အမျိုးသား လွှတ်တော်တွင် အမြဲတမ်း ကော်မတီလေးခုနှင့် ရေးရာကော်မတီ ၁၂ ခုသာ ဖွဲ့စည်းရန် လျာထားပြီး လိုအပ်မှသာ ဆက်လက်ဖွဲ့စည်းမည်ဟု လွှတ်တော်အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ပြောကြား

အမျိုးသား လွှတ်တော်တွင် အမြဲတမ်း ကော်မတီလေးခုနှင့် ရေးရာကော်မတီ ၁၂ ခုသာ ဖွဲ့စည်းရန် လျာထားပြီး လိုအပ်မှသာ ဆက်လက်ဖွဲ့စည်းမည်ဟု လွှတ်တော်အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ပြောကြား
Published 23 February 2016
စိုးမင်းထိုက်

အမျိုးသား လွှတ်တော်တွင် အမြဲတမ်း ကော်မတီလေးခုနှင့် ရေးရာကော်မတီ ၁၂ ခုသာ ဖွဲ့စည်းရန်လျာထားပြီး လိုအပ်မှသာ ဆက်လက်ဖွဲ့စည်းမည်ဟု လွှတ်တော်အခွင့် အရေးကော်မတီ အတွင်းရေးမှူး ဦးမင်းဦးက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားသည်။
ဦးမင်းဦးက "ဒီနေ့အထိဆိုရင် အမြဲတမ်းကော်မတီက လေးခု၊ ရေးရာကော်မတီ က ၁၂ ခုဖွဲ့ပြီးပါပြီ။ လိုအပ်လာမှသာ ဆက်လက်ဖွဲ့စည်းမယ်။ လောလောဆယ်တော့ ရေးရာကော်မတီက ၁၂ ခုပဲ ဖွဲ့စည်းထားမယ်" ဟု ပြောကြားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအား ဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ မှ ဒေါက်တာခွန်ဝင်းသောင်း၊ အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၁ မှ ဒေါက်တာဝင်းမြင့် စသည်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်မှ သိရသည်။
ဒေါက်တာခွန်ဝင်းသောင်းက "လက်ရှိ အချိန်မှာက တိုင်းပြည်မှာ လိုအပ်ချက်တွေ အများကြီး ရှိနေတယ်။ လုပ်စရာ တွေကတော့ အများကြီးပဲ။ တိုင်းပြည်ရဲ့ လူအများစုက လယ်သမားတွေဖြစ်တယ်။ အများစုက ဆင်းရဲသားတွေဖြစ်တယ်။ ပြည်သူတွေရဲ့ဘ၀ မတိုးတက်ဘဲနဲ့တော့ တိုင်းပြည်က တိုးတက်တယ်လို့ ပြောလို့မရပါဘူး။ ဘယ်လောက်ပဲ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပါစေ၊ ပြည်သူတွေအနေနဲ့ စိတ်ချမ်းသာစွာနဲ့ အေးချမ်းလုံခြုံစွာ မနေနိုင်သေးသရွေ့ပေါ့။ အဲဒီလိုဖြစ်လာမှသာ တိုးတက်တယ်လို့ ခံစားနိုင်မှာပါ။ ဒီအတိုင်းကတော့ တိုးတက်တယ်လို့ မခံစားနိုင်သေးဘူး။ ကော်မတီအနေနဲ့ ဘယ်လောက်အထိ လုပ်ပိုင်ခွင့်ရမလဲ ဆိုတာပေါ် မူတည်တာပေါ့။ လုပ်ပိုင်ခွင့် များများရလေ ပြည်သူတွေအတွက် လုပ်ပေးနိုင်လေပဲပေါ့။ ဘာလို့ တောင်သူတွေအတွက် လုပ်ပေးချင်တာလဲဆိုတော့ တောင်သူတွေကို ချမ်းချမ်းသာသာ နေနိုင်တာကို မြင်ချင်လို့ပါ။ စားဝတ်နေရေး ဖူလုံအဆင်ပြေစေချင်တယ်။ လယ်သမားနဲ့ ဆင်းရဲသားတွေရဲ့ ဘဝအတွက် ငွေချေးပေးရုံ မဟုတ်ဘဲနဲ့ သူတို့အတွက် အဓိကလိုအပ်တဲ့ မျိုးစပါးတွေ၊ မျိုးကောင်းမျိုးသန့်တွေ ရရှိအောင် လုပ်ပေးဖို့ လိုပါတယ်" ဟု ပြောကြားသည်။
အမျိုးသား လွှတ်တော်တွင် အမြဲတမ်း ကော်မတီများအဖြစ် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေး ကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီများအား ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရေးရာကော်မတီများဖြစ်သည့် နိုင်ငံတကာ ဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၊ အစိုးရ မဟုတ်သော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၊ တိုင်းရင်းသားရေးရာ ကော်မတီ၊ တောင်သူလယ်သမားရေးရာ ကော်မတီ၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ၊ ပညာရေးမြှင့်တင်မှု ကော်မတီ၊ ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၊ သတ္တုသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီများအား ဖွဲ့စည်းခဲ့သည်။ ပထမအကြိမ် ကျင်းပခဲ့သည့် အမျိုးသား လွှတ်တော်တွင်မူ အမြဲတမ်းကော်မတီနှင့် ရေးရာကော်မတီ စုစုပေါင်း ၁၉ ခု ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
                  

Most Read

Most Recent