ပြည်ထောင်စုအဆင့်ဝန်ကြီးများက အောက်ခြေက လိမ်ညာပြီး ပြောသည်များကို ဖြေကြားနေခြင်းသည် ပြည်သူအား မလေးစားရာ ကျသည်ဟု ထင်မြင်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား

ပြည်ထောင်စုအဆင့်ဝန်ကြီးများက အောက်ခြေက လိမ်ညာပြီး ပြောသည်များကို ဖြေကြားနေခြင်းသည် ပြည်သူအား မလေးစားရာ ကျသည်ဟု ထင်မြင်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 23 September 2016
စိုးမင်းထိုက်

ပြည်ထောင်စုအဆင့်ဝန်ကြီးများက အောက်ခြေက လိမ်ညာပြီး ပြောသည်များကို ဖြေကြားနေခြင်းသည် ပြည်သူကို မလေးစားရာ ကျသည်ဟု ထင်မြင်ကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၀ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက ပြောကြားသည်။
စက်တင်ဘာ ၂၃ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ၎င်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း အူရီဒူးတာဝါတိုင်များ စိုက်ထူထားခြင်းသည် ဥပဒေနှင့်ညီညွတ်မှု ရှိ မရှိ မေးမြန်းခဲ့ပြီး ဒုတိယဝန်ကြီး၏ ဖြေကြားမှုအပြီးတွင် ထပ်ဆင့်မေးခွန်းအဖြစ် မေးမြန်းစဉ် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးကျော်သန်းက “အုပ်ချုပ်မှု အပါအဝင် အိမ်နီးနားချင်းဒေသခံတွေ အပါအဝင်တွေကပါ သဘောတူပြီးတော့မှ လက်မှတ်ထိုးပြီးတော့ ပေးတယ်ဆိုတာ မဟုတ်ပါဘူးခင်ဗျာ။ ဒီလူတွေကို ဘယ်လို အသုံးချလဲဆိုတော့ ဘင်္ဂါလီတွေနေတဲ့ နေအိမ်တွေမှာ လာနေတဲ့သူတွေက အိမ်ပိုင်ရာပိုင် မဟုတ်ပါဘူး။ အဲဒီလူတွေကို လက်မှတ်ထိုးပြီး အသုံးချခဲ့တာပါ။ အထက်ကလည်း အောက်ခြေက ပြောတာတွေကိုပဲ လိုက်ပြီးလုပ်နေတဲ့အတွက် ယခင်အတိုင်းပါပဲဆိုတာ ပြည်သူတွေထဲမှာ ခံစားနေရပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ပြည်သူတွေက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့အသံကို လွှတ်တော်က နားထောင်ဖို့လိုအပ်ပါတယ်။ အခြားကျေးရွာတစ်ခုမှာလည်း ရွာသားတွေက သဘောတူတယ်ဆိုတာ မဟုတ်ပါဘူးခင်ဗျာ။ ကျွန်တော် ရဲရဲကြီး အာမခံပါတယ်။ ဒီလိုပဲ အောက်ခြေက လိမ်ညာပြီးတော့မှ ပြောနေတာတွေကို ပြည်ထောင်စုအဆင့် ဝန်ကြီးတွေက အောက်ခြေက ပြောတဲ့အတိုင်း ဖြေနေတာတွေကိုက ပြည်သူကို မလေးစားရာ ကျတယ်လို့ မြင်ပါတယ်” ဟု ပြောကြားသည်။
ထိုသို့ပြောကြားစဉ် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက “လိုရင်းပဲမေးပါ။ ဒါက မေးခွန်း မဟုတ်တော့ဘူး။ ဝေဖန်တာဖြစ်သွားပြီ” ဟု ပြောကြားသည်။
ဆက်လက်ပြီး ဦးကျော်သန်းက “ဒါကြောင့်မို့ အောက်ခြေအထိ ဆင်းပြီးတော့မှ လေ့လာသင့်ပါတယ်”ဟု ပြောကြားသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက “လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြသွားတဲ့ဟာက ပြည်သူများရဲ့ အမြင်အနေနဲ့ ကျွန်တော်လက်ခံပါတယ်။ ကျွန်တော်တို့က တစ်တိုင်းတစ်ပြည်လုံးမှာ တာဝါတိုင် ၁၃၀၀၀ ကျော် သတ်မှတ်ထားတာ ရှိပါတယ်။ ဆက်သွယ်ရေး ဥပဒေမှာဆိုရင် သက်ဆိုင်ရာမြေနဲ့ အဆောက်အအုံပိုင်ရှင်နဲ့ ညှိနှိုင်းပြီး ကာလသတ်မှတ်ချက် အပါအဝင် နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် ဆောင်ရွက်နိုင်သည်။ နောက်တစ်ခါ တာဝါတိုင် တည်ဆောက်ရင် အရပ်လေးမျက်နှာက အိမ်နီးချင်းတွေရဲ့ ထောက်ခံချက်၊ သက်ဆိုင်ရာ ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ သိရှိကြောင်း ထောက်ခံချက်တွေ တင်ပြမှ ကျွန်တော်တို့က ခွင့်ပြုတာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တင်ပြသွားသလို တချို့ကိစ္စရပ်တွေမှာတော့ မှန်ကန်မှု မရှိဘဲနဲ့ ပိုင်ရှင်ကိုယ်တိုင် မဟုတ်ဘဲ လုပ်တဲ့ဟာမျိုးတွေ ရှိကောင်း ရှိနိုင်ပါတယ်။ကျွန်တော်တို့ဆီ တိုင်စာတွေ လာပါတယ်။ အဲဒီတိုင်စာတွေကို အသေးစိတ် စိစစ်ပြီးတော့ ကွင်းဆင်းပြီး ဖြေရှင်းလျက်ရှိပါတယ်။ လိုအပ်ရင် ကုမ္ပဏီတွေရဲ့ပေါ့လျော့မှု၊ ချို့ယွင်းမှုတွေ ရှိရင်လည်း သတိပေးပြီး အရေးယူ ဆောင်ရွက်လျက် ရှိပါတယ်”ဟု ပြန်လည်ဖြေကြားသည်။

Most Read

Most Recent