အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ပြင်ဖွဲ့ပါ

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ပြင်ဖွဲ့ပါ
Published 9 August 2016
ဒေါက်တာရန်မျိုးသိမ်း

အဂတိ လိုက်စားမှုကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ပြည်သူကို မျက်နှာမူလျက် တိုက်ဖျက်နိုင်ခြင်း အလျဉ်းမရှိလျှင် တရားဥပဒေ စိုးမိုးရေး၊ ကောင်းမွန်သန့်ရှင်းသော အစိုးရနှင့် အုပ်ချုပ်ရေး ယန္တရား၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့သည် သဲနှင့်ဆောက်သော အိမ်ကဲ့သို့သာ ရှိလိမ့်မည်။ အစိုးရသစ် အနေဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို အသန့်ရှင်းဆုံး ပုဂ္ဂိုလ်များနှင့် ပြင်ဆင်၊ ဖွဲ့စည်း၊ အသက်သွင်းနိုင်ရေး ရှေးရှု၊ ပြင်ဆင်နိုင်မည်ဆိုလျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံ အပြောင်းအလဲများသည် အားကောင်းမောင်းသန်လာမည် ဖြစ်သည်။
သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ပြည်ထောင်စု အစိုးရ အဖွဲ့သစ်သည် အစိုးရသက်တမ်း ရက်ပေါင်းတစ်ရာ ကျော်သည့်တိုင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ပြင်ဆင် ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည်မှာ အလွန် အရုပ်ဆိုး၊ အကျည်းတန်လွန်းသည်။ လက်ရှိ ကော်မရှင်သည် စွမ်းဆောင်ရည် အလွန်နိမ့်ပါးသည့်အလျောက်၊ ကော်မရှင်ကို တစ်ရက်စော၍ ပြင်ဆင်ဖွဲ့စည်းနိုင်မည်လျှင် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် တစ်ရက်စော၍ အကျိုးပြုနိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ အစိုးရသစ်သည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို အမြန်ဆုံးပြင်ဆင် ဖွဲ့စည်းနိုင်ရေး မဖြစ်မနေ မျက်မှောက်ပြုရမည် ဖြစ်သည်။
၂၀၁၃ ခုနှစ် သြဂုတ် ၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ၂၀၁၄ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် လည်းကောင်း၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေအား ၂၀၁၆ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် လည်းကောင်း ပြဋ္ဌာန်းခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၇၂၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စု အစိုးရ၏ သဘောတူညီချက်ဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး နည်းဥပဒေကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၇၊ ပုဒ်မ ၉ နှင့် ပုဒ်မ ၁၀ တို့ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော် သမ္မတရုံး၏ အမိန့်အမှတ် (၆/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် ၁၃ ဦးပါဝင်သည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ယခင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်) ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။ ကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ၂၀၁၄ ခုနှစ် မတ် ၃ ရက် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၊ နဝမပုံမှန် အစည်းအဝေးတွင် ကတိသစ္စာပြုခဲ့သည်။ ၂၀၁၄ ခုနှစ် သြဂုတ် ၄ ရက်တွင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟု အမည်ပြောင်းလဲကြောင်း နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့သည် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင် ငါးဦးစီကို ရွေးချယ်ရမည်ဟု ဥပဒေပုဒ်မ ၅ တွင် ပြဋ္ဌာန်းထားသည်။ ကော်မရှင်သည် နိုင်ငံတော် သမ္မတကို တာဝန်ခံရမည်ဖြစ်သည်။ နိုင်ငံတော် သမ္မတသည် ကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၊ သဘောတူညီချက် ရယူ၍ ဖွဲ့စည်း တာဝန်ပေးအပ်ရမည်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဖွဲ့စည်းပုံကို ကြည့်မည်ဆိုလျှင် အစိုးရနှင့် လွှတ်တော်များကိုသာ ကိုယ်စားပြုနေပြီး၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများကို တိုက်ရိုက် ကိုယ်စားပြုမှု မရှိသည်ကို သတိပြုမိသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် အစိုးရနှင့် လွှတ်တော်များအကြား အပြန်အလှန် ထိန်းကျောင်းမှုကို ပိုမို ကျားကန်ပေးလိမ့်မည်ဟု ယူဆရသော်လည်း၊ အစိုးရနှင့် လွှတ်တော်များကို စနစ်တကျ စောင့်ကြည့်နိုင်မည့် ကော်မရှင် အဖွဲ့ဝင်များ ပျောက်ဆုံးနေသည်မှာ အားမလို၊ အားမရဖွယ်ရာ ဖြစ်သည်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တွင် အစိုးရနှင့် လွှတ်တော်များကို ကိုယ်စားပြု၊ ရပ်ခံမည့်သူများသာ အများစု ဖြစ်နေသည့် အားမျှခြေကို အရပ်ဘက် လူမှု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို မြှင့်တင်လျက်၊ မဖြစ်မနေ တည့်မတ်နိုင်ရမည့် အပြင်၊ သတင်းမီဒီယာများ အနေဖြင့်လည်း အဂတိ လိုက်စားမှုများကို ပြည်သူကို မျက်နှာမူလျက် ချိန်ခွင်လျှာ ထိန်းညှိကြရမည် ဖြစ်သည်။
အကယ်စင်စစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် အစိုးရနှင့် လွှတ်တော်များ၏ သြဇာသက်ရောက်မှု မရှိသော၊ သီးခြား လွတ်လပ်သည့် အဖွဲ့အစည်း ဖြစ်မည်ဆိုလျှင် သာလွန်ကောင်းမွန်မည် ဖြစ်သည်။ ထို့အပြင် ကော်မရှင်သည် အောက်ခြေပြည်သူလူထု အများစုကြီးနှင့်လည်း တိုက်ရိုက် ထိစပ်နိုင်ရန် ပဓာနကျမည် ဖြစ်သည်။ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လျက်၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တွင် အဖွဲ့ဝင်များအဖြစ် ပါဝင်လာနိုင်မည် ဆိုလျှင် ကော်မရှင်၏ လုပ်ငန်းများသည် ပြည်သူကို ဗဟိုပြုလာနိုင်မည် ဖြစ်သည့်အပြင် ကော်မရှင်၏ သီးခြား လွတ်လပ်စွာ ရပ်တည်မှုကိုလည်း ပိုမိုတောက်ပြောင်စေနိုင်မည် ဖြစ်သည်။
သို့ဖြစ်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ထပ်မံပြင်ဆင်နိုင်ရေး ကမကထ ပြုကြရမည် ဖြစ်သည်။ အခန်း (၃)ကော်မရှင် ဖွဲ့စည်းခြင်းတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ ငါးဦးဟု ပြင်ဆင်၊ ဖြည့်စွက်၊ ပြဋ္ဌာန်းနိုင်မည်ဆိုလျှင် ပိုမို ကောင်းမွန်မည်ဖြစ်သည်။ ဒေသတွင်း နိုင်ငံများ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်များတွင် အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကို လမ်းဖွင့်ပေးထားပြီး ဖြစ်သည်။ အဂတိ ကင်းစင်ပြီး၊ ပြည်သူက ရိုသေလေးစားသည့် အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ခေါင်းဆောင်များ ပါဝင်လာနိုင်မည်ဆိုလျှင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ပြည်သူက ပိုမိုအားကိုးလာနိုင်သည့်အပြင် အောက်ခြေ ပြည်သူလူထု၏ ဝန်ထုပ်ဝန်ပိုးများကိုလည်း သိသိသာသာ လျှော့ချလာနိုင်မည်ဖြစ်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် ဖွဲ့စည်းခဲ့သည့် အစိုးရသစ် အနေဖြင့် အစိုးရ သက်တမ်း ရက်ပေါင်း ၁၀၀ ကျော်သည့်တိုင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို မတို့၊ မထိ၊ မဖွဲ့နိုင် ဖြစ်နေသည်မှာ အံ့သြဖွယ်ရာပင် ဖြစ်သည်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ ပုဒ်မ ၈၊ ပုဒ်မခွဲ(က)တွင် ကော်မရှင်နှင့် ကော်မရှင်၏ သက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော် သမ္မတ၏ သက်တမ်းအတိုင်း ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည့် အလျောက် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီတွင် ဖွဲ့စည်းခဲ့သော ကော်မရှင်သည် ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်တွင် သက်တမ်းကုန်ဆုံးပြီးဖြစ်သည်။ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)အရ ကော်မရှင်သည် ကော်မရှင် အဖွဲ့အသစ်ကို ဖွဲ့စည်း ခန့်အပ် တာဝန်ပေးပြီးသည့် အချိန်အထိ မိမိ၏ လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သည့်အလျောက်၊ လက်ရှိကော်မရှင်သည် အစိုးရသစ် လက်ထက်တွင် ဆက်လက် ရပ်တည်၊ အလုပ်လုပ်နေခြင်းပင် ဖြစ်သည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်း၊ အတွင်းရေးမှူး ဦးတင်ဦး (အငြိမ်းစား သံအမတ်ကြီး)၊ ကော်မရှင် အဖွဲ့ဝင် ဦးကျော်ကျော် (အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန)၊ ကော်မရှင် အဖွဲ့ဝင် ဦးမောင်ရှိန်၊ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာတိုက်စံ (အငြိမ်းစား ပါမောက္ခ၊ တပ်မတော် နည်းပညာ တက္ကသိုလ်)၊ ကော်မရှင် အဖွဲ့ဝင် ဦးနေဝင်း (အငြိမ်းစား သံအမတ်ကြီး) နှင့် ကော်မရှင် အဖွဲ့ဝင် ဦးကျော်မြင့်တို့သည် အငြိမ်းစား စစ်မှုထမ်းများ ဖြစ်သည်။ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် ကော်မရှင် အဖွဲ့ဝင် ၁၅ ဦးအနက် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် ကော်မရှင် အဖွဲ့ဝင် ခုနစ်ဦးသည် အငြိမ်းစား စစ်မှုထမ်းများ ဖြစ်နေပြီး၊ ကျန်ကော်မရှင် အဖွဲ့ဝင် ရှစ်ဦးမှာ အငြိမ်းစား အစိုးရ အရာရှိများ ဖြစ်နေသည်။ အငြိမ်းစား စစ်မှုထမ်းများနှင့် အငြိမ်းစား အစိုးရ အရာရှိများသာ ပါဝင်သည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ခြေ နည်းပါးကြောင်း ပကတိ အခြေအနေများက သက်သေပြုလျက် ရှိသည်။
နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် အစိုးရ အဖွဲ့သစ်သည် ပြည်သူလူထုအကြား နာမည်ပျက် မရှိသူများ၊ ဂုဏ်သတင်း ကြီးမားသူများ၊ အမှီအခို ကင်းကင်း လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်မည့် သူများကို အများစုထားလျက်၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သစ် တစ်ရပ်ကို မဖြစ်မနေ ဖွဲ့စည်းရမည် ဖြစ်သည်။ အစိုးရသစ် အနေဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံနှင့် အညီ ဖွဲ့စည်းနိုင်ရေး ချဉ်းကပ်ဖော်ဆောင်မည်ဆိုလျှင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ အမည်စာရင်းနှင့် ကိုယ်ရေးရာဇဝင် အပြည့်အစုံကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းပြီး၊ သဘောတူညီချက် မရယူမီ၊ လူသိရှင်ကြား တရားဝင် ထုတ်ပြန်လျက်၊ အနည်းဆုံး ရုံးဖွင့်ရက် ခုနစ်ရက်အတွင်း ခိုင်လုံသော အထောက်အထားနှင့်တကွ အများပြည်သူ အနေဖြင့် ကန့်ကွက်နိုင်ရမည် ဖြစ်သည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အဆင့်ဆင့်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်များကို ရပ်မိရပ်ဖများ၊ အများကြည်ညို လေးစားသူများ၊ စေတနာ့ ဝန်ထမ်းများနှင့် ကျယ်ကျယ်ပြန့်ပြန်၊ ဖွဲ့စည်းလာနိုင်မည် ဆိုလျှင် ပြည်သူလူထုကို မျက်နှာမူနိုင်မှုသည် ပိုမို အားကောင်းမောင်းသန်လာမည် ဖြစ်သည်။ ကော်မရှင် အဆင့်ဆင့်တွင် ပါဝင်မည့် သူများကို ပြည်သူလူထုက ပွင့်လင်းမြင်သာစွာ ကန့်ကွက်နိုင်သည့် အခွင့်အရေးကို အချိန်ကာလ သတ်မှတ်လျက် မဖြစ်မနေ အပ်နှင်းရန် လိုအပ်မည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေဖြင့် တိုင်ကြားစာများအပေါ် အခြေပြုလျက် စုံစမ်းစစ်ဆေးသည်ထက်၊ အစိုးရများ၊ လွှတ်တော်များ၊ တရားစီရင်ရေး ယန္တရား အပါအဝင် နိုင်ငံတော်၏ ယန္တရား အရပ်ရပ်တို့ကို ပုံမှန်စောင့်ကြည့် လေ့လာလျက်၊ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ စုံစမ်းစစ်ဆေးနိုင်သည်အထိ တွင်ကျယ်သင့်သည်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သစ်ကို အမြန်ဆုံး ဖွဲ့စည်းသင့်ပါကြောင်းနှင့် နိုင်ငံတော် ဘဏ္ဍာ သို့မဟုတ် ပြည်သူ့ဘဏ္ဍာကို သုံးစွဲနေသည့် မည်သည့် အဖွဲ့အစည်းကို မဆို၊ မည်သည့် ပုဂ္ဂိုလ်ကို မဆို အမှီအခို ကင်းကင်း၊ လွတ်လွတ်လပ်လပ် စောင့်ကြည့်၊ စုံစမ်းစစ်ဆေးနိုင်ပြီး၊ ပြည်သူ့မျက်နှာကိုသာ ကြည့်လျက်၊ ကျောသား ရင်သား မခွဲမခြား အရေးယူ၊ အပြစ်ပေးနိုင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် တစ်ရပ်အဖြစ် အားကောင်းမောင်းသန် ရပ်တည်နိုင်ရေး တက်ညီလက်ညီ ဝိုင်းကြ၊ ဝန်းကြသင့်ပါကြောင်း မီးမောင်းထိုး တိုက်တွန်းဆော်သြလိုက်ရပါသည်။

Most Read

Most Recent