ရန်ကုန်-ဒလတံတားကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ပြီးစီးရန် စီစဉ်ရေးဆွဲထားကြောင်း ဆောက်လုပ်ရေးဝန်ကြီး လွှတ်တော်၌ ရှင်းလင်း

ရန်ကုန်-ဒလတံတားကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ပြီးစီးရန် စီစဉ်ရေးဆွဲထားကြောင်း ဆောက်လုပ်ရေးဝန်ကြီး လွှတ်တော်၌ ရှင်းလင်း
Published 20 September 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ရန်ကုန်-ဒလတံတားကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ပြီးစီးရန် စီစဉ်ရေးဆွဲထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြည်သူ့လွှတ်တော်၌ ရှင်းလင်းပြောကြားသည်။
 
ဝန်ကြီးဦးဝင်းခိုင်က နေပြည်တော်တွင် စက်တင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၏ မေးခွန်းအား ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
 
ဒလမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက “ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ EDCF ချေးငွေနှင့် မြန်မာအစိုးရ ထည့်ဝင်ငွေတို့ဖြင့် တည်ဆောက်မည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလ-ရန်ကုန်တံတား တည်ဆောက်ရေးနှင့် ပတ်သက်၍ မူလရေးဆွဲထားသော တံတားဒီဇိုင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် JICA တို့ ပူးပေါင်းရေးဆွဲနေသော 2040 Yangon City Plan  နှင့် ဆန့်ကျင်ဘက်ဖြစ်ခြင်း၊ ယာဉ်ကြောကျပ်တည်းမှုများ ဖြစ်ပေါ်ခြင်းများကြောင့် တံတားစီမံကိန်း ရပ်ဆိုင်းရပါက အခြားနေရာတွင် ဒလ-ရန်ကုန်တံတား သို့မဟုတ် မြစ်ဖြတ်ရေးလိုဏ်ခေါင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် မူလစီမံကိန်းအတိုင်း တံတားဆက်လက် ဆောက်မည်ဆိုပါက တံတားတည်ဆောက်မည့် အစီအစဉ်တို့ကို သိရှိလိုခြင်း”တို့နှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
 
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလ- ရန်ကုန်တံတား တည်ဆောက်ရေးနှင့် ပတ်သက်၍ မူလရေးဆွဲထားသော တံတားအူကြောင်းနှင့် တံတားဒီဇိုင်းသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် JICA တို့ပူးပေါင်းရေးဆွဲနေသည့် 2040 Yangon City Plan ၌ မပါဝင်သော်လည်း JICA မှ 2040 Yangon Strategic Urban Development Plan (SUDP) စီမံကိန်းရေးဆွဲခြင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒလချစ်ကြည်ရေးတံတား တည်ဆောက်ရေး စီမံကိန်းနှစ်ခုသည် ၂၀၁၃-၂၀၁၄ ခုနှစ်တွင် တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဦးဝင်းခိုင်က ရှင်းပြသည်။
 
လက်ရှိတွင် JICA မှ  2040 Yangon Strategic Urban Development Plan (SUDP)  ကို ရန်ကုန်မြို့၏ လက်ရှိအခြေအနေများ၊ အနာဂတ် လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ပြန်လည်ပြင်ဆင်ရေးဆွဲခြင်းကို ဆောင်ရွက်နေကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ကိုရီးယားနိုင်ငံ KOICA အကူအညီဖြင့် ရန်ကုန်အနောက်တောင်ပိုင်းဒေသနှင့် ရန်ကုန်-ဟံသာဝတီ-ပဲခူး စင်္ကြံန်ဖွံ့ဖြိုးရေး ပင်မစီမံကိန်းရေးဆွဲခြင်း စီမံကိန်း ၂၀၁၅-၂၀၁၇ ကို ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ စီမံကိန်း(၂)ခု ချိတ်ဆက်ပေါင်းစပ်မှု ရှိစေရန်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ JICA Project Team  နှင့် KOICA Team တို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဦးဝင်းခိုင်က ဆိုသည်။
 
“မူလစီမံကိန်းအတိုင်း တံတားတည်ဆောက်ရန် လမ်းအူကြောင်း (၃) ခု ရွေးချယ်လျာထားခဲ့ပြီး ယခုရွေးချယ်ထားသော ရန်ကုန်ဘက်ကမ်း လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနဲ့ ဒလဘက်ကမ်း ဒလမြို့နယ်၊ ကမာကဆစ် ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ်ထားတဲ့ လမ်းအူကြောင်းဟာ ထိခိုက်မှုအနည်းဆုံး လမ်းကြောင်းဖြစ်တဲ့အတွက် ရွေးချယ်ထားခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
 
ရန်ကုန်-ဒလတံတားစီမံကိန်း စတင်နိုင်ရန် အတိုင်ပင်ခံကုမ္ပဏီ ရွေးချယ်ခြင်းအနေဖြင့် Consultant Contract Agreement စာချုပ် ချုပ်ဆိုနိုင်ရေးကို စာချုပ်ပါ အချက်အလက်များအား ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ သဘောထားမှတ်ချက် ရရှိပြီးဖြစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြသွားမှာဖြစ်ကြောင်း၊ အတည်ပြုချက်ရပါက အတိုင်ပင်ခံကုမ္ပဏီနှင့် Contract Agreement ချုပ်ဆိုသွားမည်ဖြစ်ကြောင် ဦးဝင်းခိုင်က ရှင်းလင်း တင်ပြသည်။
 
အတိုင်ပင်ခံကုမ္ပဏီမှ အသေးစိတ်ပုံစံ ရေးဆွဲခြင်းလုပ်ငန်းများမှာ ရှစ်လခန့် ကြာမြင့်မည်ဖြစ်ပြီး ကန်ထရိုက်ရွေးချယ်ခြင်းမှာလည်း လေးလခန့် ကြာမြင့်မည်ဖြစ်ကာ ကန်ထရိုက်တာရွေးချယ်ပြီးပါက တံတားတည်ဆောက်ရေးလုပ်ငန်းကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
“ဒလတံတားအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပြီးစီးရန် စီစဉ်ရေးဆွဲထားပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
 
တံတားတည်ဆောက်စဉ် ကာလအတွင်း ယာဉ်ကြောကျပ်တည်းမှု အနည်းဆုံးဖြစ်စေရေးအတွက် ကိုရီးယားအတိုင်ပင်ခံကုမ္ပဏီနှင့် Traffic Management ကို အသေးစိတ် တွက်ချက်စီစဉ်သွားမည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားသည်။
 
ဆက်လက်ပြီး ဝန်ကြီးဦးဝင်းခိုင်က “အခြားနေရာမှာ ဒလ-ရန်ကုန်တံတား သို့မဟုတ်   မြစ်ဖြတ်ရေးလှိုဏ်ခေါင်း တည်ဆောက်ပေးရန် စီစဉ်ထားခြင်း မရှိပါ” ဟု ရှင်းလင်းသည်။                 
 
 

Most Read

Most Recent