အခြေခံပညာအဆင့် သင်ကြားသင်ယူမှု ပညာရည် စစ်ဆေးတိုင်းတာခြင်း အကဲဖြတ်မှု ပုံစံအတွက် မှန်ကန်သော မူဝါဒတစ်ရပ် ချမှတ်ပေးပါရန်နှင့် ခိုင်ခိုင်မာမာ ကျင့်သုံးပေးပါရန် ပညာရေး ဝန်ကြီးဌာနအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော် မှတ်တမ်းတင်

အခြေခံပညာအဆင့် သင်ကြားသင်ယူမှု ပညာရည် စစ်ဆေးတိုင်းတာခြင်း အကဲဖြတ်မှု ပုံစံအတွက် မှန်ကန်သော မူဝါဒတစ်ရပ် ချမှတ်ပေးပါရန်နှင့် ခိုင်ခိုင်မာမာ ကျင့်သုံးပေးပါရန် ပညာရေး ဝန်ကြီးဌာနအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော် မှတ်တမ်းတင်
Published 25 August 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

အခြေခံပညာအဆင့် သင်ကြားသင်ယူမှု ပညာရည်စစ်ဆေး တိုင်းတာခြင်း အကဲဖြတ်မှု ပုံစံအတွက် မှန်ကန်သော မူဝါဒတစ်ရပ် ချမှတ်ပေးပါရန်နှင့် ခိုင်ခိုင်မာမာ ကျင့်သုံးပေးပါရန် ပညာရေး ဝန်ကြီးဌာနအား တိုက်တွန်းကြောင်း အဆိုကို သြဂုတ် ၂၄ ရက် တွင် ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
“နိုင်ငံတော်၏ ချမှတ်ထားသော ပညာရေးမူဝါဒနှင့် ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန် အထောက်အပံ့ ဖြစ်စေသော အခြေခံပညာအဆင့် သင်ကြားသင်ယူမှု ပညာရည် စစ်ဆေးတိုင်းတာခြင်း၊ အကဲဖြတ်မှု ပုံစံအတွက် မှန်ကန်သော မူဝါဒတစ်ရပ် ချမှတ်ပေးပါရန်နှင့် ခိုင်ခိုင်မာမာ ကျင့်သုံးပေးပါရန် ပညာရေး ဝန်ကြီးဌာနအား တိုက်တွန်းကြောင်း” အဆိုကို အောင်မြေသာစံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက တင်သွင်းထားသည်။
ယင်းအဆိုနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးက ထောက်ခံဆွေးနွေး ခဲ့ကြသည်။ အဆိုနှင့် ပတ်သက်၍ ဆွေးနွေးအကြံပြုသည့် လွှတ်တော် ကိုယ်စားလှယ်များအနက် သန်လျင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က “လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျောင်းသားတွေရဲ့ အရည်အသွေးတွေကို ဆန်းစစ်တာက နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ပထမအဆင့် တစ်ဆင့်သာဖြစ်တဲ့ စာမေးပွဲနဲ့ ဆန်းစစ်တဲ့ အဆင့်အပေါ်မှာ ၁၀၀ ရာခိုင်နှုန်းအပြည့် မှီခိုနေတာကို တွေ့ရပါတယ်။ ကျောင်းသားတွေရဲ့ အရည်အသွေးကို ဆန်းစစ်တဲ့အခါမှာ စာမေးပွဲအပေါ်မှာ ၁၀၀ ရာခိုင်နှုန်း မှီခိုတဲ့ အတွက်ကြောင့်မို့လို့ ဖြစ်ပေါ်လာတဲ့ အားနည်းချက်တွေကို လေ့လာကြည့်ရမှာ ဖြစ်ပါတယ်။ စာမေးပွဲ အမှတ်ကောင်းရေးကို ဦးတည်တာ ဖြစ်တဲ့အတွက် ကျောင်းသားတွေက သူတို့ရဲ့ပင်ကိုဗီဇနဲ့ ဝါသနာအပေါ်မှာ အခြေခံပြီးတော့ သင်ယူလေ့လာမှုကို မရတော့ဘဲနဲ့ အထွေထွေ အမှတ်ကောင်းရေးကို ဦးတည်သွားခဲ့ပါတယ်။ အဲဒီလိုဦးတည်သွား အောင်ဖြစ်လာတာက ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေ အပေါ်မှာ ဖိအားတွေ အင်မတန် များလာခဲ့ပါတယ်” ဟု ဆွေးနွေး ပြောကြားသည်။
“နောက်တစ်ခုက ကလေးတွေအတွက် မလိုအပ်ဘဲ အချိန်တွေ အများကြီးကုန်တယ်။ ကျွန်တော်တို့ ကလေးတွေဟာ သာမန်လုပ်ငန်းခွင် တစ်ယောက် လုပ်ငန်းမှာပေးရတဲ့ အချိန်ထက် သူတို့ရဲ့ ပညာရေးအတွက် ပေးရတဲ့ အချိန်တွေက အင်မတန် များနေတာကို တွေ့ရပါတယ်။ နောက်တစ်ခု ဘာဖြစ်လာလဲဆိုရင် ပြင်ပလှုပ်ရှားမှုတွေနဲ့ အစုအဖွဲ့နဲ့လုပ်တဲ့ အလေ့အထတွေ ပျောက်ဆုံးခဲ့ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် အရွယ်ရောက်လာတဲ့ အခါမှာ တစ်ဦးတစ်ယောက်တည်း လူ့အဖွဲ့အစည်းမှာ ရပ်တည်လို့ မရပါဘူး။ ဘယ်အလုပ်ပဲလုပ်လုပ် အစုအဖွဲ့နဲ့ လုပ်ခဲ့ကြတာပါ။ အဲဒီအလေ့အထတွေကို အခြေခံ ပညာရေးစနစ်ကနေ ပြုစုပျိုးထောင်ပေးတဲ့ စာမေးပွဲစနစ်တစ်ခု လိုအပ်နေပြီလို့ ကျွန်တော် ယူဆပါတယ်။ နောက်ပြဿနာ တစ်ခုက ဘာဖြစ်လဲဆိုတော့ အမှတ်ပေါ်မှာ အားပြုတာ ဖြစ်တဲ့အတွက် ကျောင်းသားတွေဟာ ပြင်ပစာပေ လေ့လာမှုအတွက် အခွင့်အရေးတွေ ဆုံးရှုံးလာခဲ့တာပါ။ အားလုံးဟာ နောက်ဆုံး ကုန်ကုန်ပြောရရင် ပညာရေးဟာ ပြဋ္ဌာန်းစာအုပ်အောက်ကို ရောက်သွားခဲ့ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ဆွေးနွေးသည်။
ယင်းအဆိုအပေါ် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများ အပြီးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက “ပညာရေးဝန်ကြီးဌာန အနေဖြင့် အမျိုးသား ပညာရေး ဥပဒေအရ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်ကို ဖွဲ့စည်းနိုင်ရေး အတွက်လည်း စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ အဆိုပါ ကော်မရှင် ဖွဲ့စည်းပြီးပါက ပညာရေးဆိုင်ရာ မူဝါဒများကို ပိုမိုခိုင်ခိုင်မာမာနဲ့ ဆောင်ရွက်သွားနိုင်မယ် ဆိုတာ အားလုံးဆွေးနွေး သွားတဲ့အတိုင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားပညာရေး မူဝါဒကော်မရှင်က အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အကဲဖြတ် ကော်မတီနှင့် လိုအပ်သော ကော်မတီအဖွဲ့များကို ဆက်လက်ဖွဲ့စည်းပြီး ပညာရေး အရည်အသွေး မြင့်မားရေးအတွက် အမျိုးသား ပညာရေး ရည်မှန်းချက်များနှင့်အညီ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၁၇ မှာလည်း အကဲဖြတ် စစ်ဆေးခြင်းများကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြန်လည် ရှင်းလင်းသည်။
ထို့နောက် အဆိုအား ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မှတ်တမ်းအဖြစ် ထားရှိရန် တင်ပြခဲ့ပြီး အဆိုရှင် ဒေါက်တာလှမိုးကလည်း မှတ်တမ်းတင် ထားရှိရန် တင်ပြခဲ့ကာ ပြည်သူ့လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့သည်။

Most Read

Most Recent