သောမတ်အယ်လ်ဗာအက်ဒီဆင်(သို့မဟုတ်) ကြိုးစားမှုကြောင့် ပါရမီရှင်ဖြစ်ခဲ့ရသူ

သောမတ်အယ်လ်ဗာအက်ဒီဆင်(သို့မဟုတ်) ကြိုးစားမှုကြောင့် ပါရမီရှင်ဖြစ်ခဲ့ရသူ
Published 28 April 2016
ဘစံကောက်

“မလျှော့သော ဇွဲလုံ့လနှင့် အမြဲမပြတ် ကြိုးစား အားထုတ်လျက်ရှိသူအား အဘယ်မည်သော အမှုကိစ္စသည် မပြီးစီး မအောင်မြင်ရဘဲ ရှိနိုင်ပါအံ့နည်း”
ဗုဒ္ဓ

ဒီကနေ့ ကမ္ဘာပေါ်ရှိ နယ်ပယ်အသီးသီးမှ ထူးချွန်ထက်မြက်၍ သူများကို လူအပေါင်းတို့က ပါရမီရှင်ကြီးများ ဟု အသိအမှတ်ပြု၍ ချီးမွမ်းတတ်ကြသည်။ ဤနေရာ၌ ‘ပါရမီ’ ဆိုသော စကားရပ်ကို        ‘ဖြည့်ဆည်းခြင်း’ ဟု သိသူနည်းလှသည်။ များသောအားဖြင့် ‘ပါရမီရှင်’ ဟု ဆိုလိုက်လျှင် အလိုအလျောက် မိုးပေါ်ကကျလာ၍ တစ်မုဟုတ်ချင်း ရွှေတောင်ပေါက်လာသူဟူ၍သာ ထင်တတ်ကြလေသည်။
အလွန်မှားယွင်းသော အယူအဆတစ်ရပ်သာဖြစ်၏ ‘ဗုဒ္ဓ’ သည်ပင်လျှင် ဘုရားအဖြစ်ကို ဆုပန်သည်မှစ၍ ဘဝပေါင်းများစွာတွင် အကြားအလပ်မရှိ ဖြည့်ကျင့်ခဲ့ရ၏။ ဘုရားအဖြစ်သို့ ရောက်တော်မူမည့်ဘဝ၌ပင် လူသာမန်တို့ ကျင့်နိုင်ခဲလှသော ‘ဒုက္ကရစရိယာ’ အကျင့်ကို ခြောက်နှစ်တိုင်တိုင် ကျင့်တော်မူခဲ့ရသေး၏။ ဤသည်ကိုကြည့်လျှင် ပါရမီရှင် ဆိုသော ပုဂ္ဂိုလ်များသည်လည်း သာမန်လူသားများသာလျှင်ဖြစ်၍ အများတို့ထက်ပို၍ သာလွန်သောအချက်မှာ ‘ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်’ ဆိုသကဲ့သို့ မလျှော့သောဇွဲ လုံ့လနှင့် အမြဲမပြတ် ကြိုးစားအားထုတ်နေ ကြခြင်းသာလျှင် လူသာမန်တို့ထက် ပို၍ထူးလှသည်ဟု ဆိုရမည်သာ ဖြစ်တော့သည်။ အခြားမကြည့်ပါနှင့်။ ဒီကနေ့ကမ္ဘာပေါ်တွင် တီထွင်မှုပေါင်း ၁၃၀၀ ကျော်ကို အောင်မြင်စွာ တီထွင်ပြီး ကမ္ဘာ့လူသားအားလုံးက ပါရမီရှင် သိပ္ပံပညာရှင်ကြီးဟု ယူဆသတ်မှတ်ခဲ့ကြသည့် သောမတ်အယ်လ်ဗာအက်ဒီဆင်ကိုပဲ ကြည့်ပါ။
သူ၏အဘိုးသည် နိုင်ငံတော်သစ္စာဖောက်သူအဖြစ် သေဒဏ်ပေး ကွပ်မျက်ခြင်းကို ခံခဲ့ရ၏။ အဘိုးကွယ်လွန်လျှင် ‘အက်ဒီဆင်’ မိသားစုတို့သည် ကနေဒါနိုင်ငံသို့ ပြောင်းရွှေ့ရန် နေထိုင်ကြ၏။ ဤတွင်လည်း အက်ဒီဆင်၏ ဖခင်ဖြစ်သူ ‘ဆင်မြူရယ်အက်ဒီဆင်’ သည်လည်း ကနေဒါအစိုးရကို ဆန့်ကျင်ပုန်ကန်သူများနှင့်ပေါင်းမိ၍ နောက်ဆုံးတွင် ကနေဒါမှ ထွက်ပြေးကြရပြန်၏။ ဤသို့ဖြင့် အတည်မကျ ပြောင်းရွှေ့၍သာ နေရသောကြောင့် မိသားစုအားလုံး ဆင်းရဲဒုက္ခရောက်ကြရ၏။ သို့ဖြင့် ခုနစ်နှစ်သားအရွယ်သို့ရောက်မှပင် ‘အက်ဒီဆင်’ တစ်ယောက် ကျောင်းစတက်နေရ၏။ အလွန်ဉာဏ်ထိုင်းလှသောကြောင့် ‘နင့်ခေါင်းထဲမှာ ကြက်ဥပုပ်တွေပဲ ရှိတယ်’ ဟူ၍ပင် ဆရာမက အပြစ်တင်ခြင်းကို ခံရလေသည်။ ဆိုရလျှင် သူ့ဘဝ၌ သုံးလမျှသာ ကျောင်းနေခဲ့ရပြီးနောက် ထိုကျောင်းမှ ထွက်ခဲ့ ရလေတော့သည်။
ကျောင်းမှထွက်ခဲ့ရပြီးနောက် ‘အက်ဒီဆင်’၏ မိခင်က သားဖြစ်သူကို ကိုယ်တိုင် စာသင်ပေးမှ ဖြစ်တော့မည်ဟု ဆုံးဖြတ်ပြီး အိမ်၌ပင် စာသင်ပေး၏။ ဤသည်မှာလည်း ၁၂ နှစ်သား အရွယ်ရောက်သည်အထိသာ သင်ကြားခွင့်ရသဖြင့် ‘အက်ဒီဆင်’ ၏ စာသင်ချိန် စုစုပေါင်းသည် ငါးနှစ်ခန့်မျှသာ ရှိမည်ဖြစ်လေသည်။ ကျန်ခဲ့သော သူ့ဘဝသက်တမ်းတစ်လျှောက်တွင် ‘အက်ဒီဆင်’ သည် သူလိုချင်သော ပညာမှန်သမျှကို ‘ဥစ္စာရင်လို ဥစ္စာရင်ခဲ’ ဆိုသကဲ့လို သူ့နည်းသူ့ဟန်ဖြင့်သာ ရှာဖွေ ဆည်းပူး လေ့လာ မှတ်သားရင်းဖြင့်သာ ပညာနှင့် ပြည့်စုံသူ ဖြစ်၍ လာခဲ့ရလေတော့သည်။
‘အက်ဒီဆင်’ ကား ကလေးဘဝအရွယ်မှာကတည်းကပင် သိပ္ပံပညာရှင်ဖြစ်မည့် ဗီဇ ပါလာသူဖြစ်၍လား မဆိုနိုင်။ မည်သည့်အရာကိုမဆို အမြဲတမ်း လေ့လာ စမ်းသပ် တီထွင်၍သာ နေလေ့ရှိ၏။ သူ၏ တီထွင်စမ်းသပ်မှုများကြောင့် အိမ်သားများသည် အမြဲတမ်းပင် စိတ်ရှုပ်၍ နေကြရလေသည်။ ဤအတောအတွင်း ‘ဒက်ထရွိက်နှင့် ပို့တ်ဟီရွန်’ ကြား ရထားလမ်းသစ် ဖွင့်သောအခါ မီးရထားဌာန၌ အလုပ်လုပ်ခွင့်ပြုရန် လျှောက်လွှာတင်လိုက်၏။ ရတော့ရပါ၏။ သို့သော် သူရသောအလုပ်မှာ ကုမ္ပဏီက လစာပေး၍ ခန့်ထားသောအလုပ်မျိုးကားမဟုတ်။ မီးရထားပေါ်တွင် သတင်းစာရောင်းရသော အလုပ်မျိုးသာဖြစ်၏။ ရောင်းချ၍ရသည့်အထဲမှ အမြတ်ကိုသာလျှင် ခံစားခွင့်ရ၏။ သို့သော် အထူးအခွင့်အရေး တစ်ရပ်အနေနှင့်ကား ကုန်တင်တွဲများ၏ နေရာလွတ်တွင် နေထိုင်ခွင့် ပေးထား၏။
ဤမျှလောက် အခွင့်အရေးရခြင်းသည်ပင်လျှင် ‘အက်ဒီဆင်’ အတွက် မဟာဆုလာဘ်ကြီးဖြစ်၍ နေလေ၏။ အက်ဒီဆင်ကား  အချိန်ရလျှင် စမ်းသပ်တီထွင်မှုတွေ လုပ်သည့်အခါလုပ် အကယ်၍မလုပ်ချင်လျှင် စာကြည့်တိုက်များသို့သွားကာ သိပ္ပံဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများကို လေ့လာဖတ်ရှု၍ နေလေ၏။ ဤသို့နေရင်းနှင့်ပင် ‘အက်ဒီဆင်’ သည် ကြေးနန်းရုံးမှ သူငယ်ချင်းတစ်ယောက်၏ အကူအညီနှင့် ရထားပေါ်မှာပင် ပုံနှိပ်စက် အဟောင်းကလေးတစ်လုံးကို အသုံးပြုကာ သတင်းစာ ခပ်သေးသေးတစ်စောင်ကို ထုတ်ဝေ၏။ သူ့သတင်းစာတွင်ပါသော သတင်းများကား သတင်းစာတိုက်ကြီးများတွင်ပင် မဖော်ပြရသေးသည့် သတင်းဦး သတင်းထူးများ ဖြစ်၍နေခြင်းကြောင့် အလွန်ရောင်း၍ ကောင်းလှသည်ဟုဆိုသည်။ ဤသို့ဖြင့် စမ်းသပ်မှုတစ်ခုကြောင့် ပေါက်ကွဲမှုတစ်ခုဖြစ်ကာ ရထားတွဲပျက်စီးသွားခဲ့သဖြင့် အလုပ်မှ ထွက်လိုက်ရပြန်သည်။
ဒီ့နောက် မီးရထားဌာနမှာပင် ကြေးနန်းပို့သူအဖြစ် အလုပ်ရပြန်၏။ သို့သော် ထိုနေရာတွင်လည်း ကြာရှည်လုပ်ခွင့်မရ။ သူ၏ စမ်းသပ်တီထွင်မှုတစ်ခုကြောင့် အလုပ်ပြုတ်ရ၏။ ဒီ့နောက်ပိုင်းတွင် အလုပ်လက်မဲ့ဘဝဖြင့် အချိန်အတန်ကြာအောင်ပင် စားရမဲ့သောက်ရမဲ့နှင့် အတော်ဒုက္ခရောက်၍ နေရပြန်ချေသေးသည်။ ထိုမှ နောင်တွင် နယူးယောက်သို့ ပြောင်း၍လာ၏။ သူ နယူးယောက်သို့ ရောက်၍လာချိန်တွင် အက်ဒီဆင်၏ အအသက်ကား ၂၂ နှစ်ရှိ၍ နေလေပြီ။ သို့သော် သူ့အိတ်ကပ်ထဲ၌ ပိုက်ဆံဟူ၍ တစ်ပြားမှမရှိ။ မိတ်ဆွေတစ်ယောက်၏ အကူအညီနှင့် ကုမ္ပဏီတစ်ခု၏ အခန်းကျဉ်းကလေးထဲတွင် အိပ်ခွင့်ရ၏။ ထိုကုမ္ပဏီကား စတော့ရှယ်ယာများကို အကျိုးဆောင်ပေးနေသည့် ကုမ္ပဏီဖြစ်ရာ အလွန်အလုပ်များလှ၏။ တစ်နေ့တွင် ထိုကုမ္ပဏီ၌ အသုံးပြု၍နေသော အချက်ပြစက်သည် ပျက်၍သွား၏။ ထိုစက်ကား အလွန် အရေးပါလှသည်ဖြစ်ကာ ကုမ္ပဏီဥက္ကဋ္ဌသည် ထိုစက်ကို အမြန်ပြန်၍ကောင်းရန် အမျိုးမျိုး ကြိုးစား၏။ မရချေ။ ထိုအခြေအနေတွင် ‘အက်ဒီဆင်’က ကုမ္ပဏီဥက္ကဋ္ဌကို အခွင့်ပန်၍ စက်ကိုကြည့်ခွင့်တောင်း၏။ အခွင့်ရသောအခါ ထိုစက်ကို ဖွင့်ပြီး အတွင်း၌ ပြတ်နေသော ကြိုးနှစ်စကို အသာပြန်၍ ဆက်ပေးလိုက်လျှင် စက်သည် နဂိုအတိုင်း ပြန်၍ ကောင်းသွား၏။ ကုမ္ပဏီဥက္ကဋ္ဌကား ချက်ချင်းဆိုသလိုပင် ထိုဌာန၌ အလုပ်ကြပ်အဖြစ် အက်ဒီဆင်ကို ခန့်အပ်လိုက်၏။ လခကား မဆိုးလှ။ တစ်လကို ဒေါ်လာ ၃၀၀ ရ၏။
အက်ဒီဆင်၏ အခြေအနေကား အတော်ကောင်း၍သွားလေပြီ။ ထိုခေတ်က တစ်လ ဒေါ်လာ ၃၀၀ ဆိုသောငွေကြေးသည် မနည်းလှချေ။ သို့သော် အက်ဒီဆင်ကား ထိုအလုပ်ကို ကြာရှည် လေးမြင့်လုပ်လိုသော သဘောမရှိချေ။ သူ၏စိတ်၌ တီထွင်မှုအမျိုးမျိုးကို လုပ်ရန်သာ အမြဲတစေ စိတ်စော၍နေသဖြင့် ထိုအလုပ်မှရသော လစာငွေကို စုဆောင်းကာ ပိုက်ဆံစုမိသည်ဆိုလျှင်ပင် အလုပ်မှထွက်၍ ကိုယ်ပိုင်အလုပ်ရုံတစ်ခုကို ‘ဖရန်ကလင်ပုပ်’ ဟုခေါ်သော အင်ဂျင်နီယာတစ်ယောက်နှင့် အတူတွဲကာ ထူထောင်လေတော့သည်။
ထိုအလုပ်ရုံ၌ ‘အက်ဒီဆင်’သည် သူ့ စိတ်ကြိုက်တီထွင်မှု အမျိုးမျိုးကို စမ်းသပ်၍ တီထွင် ထုတ်လုပ်လေသည်။ အက်ဒီဆင်ကား အချိန်ကို အအားမထား။ တစ်နေ့လေးနာရီမျှသာ အိပ်၍ အချိန်ပြည့် အလုပ်ထဲ၌သာ စိတ်ကိုနှစ်၍ထားလေသည်။ သူ၏ကြိုးစားမှုကား အလကားမဖြစ် ခြောက်နှစ်တာကာလ အတွင်း စက်အမျိုးပေါင်း ၁၂၂ မျိုးကို သူ့အမည်ဖြင့် မှတ်ပုံတင်နိုင်ခဲ့၏။ ၁၈၇၁ ခုနှစ်တွင် သူအိမ်ထောင်ကျ၏။ သို့သော် အက်ဒီဆင်၏ ဇနီးသည် ‘အက်ဒီဆင်’ ကို အချိန်များစွာ တွေ့မြင်ခွင့်မရ။ အဘယ့်ကြောင့်ဆိုသော် အက်ဒီဆင်ကား အလုပ်ထဲ၌သာ အနေများသူ ဖြစ်၍နေသောကြောင့် ဖြစ်လေသည်။
နောက်ပိုင်းတွင် အလုပ်ရုံကို နယူးယောက်မှနေ၍ နယူးဂျာစီပြည်နယ် ‘မင်လိုပတ်ခ်’ ရွာလေးသို့ ပြောင်းရွှေ့၍ တည်ထောင်၏။  ‘မင်လိုပတ်ခ်’၌ လျှပ်စစ်မီးသီး၊ လျှပ်စစ်ရထားနှင့် တယ်လီဖုန်းကို ပို၍ကောင်းမွန်စွာ အသုံးပြုနိုင်အောင် တီထွင်နိုင်ခဲ့၏။ လျှပ်စစ်မီးသီးဆိုလျှင် အချိန်အတော်ကြာအောင် အချိန်ယူပြီးမှသာ အောင်မြင်စွာ တီထွင်ထုတ်လုပ်နိုင်ခဲ့၏။ မီးသီးအတွင်း၌ အသုံးပြုမည့် အလွန်သေး ငယ်သော နန်းမျှင်ကလေးကိုရရန်အတွက် အကြိမ်ပေါင်း ၁၂၀၀ ခန့် စမ်းသပ်ခဲ့ရ၏။ ထို့နောက်တွင်မှ ယနေ့အသုံးပြုနေသော လျှပ်စစ်မီးသီးကို ရနိုင်ခဲ့လေသည်။
‘အက်ဒီဆင်’ ကား စမ်းသပ်တီထွင်မှုတစ်ခုကို ပြုလုပ်ပြီဆိုလျှင် မအောင်မြင်မချင်း မည်သည့်အခါမျှ လက်လျှော့သွားသည်ဟူ၍  မရှိချေ။ ဤသည်နှင့်ပတ်သက်၍ တစ်ခါက ပစ္စည်းတစ်ခုကို တီထွင်ရာ အကြိမ်တစ်ရာခန့် စမ်းသပ်ပြီးသော်လည်း မအောင်မြင်ချေ။ ထို့ကြောင့် သူ၏တပည့်ဖြစ်သူက စိတ်ပျက် အားလျှော့သောလေသံနှင့် “ဆရာရယ် အကြိမ်တစ်ရာတောင်မှ မှားနေပြီဆိုတော့ လက်လျော့လိုက်ကြတာ ကောင်းမယ်ထင်ပါတယ်” ဟု ဆိုလေလျှင် အက်ဒီဆင်က လက်မခံ။ “ဒီလိုမပြောသင့်ဘူး ငါ့တပည့်ရဲ့။ မင်း စဉ်းစားကြည့်စမ်း။ အခုငါတို့စမ်းသပ်တာ အကြိမ်တစ်ရာတောင်မှ မှားခဲ့ပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ငါ့တို့ဟာ အမှားတစ်ရာကို ရှောင်ပြီးသား ဖြစ်သွားပြီမဟုတ်လား။ ဒါကြောင့် အမှန်နဲ့ ပိုပြီးနီးစပ်လာပြီလို့သာ ဆိုရမှာဖြစ်တယ်။ စိတ်မပျက်ပါနဲ့ကွာ လာပါ ဆက်ပြီး လုပ်ကြရအောင်ပါ” ဟု ဇွတ်အတင်းဆွဲခေါ် သွားခဲ့သည်ဟု ဆိုလေသည်။
တီထွင်မှုအမျိုးပေါင်း ၁၃၀၀ ကျော်ကို အောင်မြင်စွာ တီထွင်နိုင်သောကြောင့် သူ့ကို လူအများက ‘ပါရမီရှင် တီထွင်သူ သိပ္ပံ ပညာရှင်ကြီး’ဟု ချီးကျူးကြ၏။ သို့သော် အက်ဒီဆင်က လက်မခံ။ သူသည်ပါရမီရှင် မဟုတ်ကြောင်း အမြဲငြင်းဆို၏။ “ပါရမီရှင်ဆိုတာ အတွေးစိတ်ကူးက တစ်ရာခိုင်နှုန်းနဲ့ ကြိုး စားအားထုတ်မှုက ၉၉ နာခိုင်နှုန်းကို ပေါင်းစပ်ထားတာပါ”ဟု ဆိုလေ့ရှိသည်။ ပါရမီရှင် မဟုတ်သော ကြိုးစားအားထုတ်သူကြီး အက်ဒီဆင်ကား ၁၉၃၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့တွင် ကွယ်လွန်ရှာ၏ ။ ကွယ်လွန်ချိန်တွင် သူ့အသက်ကား ၈၄ နှစ်ရှိ၍ နေပေပြီ။

Most Read

Most Recent