ပင်လယ်ပြင်၌ ဆီ၊ ရေနံ ယိုဖိတ်မှု ဖြစ်ပွားပါက တုံ့ပြန်ဆောင်ရွက်ခြင်း၊ ကြိုတင် ပြင်ဆင်ထားခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတွင် မြန်မာနိုင်ငံမှ အတည်ပြုပါဝင်ရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

ပင်လယ်ပြင်၌ ဆီ၊ ရေနံ ယိုဖိတ်မှု ဖြစ်ပွားပါက တုံ့ပြန်ဆောင်ရွက်ခြင်း၊ ကြိုတင် ပြင်ဆင်ထားခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတွင် မြန်မာနိုင်ငံမှ အတည်ပြုပါဝင်ရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု
 စက်တင်ဘာ ၂၃ ရက် လွှတ်တော် အစည်းအဝေးများအပြီး လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ်
စက်တင်ဘာ ၂၃ ရက် လွှတ်တော် အစည်းအဝေးများအပြီး လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ်
Published 24 September 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ပင်လယ်ပြင်၌ ဆီ၊ ရေနံ ယိုဖိတ်မှု ဖြစ်ပွားပါက တုံ့ပြန်ဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကြိုတင် ပြင်ဆင်ထားခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတွင် မြန်မာနိုင်ငံမှ အတည်ပြုပါဝင်ရန်  ပြည်ထောင်စုလွှတ်တော်က စက်တင်ဘာ ၂၃ ရက်က အတည်ပြုခဲ့သည်။ထိုသို့ ပင်လယ်ပြင်၌ ဆီ၊ ရေနံ ယိုဖိတ်မှု ဖြစ်ပွားပါက တုံ့ပြန်ဆောင်ရွက်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ကြိုတင်ပြင်ဆင်ထားခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (International Convention on Oil Pollution Preparedness, Response and Cooperation-OPRC 1990 Convention) တွင် မြန်မာနိုင်ငံမှ အတည်ပြု ပါဝင်ရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့ခြင်းဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်ငါးဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က သဘောမတူသူမရှိဘဲ အတည်ပြုခဲ့ခြင်း ဖြစ်သည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးက စက်တင်ဘာ ၁၆ ရက်က ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် OPRC 1990 Convention သည် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်၏ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ကာကွယ်တားဆီးခြင်းဆိုင်ရာ အရေးပါသော ကွန်ဗင်းရှင်းတစ်ခု ဖြစ်ကြောင်း၊ သင်္ဘောများ၊ ပင်လယ်ဆိပ်ကမ်းများ၊ ကမ်းလွန်ပင်လယ်ပြင်တွင်ရှိသည့် အဆောက်အအုံများနှင့် ဆီများ တင်ပို့သယ်ယူ လုပ်ဆောင်သော အဆောက်အအုံများမှ ဆီ၊ ရေနံ ယိုဖိတ်မှုဖြစ်ပွားခဲ့လျှင် ချက်ချင်း တုံ့ပြန်ပူးပေါင်းဆောင်ရွက် အရေးယူနိုင်စွမ်း ရှိစေရေး ကြိုတင်ပြင်ဆင်နိုင်ရန် ရည်ရွယ်ပြဋ္ဌာန်းသည့် ကွန်ဗင်းရှင်းဖြစ်ကြောင်း၊ ၎င်းကွန်ဗင်းရှင်းတွင် ပါဝင် လက်မှတ် ရေးထိုးပါက ပင်လယ်ပြင်တွင် ဆီ၊ ရေနံ ယိုဖိတ်မှုဖြစ်ပွားပါက တုံ့ပြန်ဆောင်ရွက်ရာ၌ အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းနိုင်ငံများမှ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် နှောင့်နှေးကြန့်ကြာမှု မရှိဘဲ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား သတင်းအချက်အလက်များ ဖလှယ်နိုင်ခြင်းကြောင့် ဒေသတွင်းနိုင်ငံများ၌ ဆီ၊ ရေနံယိုဖိတ်မှု ဖြစ်ပေါ်ပါက ချက်ချင်း သတင်းရရှိနိုင်သဖြင့် ကြိုတင်ပြင်ဆင် စီမံနိုင်ခြင်း၊ ကိုင်တွယ်ဆောင်ရွက်ရမည့် ပစ္စည်းကိရိယာများကို အခြားနိုင်ငံများနှင့် ဝေမျှသုံးနိုင်ခြင်းကြောင့် ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း၊ မိမိနိုင်ငံ၏ ဆိပ်ကမ်းများအတွင်း သို့မဟုတ် ကမ်းလွန်ဆိပ်ကမ်းများ၌ ရောက်ရှိသော သင်္ဘောများတွင် ဆီညစ်ညမ်းမှုကို ချက်ချင်းတုံ့ပြန်မည့် အရေးပေါ်အစီအမံများအား ကွန်ဗင်းရှင်းနှင့်အညီ စစ်ဆေးနိုင်ခွင့်ရှိခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သည်ဟု ရှင်းလင်းတင်ပြခဲ့သည်။

Most Read

Most Recent