နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကြမ်း ပြည်သူ့လွှတ်တော် အတည်ပြု

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကြမ်း ပြည်သူ့လွှတ်တော် အတည်ပြု
Published 21 September 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က စက်တင်ဘာ ၂၀ ရက်တွင် တစ်ပိုဒ်ချင်းအလိုက် ဆွေးနွေး အတည်ပြုခဲ့သည်။
 
ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းတွင် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုဆိုသည်မှာ နိုင်ငံသားတစ်ဦး၏ ဥပဒေနှင့်အညီ လွတ်လပ်စွာ သွားလာဆောင်ရွက်ခွင့်၊ လွတ်လပ်စွာ နေထိုင်နိုင်ခွင့်နှင့် လွတ်လပ်စွာပြောဆိုခွင့်ကို ဆိုသည်ဟု လည်းကောင်း၊ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုဆိုသည်မှာ နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များ လုံခြုံ မှုကိုဆိုသည်၊ ယင်းစကားရပ်တွင် နိုင်ငံသားတစ်ဦး၏ နေအိမ်ဥပစာ လုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုတို့ ပါဝင်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
 
အဆိုပါ ဥပဒေကြမ်းအရ ပြည်ထဲရေးဝန်ကြီးဌာနသည် တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပြီး မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီ မှတစ်ပါး ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရန် အကာအကွယ်ပေးရမည်ဟု သိရသည်။
 
ဥပဒေကြမ်း၏ အခန်း (၄) တားမြစ်ချက်များတွင် မည်သူမျှ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စ မှတစ်ပါး တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခြင်း မပြုရဟု ထည့်သွင်း အတည်ပြုခဲ့သည်။
 
ထို့အတူ မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့် တစ်စုံတစ်ရာမရရှိဘဲ နိုင်ငံသားတစ်ဦး၏ နေအိမ်၊ နေအိမ်အဖြစ် အသုံးသော အခန်း၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆောက်အအုံအတွင်း ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတစ်ဦးဦးအား ဖမ်းဆီးခြင်းမပြုရ၊ နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံ မှုကို အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံစမ်းထောက်လှမ်းခြင်း မပြုရ၊ ပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦးအကြား ဆက်သွယ်ရေးပစ္စည်းကိရိယာ တစ်မျိုးမျိုးဖြင့် ဆက်သွယ်ပြောကြားခြင်းကို ကြားဖြတ်ဖမ်းယူ နားထောင်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် အနှောင့်အယှက်ပေးခြင်း မပြုရ၊ ဆက်သွယ်ရေး အော်ပရေတာများထံမှ ပုဂ္ဂိုလ်ဆိုင်ရာ တယ်လီဖုန်းနှင့် အီလက်ထရွန်နစ်ဆက်သွယ်ရေး သတင်းအချက်အလက်များအား တောင်းယူခြင်း၊ ထုတ်ပေးခြင်း မပြုရ၊ အခြားသူ၏ ပုဂ္ဂိုလ်ဆိုင်ရာ ကိစ္စအလို့ငှာ ဆက်သွယ်ပေးပို့သည့် စာပေး စာယူ၊ စာအိတ်၊ ချောထုပ်၊ ပါဆယ်ထုပ်တစ်ခုခုကို ဖွင့်ဖောက်ခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မပြုရ၊ နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာကိစ္စများတွင် အဓမ္မဝင်ရောက် စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာ ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်း မပြုရ၊ နိုင်ငံသားတစ်ဦး၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်းကိုသော် လည်းကောင်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုသော် လည်းကောင်း မတရားသိမ်းယူခြင်း သို့မဟုတ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တမင်ပျက်စီးစေခြင်း သို့မဟုတ် ဖျက်ဆီးစေခြင်း မပြုရဟု ဥပဒေကြမ်းတွင် ထည့်သွင်းအတည်ပြုခဲ့သည်။
 
တရားစီရင်ရေးကိစ္စများတွင် သက်သေအဖြစ် အသုံးပြုရန်မှအပ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တစ်ဦး နှင့်တစ်ဦး တိုက်ရိုက် ဆက်ဆံပြောဆိုရာတွင် လည်းကောင်း၊ ဆက်သွယ်ရေး ပစ္စည်းကိရိယာ တစ်မျိုးမျိုးဖြင့် ဆက်သွယ်ပြောဆိုရာတွင် လည်းကောင်း အသံဖမ်းခြင်း သို့မဟုတ် ရုပ်သံမှတ်တမ်း တင်ခြင်း ပြုလုပ်ပြီး လူတစ်ဦး တစ်ယောက်၏ ဂုဏ်သိက္ခာကျဆင်းစေရန် သို့မဟုတ် အကျိုးစီးပွား နစ်နာစေရန် ဆောင်ရွက်ခြင်းမပြုရဟု အတည်ပြုခဲ့သည်။
 
အဆိုပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ် ချမှတ်နိုင်သည်ဟု ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။
 
အလားတူ တားမြစ်ချက်များတွင် တည်ဆဲဥပဒေ တစ်ရပ်ရပ်၌ အတိအလင်း ခွင့်ပြုထားခြင်း မရှိလျှင် မည်သူမျှ နိုင်ငံတော်သမ္မတ၏ ကြိုတင်ခွင့်ပြုမိန့် သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုမိန့် မရရှိဘဲ နိုင်ငံသားတစ်ဦးဦးအား လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း၊ စုံစမ်းခြင်း၊ ဝင်ရောက်ရှာဖွေ သိမ်းဆည်းခြင်း သို့ မဟုတ် ဖမ်းဆီးခြင်းမပြုရ ဟု အတည်ပြုခဲ့ပြီး မည်သည့်ရဲတပ်ဖွဲ့စခန်းမှူးမဆို ဤဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် တိုင်တန်းချက်ကို လက်ခံရရှိလျှင်ဖြစ်စေ၊ သတင်းပေးချက်ကို လက်ခံရရှိလျှင်ဖြစ်စေ၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၅၄ နှင့်အညီ အရေးယူ ဆောင်ရွက်ပေးရမည်ဟု ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည့် ဥပဒေကြမ်းအရ သိရသည်။
 
အဆိုပါတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး ငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ် ၂၅ သိန်းအထိ ငွေဒဏ် ချမှတ်နိုင်သည်ဟု ပြစ်ဒဏ်များတွင် ထည့်သွင်းအတည်ပြုခဲ့သည်။
 
 

Most Read

Most Recent