လူ့အခွင့်အရေးချိုးဖောက်မှုကို အကာအကွယ်မပေးသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်အချို့အား ထိရောက်စွာ အရေးယူပေးပါရန် အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို ပြည်သူ့လွှတ်တော်၌ တင်သွင်း

လူ့အခွင့်အရေးချိုးဖောက်မှုကို အကာအကွယ်မပေးသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်အချို့အား ထိရောက်စွာ အရေးယူပေးပါရန် အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို ပြည်သူ့လွှတ်တော်၌ တင်သွင်း
Published 23 September 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမိုမြှင့်တင် စောင့်ရှောက်နိုင်ရန် လူ့အခွင့်အရေးချိုးဖောက်မှုကို အကာအကွယ်မပေးသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်အချို့အား ထိရောက်စွာ အရေးယူပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို စက်တင် ဘာ ၂၂ ရက်က  ပြည်သူ့လွှတ်တော်၌ တင်သွင်းသည်။
 
အဆိုပါ အရေးကြီးအဆိုကို ဒေါပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချိုက တင်သွင်းခဲ့ခြင်းဖြစ်ပြီး အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာက ထောက်ခံဆွေးနွေးသည်။
 
“နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်တော့မယ် ဆိုလို့ရှိရင် နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို အောက်တန်း နောက်တန်းကျအောင်၊ ပျက်စီးအောင်၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို လျစ်လျူရှုနေတဲ့ သူတွေဟာ ကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲရေးကို နောက်ပြန်ဆုတ်နေတယ်။ အတူတကွ လိုက်ပါဖို့ကို တွန့်ဆုတ်နေတယ်လို့ ကျွန်တော်တို့ သတ်မှတ်ရမှာဖြစ်ပါတယ်”ဟု ဦးဌေးဝင်းအောင်က အဆိုတင်သွင်းစဉ် ပြောကြားသည်။
 
ခေတ်ပြောင်းလဲသွားသည်နှင့်အမျှ မူကိုလည်း ပြောင်းလဲဖို့ ကြိုးစားရမည်ဖြစ်သကဲ့သို့ လိုအပ်ပါက လူများကိုလည်း ပြောင်းလဲဖို့ ကြိုးစားရမည်မှာ လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်သင့်လုပ်ထိုက်၊ မျက်နှာမူရမည့်အချက်ဟု ရှုမြင်ကြောင်း၊ ကော်မရှင်နှင့် ပတ်သက်၍ စည်းကမ်းတကျ ပြည်သူလူထုအကျိုးကို ဆောင်ရွက်နိုင်ရန်အတွက် ဥပဒေများ ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ကြောင်း၊ သို့ရာတွင် ဥပဒေပါ အချက်အလက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များကို ချိုးဖောက်ပါက ပြည်သူ၏ မျက်နှာကိုသာ ကြည့်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ချိုးဖောက်မှုများ၊ ပြည်သူလူထု၏ အခွင့်အရေးများကို ပိတ်ပင်တားဆီးမှုများ ပေါ်ပေါက်လာပါက လွှတ်တော်ကိုယ်စားလှယ်များက တင်ပြရမည့်တာဝန်ရှိကြောင်း၊ လက်ရှိတွင် သတင်းမီဒီယာများတွင် ဖော်ပြနေသည့် ညှဉ်းပန်းနှိပ်စက်မှုတစ်ရပ် ဖြစ်ပေါ်နေကြောင်း၊ ထို့ကြောင့် ယခုအရေးကြီးအဆိုကို တင်သွင်းရခြင်းဖြစ်ကြောင်း ဦးဌေးဝင်းအောင်က ပြောကြားသည်။
 
အဆိုပါ ညှဉ်းပန်းနှိပ်စက်ခံရသူများသည် မိန်းမသားများ ဖြစ်နေသကဲ့သို့ ကလေးသူငယ်များလည်း ဖြစ်နေကြောင်း၊ ဒဏ်ရာ ဒဏ်ချက်များ ရရှိအောင် ညှဉ်းပန်းနှိပ်စက်မှု၊ ကျွန်ပြုခံရမှု၊ လုပ်ခခေါင်းပုံဖြတ်ခံရမှုများ ဖြစ်ပေါ်နေသည်ကို သတင်းမီဒီယာများက ဖော်ထုတ်ကြိုးပမ်းခဲ့ကြောင်း၊ ယင်းကိစ္စကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ပေးပို့ခဲ့ကြောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးပေးရန် တောင်းဆိုခဲ့ကြောင်း၊ စက်တင်ဘာ ၁၅ ရက်က လူ့အခွင့်အရေးကော်မရှင်ရုံးတွင် သက်ဆိုင်သူများကို ခေါ်ယူကာ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းမှု တစ်ရပ်ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ဆွေးနွေးမှုတွင် ခေါင်းစဉ်ကို “အင်းဝအပ်ချုပ်ဆိုင်မှ အိမ်ဖော် အမျိုးသမီးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး ညှိနှိုင်းရန် မှတ်တမ်း”ဟု ခေါင်းစဉ်တပ်ခဲ့ကြောင်း၊ ထိုသို့ အမျိုးသမီးငယ်နှစ်ဦးအား ညှဉ်းပန်းနှိပ်စက်မှုမှန်း သိလျက်နှင့် ဥပဒေကြောင်းအရ နိုင်ငံသားများကို အကာအကွယ် မပေးခဲ့ကြောင်း၊ ထိုသို့ ညှိနှိုင်းပေးမှုသည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ရည်ရွယ်ချက်နှင့်လည်း လွဲချော်နေကြောင်း၊ နိုင်ငံတွင် ကျွန်ပြုခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကိုယ်အင်္ဂါပျက်ယွင်းအောင် ညှဉ်းပန်းနှိပ်စက်ခြင်း နှင့်ဝင်ငွေလုပ်ခများ ခေါင်းပုံဖြတ်ထားခြင်းတို့ကြောင့် ကလေးသူငယ် ရှုထောင့်၊ အလုပ်သမားအက်ဥပဒေ ရှုထောင့်မှ ကြည့်ပါကလည်း မည်သည့်အတွက်မျှ ကျေအေး၍ မရနိုင်သည့်ကိစ္စရပ်များဖြစ်ကြောင်း အဆိုရှင်က ထည့်သွင်းဆွေးနွေးသည်။
 
“အဲဒီလို ဘယ်လိုမှ ကျေအေးလို့ မရနိုင်တဲ့ ပုဒ်မတွေမှန်း သိလျက်သားနဲ့ ပြီးတဲ့အခါမှာ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာ ပါဝင်ကြတဲ့ ပုဂ္ဂိုလ်ကြီးများဟာ ယခင်ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အဆင့်မြင့်အရာရှိ၊ အကျဉ်းဦးစီးဌာနရဲ့ အဆင့်မြင့်အရာရှိတွေနဲ့ တာဝန်ထမ်းဆောင်နေစဉ်မှာ ဒီလိုညှဉ်းပန်းနှိပ်စက်မှုတွေဟာ အခုလိုမျိုး ကျေအေးလို့မရဘူးဆိုတာကို မသိခဲ့ဘူးလား တော်တော်စဉ်းစားစရာ ဖြစ်ပါတယ်။ 
ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ ပတ်သက်ပြီးတော့ တချို့လည်း ကြိုးစားပမ်းစား ဆောင်ရွက်နေကြတဲ့သူတွေ ရှိသလို တချို့ဟာလည်း တည်ဆဲဥပဒေတွေကို ချိုးဖောက်လိုက်တဲ့သူတွေ ရှိနေပြီဆိုတာ သွားပေါ်လွင်နေပါတယ်”ဟု ဦးဌေးဝင်းအောင်က အရေးကြီးအဆို တင်သွင်းစဉ်ပြောကြားသည်။
 
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးတွင် ဆွေးနွေးညှိနှိုင်းခဲ့စဉ်က ရဲတပ်ဖွဲ့သည် ယင်းကိစ္စသည် ကျွန်ပြုခြင်းဖြစ်ကြောင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း ဖြစ်ကြောင်း ကိုယ်အင်္ဂါချို့ယွင်းခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း 
Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ကိုဆွေဝင်းက ပြောသည်ဟု ဦးဌေးဝင်းအောင်က ပြောကြားခဲ့သည်။
 
ယင်းအဆိုနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက ထောက်ခံဆွေးနွေးရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့်နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ကျော်လွန်၍ မည်သို့မျှ လုပ်ပိုင်ခွင့်မရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)နိုင်ငံသားများ၏ မူလအခွင့်အရေးတွင် ပါဝင်သည့်ပုဒ်မ ၃၅၈ တွင် နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကို တားမြစ်သည်ဟု လည်းကောင်း၊ ပုဒ်မ ၃၅၉ တွင်လည်း နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကို ခံရသဖြင့် အလုပ်ဒဏ် ထမ်းဆောင်ခိုင်းခြင်းနှင့် အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်းမှ တစ်ပါး အဓမ္မစေခိုင်းခြင်းကို တားမြစ်သည်ဟု လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေအခန်း (၂) ရည်ရွယ်ချက် သုံးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးကို ပိုမိုကာကွယ်စောင့်ရှောက်ရန်ဟု ပါဝင်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် အဆိုပါအချက်ကို အလိုအလျောက် ကာကွယ်ရန် တာဝန်ရှိပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
 
အင်းဝအပ်ချုပ်ဆိုင် ဖြစ်စဉ်သည် ပုဒ်မ ၃၂၅ တုံးသော လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု၊ ပုဒ်မ ၃၂၆ အပြင်းအထန် နာကျင်စေမှုဖြစ်ပြီး ယင်းပုဒ်မများသည် ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ကျခံထိုက်ကြောင်း၊ ပုဒ်မ ၃၆၇ ထိုသူကို အပြင်းအထန်နာကျင်စေခြင်း သို့မဟုတ် ကျွန်ပြုခြင်းကိုဖြစ်စေ ၁၀ နှစ်အထိ ထောင်ဒဏ် ကျခံထိုက်ကြောင်း၊ ပုဒ်မ ၃၆၈ တွင်လည်း ခိုးယူခြင်း၊ မတရားသဖြင့် ဝှက်ပေးခြင်း၊ ချုပ်နှောင်ထားရန် အကြံဖြင့် ဝှက်သိမ်းခြင်း၊ ထိုသို့ ဝှက်သိမ်းရန် ချုပ်နှောင်ရန်အလို့ငှာ ခိုးယူပြီးသကဲ့သို့ဖြစ်ပြီး ယင်းပုဒ်မသည်လည်း ထောင်ဒဏ် ၁၀ နှစ် အထိ ကျခံထိုက်ကြောင်း၊ ယင်းပုဒ်မများသည် ရဲအရေးပိုင်မှုများဖြစ်ကာ တရားရုံးကသာ ကျေအေးခွင့်ပေးနိုင်ပြီး မည်သူမျှ ကျေအေးခွင့်မရှိကြောင်း၊ ထို့ကြောင့် တရားရုံး၏ လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လုပ်ဆောင်နေသည်ဟု စွပ်စွဲရမည် ဖြစ်ကြောင်း၊ ကော်မရှင်၏ လုပ်ပိုင်ခွင့်တွင်လည်း ကော်မရှင်သည် လူ့အခွင့်အရေးဖောက်ဖျက်ကြောင်း တိုင်တန်းချက်များကို စွပ်စွဲချက်များနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရမည်ဟု ပါဝင်ကြောင်း၊ တိုင်တန်းချက်ပါ အကြောင်းခြင်းရာသည် ညှိနှိုင်း၍ရသော အလားအလာရှိသည်ဟု ယူဆရပါက ညှိနှိုင်းဖြေရှင်းသော နည်းလမ်းကို အသုံးပြုပြီး ဖြေရှင်း ဆောင်ရွက်ရမည်။ ထိုသို့ ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့်အညီသာ ဖြစ်စေရမည်ဟု ပါဝင်ကြောင်း၊ ယခုဖြေရှင်းဆောင်ရွက်မှုသည် တည်ဆဲဥပဒေများကို ကျော်လွန်ဖောက်ဖျက်ခြင်းသာ ဖြစ်ကြောင်း ဒေါ်သန္တာက ပြောကြားသည်။
 
“ဒီအတွက်ကြောင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ အမှုနဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်ဆောင်ရွက်ရမယ့် အဖွဲ့အစည်းက ကျူးလွန်သူတွေကို အမှုပိတ်သိမ်းအောင် ကျူးလွန်သူများကို သက်သာခွင့်ရအောင် ဆောင်ရွက်ပေးနေသကဲ့သို့ ရှိနေပါတယ်ရှင့်။ ညှိနှိုင်းဆောင်ရွက် ကျေအေးမှုတွေကိုလည်း တရားရုံးသွင်းဖို့ပဲ သူဟာ အကြံဉာဏ်ပေးသင့်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေအခန်း (၄) မှာ ကော်မရှင်အဖွဲ့၏ ရာထူးသက်တမ်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှ ရပ်စဲခြင်းနှင့် လစ်လပ်ရာထူးများအတွက် ဖြည့်စွက်ခန့်ထားခြင်း ဆိုတဲ့အခန်း ပုဒ်မ ၁၈ မှာ နိုင်ငံတော်သမ္မတသည် ကော်မရှင်အဖွဲ့ဝင် တစ်ဦးဦးအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်းပြီး အောက်ပါအခြေအနေ တစ်ရပ်ရပ်ပေါ်ပေါက်လာပါက တာဝန်မှ ရပ်စဲနိုင်သည်ဟုပါ ပါတယ်။ (ဃ) မှာ ကော်မရှင်မှ ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း၊ ပုဒ်မ ၃၄ ပါ စည်းကမ်းချက်ကို လိုက်နာရန် ပျက်ကွက်တဲ့အတွက် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချို တင်သွင်းသွားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးကို ပိုမိုမြှင့်တင် ကာကွယ်စောင့်ရှောက်နိုင်ရန် လူ့အခွင့်အရေးချိုးဖောက်မှုကို အကာအကွယ်မပေးသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်အချို့အား ထိရောက်စွာ အရေးယူပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်နိုင်ရန် ပြည်သူများ၏ ကိုယ်စား ထောက်ခံတင်ပြအပ်ပါတယ်”ဟု ဒေါ်သန္တာ က ထောက်ခံဆွေးနွေးသည်။
 
ထို့နောက် အဆိုပါအရေးကြီးအဆိုနှင့် ပတ်သက်၍ လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ရာ သဘောမတူသူ မရှိသည့်အတွက် ဆက်လက်ဆွေးနွေးရန် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီး အဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များအနေဖြင့် စက်တင်ဘာ ၂၃ ရက် ညနေ ၄ နာရီ နောက်ဆုံးထား အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် က ကြေညာထားသည်။

Most Read

Most Recent