တိုင်းနှင့် ပြည်နယ်များတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင် ကျင်းပနိုင်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ဆုံးဖြတ်

တိုင်းနှင့် ပြည်နယ်များတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင် ကျင်းပနိုင်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ဆုံးဖြတ်
Published 21 February 2016
အောင်ဇော်ထွန်း

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် သဘောတူညီထားချက်များအရ နိုင်ငံရေး ဆွေးနွေးမှု လုပ်ငန်းစဉ် တစ်ခုဖြစ်သည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စတင် ကျင်းပနိုင်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။နိုင်ငံရေး ဆွေးနွေးမှု လုပ်ငန်းစဉ်များတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်းတို့ကို ဆောင်ရွက်မည်ဆိုသည့် အချက် ပါဝင်ရာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ နေပြည်တော်တွင် ကျင်းပခဲ့သည်။UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးခက်ထိန်နန်က “အမျိုးသားအဆင့် ဆွေးနွေးပွဲတွေကို ဆောင်ရွက်သွားမယ် ဆိုတာကို ဒီနေ့ပြန်ပြီးတော့ ဆွေးနွေး သဘောတူကြတာပေါ့။ အမျိုးသားအဆင့် ဆွေးနွေးမှုတွေ ဆောင်ရွက်ဖို့ ဆိုတာက NCA ရဲ့ သဘောတူညီချက် အတိုင်းပေါ့။ နောက်ပြီးတော့ နိုင်ငံရေး မူဘောင်မှာ ပါတဲ့ အခြေခံ အတိုင်းပေါ့။ နောက်ဆုံး အချက်က အမျိုးသားအဆင့် ဆွေးနွေးမှု အခြေခံ လမ်းညွှန်မှု ဆိုတာလည်း ရှိပြီးသား။ အဲဒီ အချက်တွေ အပေါ်မှာ မူတည်ပြီးတော့ ဆောင်ရွက်သွားမယ်။ ဒါကို ဆောင်ရွက်သွားတဲ့ နေရာမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို တင်ပြပြီးတော့ ဆောင်ရွက်သွားမယ်။ လောလောဆယ် ကျွန်တော်တို့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံရဲ့ လုပ်ငန်းကော်မတီတွေ မဖွဲ့သေးတဲ့ အချိန်မှာ ဒီကိစ္စကို UPDJC ကပဲ ဦးဆောင်ပြီးတော့ ဆွေးနွေးသွားဖို့ ဆိုတဲ့ဟာတွေ ဒီနေ့ ဆွေးနွေးပြီးတော့ သဘောတူထားတယ်” ဟု ဖေဖော်ဝါရီ ၂၀ ရက်က ပြောကြားသည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ လုပ်ငန်းကော်မတီတွေ မဖွဲ့နိုင်သေးမီ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်းကို UPDJC က ကြီးကြပ်ပေးမည် ဖြစ်ကြောင်း သိရသည်။“ဝန်ကြီး ဦးအောင်မင်း အနေနဲ့ ပြောတာက အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ညီလာခံလည်း ကျင်းပပြီးပြီ။ NCA လည်း ထိုးပြီးပြီဆိုတော့ NCA အရဆိုရင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲက ကျင်းပလို့ ရနေပြီကိုး။ ရနေပြီဆိုတော့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲက NCA ကို မကျော်လွန်ရဘူး။ နိုင်ငံရေး မူဘောင်ရှိတယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် ရေးထားတဲ့ လုပ်ငန်းလမ်းညွှန် ပုံစံလိုမျိုး ရှိတယ်။ အဲဒါတွေကို မကျော်လွန်ဘူးဆိုရင် ပြည်နယ်တွေ တိုင်းဒေသကြီးတွေမှာ ကျင်းပလို့ ရတယ် ဆိုတာကို ဒီမှာ ဆုံးဖြတ်တာပေါ့” ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးစိုင်းကျော်ညွန့်က ဆိုသည်။အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို လုပ်ငန်းကော်မတီများမှ ဦးဆောင်လမ်းညွန်၍ UPDJC မှ ချမှတ်ပေးထားသည့် အခြေခံ လမ်းညွန်များနှင့်အညီ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများမှ အစုအဖွဲ့ တစ်ဖွဲ့ချင်းသော် လည်းကောင်း၊ စုပေါင်း၍သော် လည်းကောင်း ကျင်းပနိုင်ကြောင်း နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် ပါရှိသည်။အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပြည်ထောင်စု အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ လွှတ်တော်များမှ ကိုယ်စားလှယ်များ၊ တပ်မတော်မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ၊ တရားဝင် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် အခြား ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်နိုင်ကြောင်းလည်း မူဘောင်တွင် ဖော်ပြထားသည်။အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် တိုင်းရင်းသား လူမျိုးများနှင့် ဆိုင်သော ကိစ္စရပ်များ၊ ဒေသ တစ်ခုချင်းနှင့် သက်ဆိုင်သော ကိစ္စရပ်များ၊ နိုင်ငံသား အများစုနှင့် ဆိုင်သော ကိစ္စရပ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်တွင် လည်းကောင်း၊ တစ်နိုင်ငံလုံး အဆင့်တွင် လည်းကောင်း ကျင်းပသွားနိုင်ကြောင်း သိရသည်။အဆိုပါ ဆွေးနွေးပွဲများမှ ချမှတ်သော အဆိုပြုချက်နှင့် အကြံပြုချက်ကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီများမှ တစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေး ဆုံးဖြတ်နိုင်ရန် တင်ပြသွားရမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent