦးတည်ထားသဖြင့် အခြားကဏ္ဍများအတွက် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်သူ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။ယခု ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနှင့် Property Tax Law တို့နှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။ အဆိုပါ ဥပဒေ သုံးခုတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ နှစ်ခုမှာ ပြင်ဆင်ရန် လိုအပ်နေခြင်းဖြစ်ပြီး ကျန်တစ်ခုမှာ အသစ်ရေးဆွဲ ပြဋ္ဌာန်းပေးရမည် ဖြစ်သည်။ ယင်းဥပဒေများ ပီပြင်မှု ရှိမှသာလျှင် ခေတ်အဆက်ဆက် ငွေကြေးခဝါချသူများနှင့် အခွင့်ထူးခံ ခရိုနီ လုပ်ငန်းရှင်ကြီးများကို ထိန်းချုပ်နိုင်မှာဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။  

Most Read

Most Recent