ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပြန်လည်ကျင်းပ ၊၂၀၁၆-၂၀၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေကြမ်းအား တင်သွင်း

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပြန်လည်ကျင်းပ ၊၂၀၁၆-၂၀၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေကြမ်းအား တင်သွင်း
Published 15 February 2016
ကျော်ထင်

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးအား ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြန်လည်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခွင့်ရ လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦးအနက် လွှတ်တော်ကိုယ်စားလှယ် ၁၂၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ယင်းအစည်းအဝေးတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ စီမံကိန်းဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပြီး ၂၀၁၆ -၂၀၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က လွှတ်တော်သို့ တင်သွင်းကာ ရှင်းလင်းခဲ့သည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းတွင် စီမံကိန်းရည်မှန်းချက်ကို ၈ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားပြီး လယ်ယာကဏ္ဍတွင် ၄ ဒသမ ၃ ရာခိုင်နှုန်း၊ သားငါးကဏ္ဍတွင် ၃ ဒသမ ၆ ရာခိုင်နှုန်း၊ စက်မှုလက်မှုကဏ္ဍတွင် ၈ ဒသမ ၉ ရာခိုင်နှုန်း၊ လျှပ်စစ်ကဏ္ဍတွင် ၄ ဒသမ ၈ ရာခိုင်နှုန်း စသည်ဖြင့် တိုးတက်ရန် ရည်မှန်းထားပြီး သစ်တောကဏ္ဍတွင် ၃ ဒသမ ၂ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင် ၂ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးလျော့နည်းထုတ်လုပ်ရန် ရည်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က တင်ပြခဲ့သည်။အလားတူ ၂၀၁၆-၂၀၁၇  ခုနှစ် ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေကြမ်းအား ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေငွေစာရင်းပေါ်တွင် အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဘဏ္ဍာငွေရသုံးမှာ ယခင်နှစ်များနှင့်မတူဘဲ ပြည်ထောင်စုမှ မည်မျှထောက်ပံ့မည်ကို ကြိုတင်အကြောင်းကြားခဲ့သဖြင့် ထောက်ပံ့ငွေ မည်မျှရရှိမည်ကို ကြိုတင်သိရှိပြီး ဖြစ်ကြောင်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေမှ အကြောင်းအရာသုံးမျိုးဖြင့် ထောက်ပံ့ငွေ ရရှိခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၏ လိုငွေအား ထောက်ပံ့သည့်ငွေမှာ ၄၀ ဒသမ ၈၅၈ ဘီလျံဖြစ်ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ စုစုပေါင်းရငွေ ကျပ် ၃၃၆ ဒသမ ၂၁၈၅၇ ဘီလျံ ရရှိရန် ရည်မှန်းထားပြီး စုစုပေါင်းအသုံးစရိတ်မှာလည်း ကျပ် ၃၃၆ ဒသမ ၂၁၈၅၇ ဘီလျံဖြင့် ပိုငွေလိုငွေမရှိ ရေးဆွဲထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က လွှတ်တော်သို့ တင်ပြခဲ့သည်။   အဆိုပါ ဥပဒေကြမ်းနှစ်ခုစလုံးကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ဆွေးနွေးဆောင်ရွက်သွားမည်ဟု လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၁၇ ရက်တွင်  ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။                 

Most Read

Most Recent