အများပြည်သူ အကျိုးစီးပွားကို ကာကွယ်ပေးရန် ရဲအက်ဥပဒေများ ပေါင်းစည်း၍ ပြင်ဆင်ရေးဆွဲထားသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေမူကြမ်းကို လွှတ်တော်သို့ တင်ပြနိုင်ရေး ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဒုဝန်ကြီး လွှတ်တော်၌ ရှင်းလင်း

အများပြည်သူ အကျိုးစီးပွားကို ကာကွယ်ပေးရန် ရဲအက်ဥပဒေများ ပေါင်းစည်း၍ ပြင်ဆင်ရေးဆွဲထားသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေမူကြမ်းကို လွှတ်တော်သို့ တင်ပြနိုင်ရေး ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဒုဝန်ကြီး လွှတ်တော်၌ ရှင်းလင်း
Published 19 September 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

လက်ရှိခေတ်စနစ်နှင့် ကိုက်ညီစေရန် အများပြည်သူ အကျိုးစီးပွားကို ကာကွယ်ပေးရန်အတွက် ရဲအက်ဥပဒေများ ပေါင်းစည်း၍ ပြင်ဆင်ရေးဆွဲထားသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေမူကြမ်းကို လွှတ်တော်သို့ တင်ပြနိုင်ရေး ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။
ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက နေပြည်တော်တွင် စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်၏ မေးခွန်းအား ဖြေကြားရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားသည်။
ကော့သောင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ဇော်က “၁၉၄၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ရဲအက်ဥပဒေ (The Police Act 1945) အား ခေတ်နှင့်လျော်ညီသော ဥပဒေဖြစ်အောင် ပြုပြင်ရေးဆွဲရန် အစီအစဉ်ရှိ၊ မရှိ” တို့နှင့်ပတ်သက်၍ မေးမြန်းခဲ့ခြင်းဖြစ်သည်။
“၁၉၄၅ ခုနှစ် ရဲအက်ဥပဒေ ပြဋ္ဌာန်းချက်များဟာ အများပြည်သူ အကျိုးကို ကာကွယ်စောင့်ရှောက် ပေးထားပြီး ရာဇဝတ်မှု ကျူးလွန်နိုင်ခြင်းကို ကြိုတင်ကာကွယ် တားဆီးနိုင်ဖို့ ရဲတပ်ဖွဲ့ဝင်များက အရေးယူ ဆောင်ရွက်နိုင်အောင် ပြဋ္ဌာန်းထားချက်ကို တွေ့ရပါတယ်။ ဒီရဲအက်ဥပဒေ ပြဋ္ဌာန်းစဉ်ကာလက အာဏာသက်ရောက်တဲ့ မြို့ကျေးရွာ အမည်ပေါင်း ၂၂၀ ကို သတ်မှတ် ပြဋ္ဌာန်းခဲ့ပါတယ်။ အာဏာသက်ရောက်တယ် ဆိုတဲ့ ဒေသများမှာ ချင်းပြည်နယ်နဲ့ ကယားပြည်နယ် မပါရှိဘူး ဆိုတဲ့အကြောင်း ကျွန်တော်တို့ ဝမ်းနည်းစရာ တွေ့ရပါတယ်။ ကျွန်တော်တို့ တနင်္သာရီတိုင်းဒေသမှာ မြို့နယ် ၁၀ မြို့နယ် ရှိပါတယ်။ ဒါပေမဲ့ ရဲအက်ဥပဒေ အာဏာသက်ရောက်စေရန် ပြဋ္ဌာန်းတဲ့ အချိန်က ရဲအက်ဥပဒေ အာဏာသုံးမြို့သာ အာဏာသက်ရောက်တာကို တွေ့ရပါတယ်။ ကျန်ခုနစ်မြို့က အာဏာသက်ရောက်မှု မရှိပါဘူး” ဟု ဦးခင်ဇော်က ဆွေးနွေးတင်ပြသည်။
ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ပြစ်မှုများကြိုတင် ကာကွယ်ရေးနှင့် ပြစ်မှုများ လျော့နည်းကျဆင်းရေး တို့အတွက် ၁၈၉၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ရန်ကုန်ရဲအက်ဥပဒေနှင့် ၁၉၄၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ရဲအက်ဥပဒေတို့ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“၁၈၉၉ ရန်ကုန်ရဲအက် ဥပဒေဟာ ၁၈၉၉ ခုနှစ် ဇွန်လ ၁၅ ရက်က စတင်ပြီး အာဏာသက်ရောက်ပြီးတော့ အာဏာသက်ရောက်တဲ့ နေရာဟာ ရန်ကုန်မြို့ နယ်နိမိတ်အတွင်းသာ အာဏာ သက်ရောက်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် ရဲအက်ဥပဒေ ပုဒ်မ ၃၅မှ ပုဒ်မ ၄၁အထိ အကြုံးဝင်သော မြို့၊ ရပ်ကွက်၊ ကျေးရွာများကိုလည်း ၁၉၄၇ ခုနှစ် မေ ၂၂ ရက်မှာ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာ အမှတ် ၄၂၁၊ ၄၂၂ တို့နဲ့လည်း ထုတ်ပြန်ကြေညာခဲ့ပြီး ရဲအက်ဥပဒေမှာ အာဏာမတည်တဲ့မြို့၊ ကျေးရွာများရဲ့ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ရာမှာလည်း ရာဇသတ်ကြီးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ အထူးနှင့် အထွေထွေ ဥပဒေများ၊ ဒေသန္တရဥပဒေများနှင့်လည်း ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။
ဆက်လက်ပြီး ဗိုလ်ချုပ်အောင်စိုးက “ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် ရဲအက်ဥပဒေများကို လက်ရှိခေတ်စနစ်နဲ့ ကိုက်ညီစေရန် အများပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးရန်၊ ပြည်သူများ လေးစားလိုက်နာနိုင်မယ့် ဥပဒေဖြစ်စေရန်အတွက် ၁၈၉၉ ခုနှစ် ရန်ကုန်ရဲအက်ဥပဒေနဲ့ ၁၉၄၅ ခုနှစ် ရဲအက်ဥပဒေ နှစ်ရပ်ပေါင်း ပေါင်းစည်းပြီးတော့ ပြင်ဆင်ရေးဆွဲထားပြီး မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ ဥပဒေမူကြမ်းကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ဥပဒေအကြံပြု သဘောထား မှတ်ချက်များ ရယူပြီးတော့ ပြည်ထဲရေး ဝန်ကြီးဌာနကနေ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှာ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ပြီး ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထိုသို့တင်ပြမှုအပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေမူကြမ်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေး အဖွဲ့မှ အကြံပြုချက်များနှင့်အညီ လုပ်ထုံးလုပ်နည်းများအတိုင်း အဆင့်ဆင့်တင်ပြပြီး အကြံပြုချက်၊ လမ်းညွှန်ချက်များ ခံယူကာ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။
“ထို့ပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဥပဒေ အသစ်ကို မပြဋ္ဌာန်းနိုင်မီ ကာလအတွင်းမှာ ၁၉၄၅ ခုနှစ် ရဲအက်ဥပဒေကို လတ်တလော တစ်နိုင်ငံလုံး အာဏာတည်စေရေး အတွက်ကို ၁၉၆၃ ခုနှစ် တရားဥပဒေများ အာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်း ဥပဒေအရ နိုင်ငံတော်သမ္မတမှ အမိန့်ထုတ်ပြန် ကြေညာနိုင်စေရေး အတွက် ပြည်ထဲရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၁၆ ခုနှစ် သြဂုတ် ၂၆ရက်မှာ နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့တဲ့ အခါမှာ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ သဘောထား မှတ်ချက်နဲ့အတူ ပြန်လည်တင်ပြရန် ညွှန်ကြားခဲ့တဲ့အတွက် ပြည်ထဲရေး ဝန်ကြီးဌာနအနေနဲ့ ရဲအက်ဥပဒေ တစ်နိုင်ငံလုံး အာဏာတည်စေရေးနဲ့ စပ်လျဉ်းပြီးတော့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ သဘောထားမှတ်ချက်များ ရယူပြီး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေမူကြမ်းအသစ် ပြင်ဆင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ပြီး အတည်ပြု မပြဋ္ဌာန်းနိုင်မီ ကာလအတွင်း ၁၉၄၅ ခုနှစ် ရဲအက်ဥပဒေကို တစ်နိုင်ငံလုံး အာဏာတည်စေရေး အတွက် ၁၉၆၃ ခုနှစ် တရားဥပဒေများ အာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်း ဥပဒေအရ နိုင်ငံတော်သမ္မတမှ အမိန့်ထုတ်ပြန်နိုင်ရေး အတွက် ပြည်ထဲရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းသည်။   
 

Most Read

Most Recent