၂၀၁၅ ခုနှစ်အတွင်း အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ဆန္ဒပြမှုဖြင့် မြို့နယ်တရားရုံး အသီးသီးတွင် တရားစွဲခံထားရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကျော်ကိုကိုအား ဖေဖော်ဝါရီ၂၂ ရက်တွင် တာမွေမြို့နယ် တရားရုံး၌ ပုဒ်မ ၁၈ ဖြင့် ဆက်လက်ရုံးထုတ်ခဲ့သည်။ယင်းနေ့တွင် တရားလိုဖြစ်သူ တာမွေမြို့နယ် စခန်းမှူးမှာ အရေးပေါ်ကိစ္စရှိ၍ တရားရုံးသို့ လာရောက်နိုင်ခြင်း မရှိသဖြင့် ရုံးချိန်းအား မတ် ၇ ရက်သို့ ချိန်းဆိုခဲ့သည်။“ကျော်ကိုကိုက လက်ရှိအမှု ၂၀ လောက် တရားရင်ဆိုင်နေရတယ်။ ထပ်တရားစွဲမယ့် မြို့နယ်တွေလည်း ရှိသေးတယ်လို့ သိရတယ်။ တချို့အမှုတွေဆို သူနဲ့ မဆိုင်ပေမယ့် စွဲခံထားရတာတွေ ရှိတယ်။ ဒါဟာ သက်ဆိုင်ရာအနေနဲ့ သားကို အငြိုးအတေးနဲ့ လုပ်နေတယ်လို့ ထင်မြင်တယ်။ မိဘတွေမှာလည်း ရုံးချိန်းတွေချည်း လာနေရလို့ အိမ်အလုပ်ကို မလုပ်ရဘူး။ အခုအခက်အခဲတွေ အများကြီး ဖြစ်နေတယ်”ဟု ကိုကျော်ကိုကို၏ ဖခင်ဖြစ်သူ ဦးကျော်က ပြောကြားသည်။ကိုကျော်ကိုကိုမှာ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် အမျိုးသားပညာရေးဥပဒေအား ကန့်ကွက်ကြောင်း လေးရက်သပိတ် ဆန္ဒပြလမ်းလျှောက်ရာတွင် တာမွေမြို့နယ်အား သက်ဆိုင်ရာခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းခဲ့သည်ဟုဆိုကာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရခြင်း ဖြစ်သည်။လက်ရှိတွင် ကိုကျော်ကိုကိုမှာ သာယာဝတီမြို့နယ် တရားရုံးနှင့် ကမာရွတ်မြို့နယ် တရားရုံးတွင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၈၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ၁၄၃၊ ၁၄၅၊ ၁၄၇တို့ဖြင့် လည်းကောင်း၊ ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ စုစုပေါင်းနှစ်မှုဖြင့် လည်းကောင်း၊ လှိုင်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ တာမွေမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် လည်းကောင်း၊ ကျောက်တံတားမြို့နယ်တွင် ပုဒ်မ ၁၈ နှစ်မှုဖြင့် လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် လည်းကောင်း တရားစွဲဆိုခံထားရသည်။၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအား ယခင်ဆန္ဒပြခဲ့မှုများဖြင့် ထပ်မံတရားစွဲဆိုမှုများရှိကာ လက်ရှိတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃၀၀ ကျော် တရားစွဲဆိုခံထားရဆဲ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရပြီး သမ္မတဦးသိန်းစိန် အစိုးရသက်တမ်း မကုန်မီကာလအတွင်း ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ဆန္ဒပြ ကျောင်းသားခေါင်းဆောင်များအား အမှုဟောင်းများဖြင့် တရားစွဲဆိုမှုများ ပြုလုပ်လျက်ရှိသည်ကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဝေဖန်လျက်ရှိသည်။
မြို့နယ်တရားရုံး အသီးသီး၌ အမှု ၂၀ ကျော်ဖြင့် တရားရင်ဆိုင်နေရသည့် ဗကသကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုအား ပုဒ်မ ၁၈ ဖြင့် တာမွေမြို့နယ် တရားရုံးတွင် ဆက်လက်ရုံးထုတ်















