ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံတကာပုဂ္ဂိုလ် သုံးဦး ပါဝင်နေခြင်းကို ကန့်ကွက်ကြောင်းနှင့် ကော်မရှင်အား ဖျက်သိမ်းပေးရန် ရခိုင်အမျိုးသားပါတီ တောင်းဆို

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံတကာပုဂ္ဂိုလ် သုံးဦး ပါဝင်နေခြင်းကို ကန့်ကွက်ကြောင်းနှင့် ကော်မရှင်အား ဖျက်သိမ်းပေးရန် ရခိုင်အမျိုးသားပါတီ တောင်းဆို
Published 25 August 2016
ကျော်ဇင်ဝင်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံတကာ ပုဂ္ဂိုလ်သုံးဦး ပါဝင်နေခြင်းအား ကန့်ကွက်ကြောင်းနှင့် ကော်မရှင်အား ဖျက်သိမ်းပေးရန် တောင်းဆိုကြောင်း ရခိုင်အမျိုးသားပါတီက  သြဂုတ် ၂၅ ရက်တွင် သဘောထား ကြေညာချက် ထုတ်ပြန်သည်။
အဆိုပါ ကြေညာချက်တွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းကြောင်း သတင်းထုတ်ပြန်ခဲ့ကြောင်း၊ ယင်းသတင်း ထုတ်ပြန်ချက်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရှိ ဌာနေတိုင်းရင်းသား အားလုံး၏ မူလအခွင့်အရေးများကို ထိခိုက်ဆုံးရှုံးစရာ ရောက်သည်သာမက နိုင်ငံ၏ အချုပ်အခြာ အာဏာကိုပင် ထိခိုက်လာနိုင်သော အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်ဟု ရခိုင်အမျိုးသားပါတီမှ ရှုမြင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ပြည်သူအများစုက ရွေးချယ်တင်မြှောက်ထားသော အစိုးရသစ်တစ်ရပ် အနေဖြင့် အလွန်အရေးကြီးသော ပြည်တွင်းငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေး စသည့်ကဏ္ဍများကို ဦးစားပေး လုပ်ဆောင်ရမည့်အစား အလွန်ထိလွယ် ရှလွယ်သော ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီအရေးကိုသာ ရှေ့တန်းတင်ဇောင်းပေး လုပ်ဆောင်နေခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိပါးခြင်းများ ဖြစ်လာနိုင်သည်ဟု ရခိုင်အမျိုးသားပါတီမှ သုံးသပ်ရှုမြင်သဖြင့် ပါတီ၏ သဘောထားအား  ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
ရခိုင်ပြည်နယ်ရှိ နိုင်ငံသားများ၏ လုံခြုံရေးနှင့် အခွင့်အရေးများအား အာမခံချက် အပြည့်အ၀ ပေးနိုင်ရန် အခြေအနေ မရှိသည့်အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ရခိုင်တို့၏ နောက်ခံသမိုင်းနှင့် ဖြစ်တည်နေမှုကို နားလည်နိုင်စွမ်း မရှိနိုင်သည့်  နိုင်ငံတကာမှ ပုဂ္ဂိုလ်သုံးဦး ပါဝင်နေခြင်းအား လုံးဝကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့အတူ ထုတ်ပြန်ချက်၌ ကော်မရှင်အနေဖြင့် ပြည်ပနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခံယူသူများ၏ ပင်ရင်းနိုင်ငံနှင့် နောက်ခံအကြောင်းအရာ အပါအဝင် နိုင်ငံတကာ ဆက်နွှယ်မှု အချို့ကိုလည်း သုံးသပ်သွားမည်ဟု ဆိုခြင်းမှာ ရခိုင်တိုင်းရင်းသားများ၏ အခန်းကဏ္ဍကို လုံးဝမျက်ကွယ်ပြုကာ အလွန်အမင်း ဘက်လိုက် ဆောင်ရွက်ရာ ရောက်မည် ဖြစ်သည့်အတွက် ဤကော်မရှင်၏ လုပ်ငန်းစဉ်များကို ကျွနု်ပ်တို့ပါတီမှ စိုးရိမ်ပြီး လုံးဝအယုံအကြည် မရှိကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ပြဿနာမှာ ဘင်္ဂါလီလူမျိုးများ တရားမဝင် ဝင်ရောက်နေထိုင်မှုကို အခြေခံ၍ လူမျိုးအမည် အသစ်တစ်ခုဖြင့် နိုင်ငံသား/တိုင်းရင်းသား ဖြစ်လိုသော ရခိုင်နယ်မြေဒေသကို အပိုင်စီးလိုသော ပြဿနာ ဖြစ်ပွားလာရခြင်းကို အစိုးရ အဆက်ဆက်က ဥပဒေနှင့်အညီ မဖြေရှင်းခဲ့ခြင်းကြောင့် ရှုပ်ထွေးနေသော ပြည်တွင်းရေး ပြဿနာရပ်သာ ဖြစ်ကြောင်း ဖော်ပြထားသည်။
ယခင်အစိုးရ အနေဖြင့် ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဆောင်ရွက် စေခဲ့ပြီး အစီရင်ခံစာ ထုတ်ပြန်ထားပြီးလည်းဖြစ်ရာ ကော်မရှင်အသစ်တစ်ရပ် ထပ်မံဖွဲ့စည်းရန်  မလိုအပ်တော့ဘဲ ထုတ်ပြန်ပြီး အစီရင်ခံစာကို အခြေခံ၍ သုံးသပ်အဖြေရှာ ဖြေရှင်းကြရန်သာ လိုအပ်ပြီး ပြည်တွင်းရေး ကိစ္စကို နိုင်ငံတကာ ကိစ္စရပ်အဖြစ် ပုံဖော်လိုက်ရာ ရောက်စေသော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အား ဖျက်သိမ်းပေးရန် ရခိုင်အမျိုးသားပါတီ၏ ကြေညာချက်တွင် တောင်းဆိုထားသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကိုဖီအာနန် ဖောင်ဒေးရှင်း တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း တစ်ဦးဖြစ်သူ နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး ကော်မရှင်တွင် ကိုဖီအာနန် အပါအဝင် နိုင်ငံတကာပုဂ္ဂိုလ် သုံးဦးနှင့် မြန်မာနိုင်ငံသားပုဂ္ဂိုလ် ခြောက်ဦး စုစုပေါင်းကိုးဦး ပါဝင်မည်ဖြစ်သည်။
အဆိုပါကော်မရှင်ကို ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသည့် အရေးကိစ္စများကို ဖြေရှင်းနိုင်မည့် ရေရှည်နည်းလမ်းကောင်းများ ရရှိရေးအတွက် အကြံပြုပေးရန်အတွက် ဖွဲ့စည်းရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနှင့် ကိုဖီအာနန် ဖောင်ဒေးရှင်း တို့အကြား နားလည်မှုစာချွန်လွှာ တစ်ခုကို လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သြဂုတ် ၂၄ ရက်က သတင်းထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
ကော်မရှင်အနေဖြင့် အစီရင်ခံစာကို ကော်မရှင် တည်ထောင်ပြီး ၁၂ လကာလထက် နောက်မကျစေဘဲ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှတစ်ဆင့် မြန်မာနိုင်ငံ အစိုးရထံ တင်ပြရမည်ဖြစ်သည်။