နိုင်ငံတော်အနေဖြင့် ဝင်ငွေတိုးမြှင့်ရေး ဆောင်ရွက်ရာတွင် အခြေခံပြည်သူများကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အပြင် စီမံကိန်းများကိုလည်း အမှန်တကယ် ထိရောက်သည့် စီမံကိန်းများဖြစ်ရန် အလေးထား ဆောင်ရွက်မည်ဟု စီမံ/ဘဏ္ဍာ ဒုဝန်ကြီး လွှတ်တော်၌ ရှင်းလင်း

နိုင်ငံတော်အနေဖြင့် ဝင်ငွေတိုးမြှင့်ရေး ဆောင်ရွက်ရာတွင် အခြေခံပြည်သူများကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အပြင် စီမံကိန်းများကိုလည်း အမှန်တကယ် ထိရောက်သည့် စီမံကိန်းများဖြစ်ရန် အလေးထား ဆောင်ရွက်မည်ဟု စီမံ/ဘဏ္ဍာ ဒုဝန်ကြီး လွှတ်တော်၌ ရှင်းလင်း
Published 24 August 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

နိုင်ငံတော်အနေဖြင့် ဝင်ငွေတိုးမြှင့်ရေး ဆောင်ရွက်ရာတွင် အခြေခံပြည်သူများကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အပြင် စီမံကိန်းများ ဆောင်ရွက်ရာတွင်လည်း အမှန်တကယ် ထိရောက်သည့် စီမံကိန်းများဖြစ်ရန် အလေးထား ဆောင်ရွက်မည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လွှတ်တော်၌ ရှင်းလင်းခဲ့သည်။
 
သြဂုတ်၂၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) နှင့် စပ်လျဉ်းပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့၏ အစီရင်ခံစာပါမူနှင့် အခြေခံသဘောနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက်အပေါ်တွင် ဒုတိယဝန်ကြီးက ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
 
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက “ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခုဖြစ်တဲ့အတွက် လိုငွေဘတ်ဂျက် ဖြစ်နေသော်လည်း ဘတ်ဂျက်လိုငွေလျှော့ချနိုင်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဝင်ငွေတိုးလာစေရေးနဲ့ ဘတ်ဂျက်ကို ထိရောက်စွာ ခွဲဝေသုံးစွဲရေးကို မဖြစ်မနေ ဆောင်ရွက်ရပါမယ်။ ဝင်ငွေတိုးမြှင့်ရေးဆောင်ရွက်ရာမှာ အခြေခံပြည်သူတွေကို မထိခိုက်စေတဲ့နည်းလမ်းနဲ့ ဆောင်ရွက်ရေးကို အလေးထားဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
 
၎င်းက “ဝန်ကြီးဌာနတွေက စီမံကိန်းတွေ ရေးဆွဲရာမှာ နိုင်ငံတော်နဲ့ ပြည်သူပြည်သားတွေအတွက် အမှန်တကယ် ထိရောက်တဲ့ စီမံကိန်းတွေဖြစ်ဖို့ အလေးထားဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
 
ဘတ်ဂျက်လိုငွေအား ဖြေရှင်းရန် ဗဟိုဘဏ်မှသာ ချေးယူပါက ငွေဖောင်းပွမှုကို တွန်းအားပေးသကဲ့သို့ ဖြစ်စေကြောင်း၊ T-Bond,T-Bill ဖြင့် ထုတ်ဝေပြီး ပြည်သူကို ရောင်းချခြင်းသည် ပြည်သူ့ထံမှ ငွေကို ချေးယူခြင်းဖြစ်သည့် အတွက် ငွေဖောင်းပွမှုကို လျော့နည်း ကျဆင်းစေရန် အထောက်အကူပြုကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရာတွင် ဗဟိုဘဏ်မှ ချေးယူငွေကျပ် ၂၉၆၆ ဘီလျံအထိ တိုးတက်ဖြည့်ဆည်းပေးခဲ့ခြင်း၏ အကြောင်းအရင်းများကို ဆန်းစစ်ကြည့်ရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ အစိုးရငွေတိုက်လက်မှတ်များ ရောင်းချခြင်းကို လျှော့ချနိုင်ရန် ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ စကာ အစိုးရငွေတိုက်လက်မှတ်များ ဈေး ပြိုင်စနစ်ဖြင့် ရောင်းချခဲ့ကြောင်း၊ လေလံပွဲကျင်းပရာတွင် ရင်းနှီးမြှုပ်နှံသူက လိုချင်သည့် အတိုးနှုန်းမှာ မြင့်မားနေခြင်း၊ ဝယ်ယူမြှုပ်နှံလိုသည့် ပမာဏမှာ ရောင်းချလိုသည့်ပမာဏကို ပြည့်မီမှုမရှိခြင်းစသည့် အချက်များကြောင့် လေလံအောင်မြင်သည့် ပမာဏသည် လေလံတင် ရောင်းချလိုသည့် ပမာဏအောက် လျော့နည်းခဲ့သည့် အခြေအနေဖြစ်ခဲ့ကြောင်း၊ အဆိုပါ အခြေအနေသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှယူခဲ့ရသည့် ချေးငွေတိုးတက်ရခြင်း၏ အကြောင်းတစ်ရပ်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်၌ ရှင်းလင်းခဲ့သည်။
 
၂၀၁၅ ခုနှစ် ဧပြီမှ နိုဝင်ဘာအထိ အစိုးရငွေတိုက်စာချုပ်တန်ဖိုး စုစုပေါင်းကျပ် ၈၀၉ ဒသမ ၂၁၇ ဘီလျံကိုသာ ရောင်းချနိုင်ခဲ့ပြီး အစိုးရငွေတိုက်စာချုပ်များ သက်တမ်းစေ့သည့်အတွက် ပြန်လည်ရွေးနုတ်ခဲ့ရမှုသည် ကျပ် ၁၀၉၄ ဒသမ ၉၆၂ ဘီလျံဖြစ်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ရောင်းချသည့်  T-Bill  တိုးတက်ခဲ့ခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
 
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အစိုးရငွေတိုက်လက်မှတ်များကို သက်တမ်းသုံးမျိုးဖြင့် တိုးချဲ့ထုတ်ေ၀ ရောင်းချလျက်ရှိသည့်အပြင် အစိုးရငွေတိုက်စာချုပ်များ ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်တော့မည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူခြင်းအား လျှော့ချနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ရှင်းလင်းခဲ့သည်။
 
ထို့အပြင် ပိုလျှံငွေအပ်နှံမှု များပြားရခြင်း အကြောင်းရင်းတွင် ပြည်ပချေးငွေ၊ ပြည်ပအကူအညီရငွေများ လျာထားသမျှ မရရှိခြင်း၊ နိုင်ငံခြားမှ မှာယူထားသည့် ပစ္စည်းများ မရောက်ရှိခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် စက်ပစ္စည်း ဝယ်ယူခြင်းများကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရ၍ ကုန်ကျစရိတ် လျော့နည်းသက်သာသွားခြင်း စသည်တို့ ကြောင့်  စတင်ခန့်မှန်းစဉ်က စနစ်တကျ စိစစ်ခန့်မှန်း တွက်ချက်မှုမရှိခြင်းကြောင့် ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့အတွက် ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည်။
 
 

Most Read

Most Recent