နှစ်နိုင်ငံ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပြုထားသည့် ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသားများ ခရီးသွားလာမှု ယခင်နှစ်ထက် ရာခိုင်နှုန်း ၂၀ မြင့်တက်

နှစ်နိုင်ငံ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပြုထားသည့် ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသားများ ခရီးသွားလာမှု ယခင်နှစ်ထက် ရာခိုင်နှုန်း ၂၀ မြင့်တက်
Published 17 February 2016
မြတ်စုနိုင် အေးမို့မို့အောင်သူ

နှစ်နိုင်ငံ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ပေးထားသည့် ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ ခရီးသွားလာမှုမှာ ယခင်နှစ်ထက် ရာခိုင်နှုန်း ၂၀ တိုးမြင့်လာကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောကြားသည်။လက်ရှိတွင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ပေးထားသည့် အရှေ့တောင်အာရှနိုင်ငံများမှာ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းနိုင်ငံတို့ဖြစ်ပြီး မလေးရှားနှင့် စင်ကာပူနိုင်ငံတို့သည် ဗီဇာကင်းလွတ်ခွင့် မရရှိသေးကြောင်း သိရသည်။ထို့ပြင် ယခင်က ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသားခရီးသွား သွားရောက်လည်ပတ်မှုမှာ ရာခိုင်နှုန်းဖြင့်ကြည့်ပါက ရာခိုင်နှုန်း ၆၀ လောက်သာ ရှိသော်လည်း ဗီဇာကင်းလွတ်ခွင့် ရရှိပြီးနောက်ပိုင်းတွင် သွားရောက်လည်ပတ်မှုမှာ ရာခိုင်နှုန်း ၂၀ တိုးမြင့်လာကြောင်း သိရသည်။လက်ရှိတွင် မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လည်ပတ်ရာတွင် ရာခိုင်နှုန်းဖြင့် ကြည့်ပါက ထိုင်းနိုင်ငံသို့ ရာခိုင်နှုန်း ၈၀ ခန့်ရှိပြီး စင်ကာပူနိုင်ငံသို့ သွားရောက်လည်ပတ်မှုမှာ ရာခိုင်နှုန်း ၄၀ ရှိကာ အခြားပြည်ပနိုင်ငံများသို့ သွားရောက် လည်ပတ်မှုမှာ ရာခိုင်နှုန်း ၁၀ မျှသာရှိကြောင်း  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က သုံးသပ်ပြောကြားသည်။“ဗီဇာကင်းလွတ်ခွင့် ပေးလိုက်တဲ့နောက်ပိုင်း မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်မှုက အရင်ထက်စာရင် ရာခိုင်နှုန်း ၂၀ တိုးတက်လာပါတယ်။ အရင်တုန်းကဆိုရင် ရာခိုင်နှုန်း ၆၀ လောက်ပဲ ရှိတယ်။ နောက်ပြီး စင်ကာပူနိုင်ငံဆိုရင် မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံလိုပဲ သွားရောက်လည်ပတ်ချင်တယ်။ ဒါပေမဲ့ စင်ကာပူက ဗီဇာကင်းလွတ်ခွင့် မရသေးဘူးဆိုတော့ သွားရောက်လည်ပတ်မှုက နည်းတယ်။ စင်ကာပူ ခရီးသွားကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံသားတွေ ဝင်ရောက်ဖို့ကို ပုံစံအမျိုးမျိုးနဲ့ ဆွဲဆောင်ကြတယ်။ ထိုင်းနိုင်ငံကို သွားသလောက်တော့ တက်မလာဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှု စာရင်းတွင် ထိုင်းလူမျိုးများက အများဆုံးဝင်ရောက်လျက်ရှိသော်လည်း လိပ်ကျွန်းလူသတ်မှုဖြစ်ပွားပြီး နောက်ပိုင်းတွင် ခရီးသွားကုမ္ပဏီများမှ  ထိုင်းနိုင်ငံခရီးစဉ်များကို ဖျက်သိမ်းမှုများရှိခဲ့ကြောင်း ခရီးသွားလုပ်ငန်းရှင်အချို့က ပြောကြားသည်။ 

Most Read

Most Recent