ဘွဲ့ကြိုနှင့် ဘွဲ့ရလူငယ်များအတွက် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရန် လိုအပ်ဟု စစ်တမ်းတစ်ရပ်တွင် ဖော်ပြ

ဘွဲ့ကြိုနှင့် ဘွဲ့ရလူငယ်များအတွက် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရန် လိုအပ်ဟု စစ်တမ်းတစ်ရပ်တွင် ဖော်ပြ
Published 14 February 2016

 ပြည်တွင်းရှိ ဘွဲ့ကြိုနှင့် ဘွဲ့ရလူငယ်များအတွက် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရန် လိုအပ်ဟု work.com.mm ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်အနေဖြင့်၂၀၁၆ ခုနှစ် ဇန်နဝါရီမှ ဖေဖော်ဝါရီ ပထမအပတ်အထိ ပြည်တွင်းပြည်ပ လုပ်ငန်း ၃၈ ခုအား လုပ်ကိုင်ခွင့်ပြုခဲ့ရာတွင် ရာနှုန်းပြည့် နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၁၇ ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁၀ ခုနှင့် ဖက်စပ်နိုင်ငံခြားသားရင်းနှှီးမြှုပ်နှံ မှု ၁၀ ခုရှိကြောင်း သိရသည်။ ယင်းကဲ့သို့ ခွင့်ပြုခဲ့သည့် ရင်းနှီးမြုပ်နှံမှု ၃၈ ခုမှလည်း ပြည်ပရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီများ ပါဝင်ခြင်းကြောင့် ပြည်တွင်းပြည်ပ အလုပ်ကိုင်ပေါင်း ခြောက်ထောင်ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။“ဒီမှာ အလုပ်လာဝင်တဲ့ နိုင်ငံခြားသားတွေက အလုပ်သင်အနေနဲ့ ဝင်လာကြတာ များတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ ကောင်းတယ်ဆိုရင် အတည်ခန့်အပ်တာမျိုးတွေ ရှိတယ်။ ဒီလိုမျိုးဆိုရင် လူငယ်တွေအတွက်လည်း အတွေ့အကြုံရသွားတာပေါ့။ အမြဲတမ်း ခန့်အပ်ထားတဲ့ ဝန်ထမ်းတွေအတွက်ကျတော့ အလုပ်သင် အချိန်ပိုင်းဝန်ထမ်းတွေ ခန့်ပေးထားတဲ့အတွက် အလုပ်တွေ မနိုင်မနင်းဖြစ်တာတို့၊ အချိန်ပိုတွေ ခဏခဏဆင်းရတာတို့ မဖြစ်နိုင်ဘူး။ နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်ပါတယ်”ဟု work.com.mm လူမှု ဆက်ဆံရေးမန်နေဂျာ မဇင်မသက်မွန်က ပြောကြားသည်။ဘွဲ့ရပြီးသည့် လူငယ်များနှင့် ဘွဲ့ကြိုလူငယ်များအနေဖြင့် လုပ်ငန်းခွင်ထဲ စတင်ဝင်ရောက်ရာတွင် အလုပ်သင် စတင်ဝင်ရောက်ခြင်းဖြင့် လုပ်ငန်းအတွေ့အကြုံ များ သင်ယူရုံသာမက အပိုဝင်ငွေလည်း ရရှိနိုင်သည့်အတွက် လူငယ်များအတွက် များစွာအထောက်အကူ ပြုကြောင်း သိရသည်။ပြည်ပနိုင်ငံများတွင်လည်း ယင်းကဲ့သို့ ဘွဲ့ရလူငယ်များနှင့် ဘွဲ့ကြိုလူငယ်များအတွက် အလုပ်သင် စမ်းခန့်အလုပ်များ ပေးအပ်ပြီး မြန်မာနိုင်ငံတွင်မူ လူငယ်များအတွက် အချိန်ပိုင်းအလုပ် ဖန်တီးပေးနိုင်မှုနှင့် လုပ်ငန်းခွင်အကြို အလုပ်အကိုင်များ ဖန်တီးပေးနိုင်မှုများမှာ လိုအပ်ချက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပြည်ပအခြေစိုက်ကုမ္ပဏီများကသာ အလုပ်သင်အလုပ်ကိုင်များ ခေါ်ယူခန့်အပ်မှုများရှိနေကြောင်း သိရသည်။လက်ရှိအခြေအနေတွင် ပြည်တွင်းလုပ်ငန်းအများစုမှာ အလုပ်သင်ဝန်ထမ်း ခေါ်ယူခြင်း၊ အချိန်ပိုင်းဝန်ထမ်းများ ခေါ်ယူခြင်း အလေ့အထများ မရှိသလောက် နည်းပါးသည့်အတွက် အလုပ်ရှင်နှင့် အလုပ်သများအကြား ပဋိပက္ခပြဿနာများ တွေ့ကြုံဖြေရှင်းနေရဆဲ ဖြစ်သည်။အမြဲတမ်းဝန်ထမ်းများကို အချိန်ပိုမကြာ ခဏဆင်းခိုင်းခြင်း၊ အားလပ်ရက် မရှိခြင်း၊ အချိန်ပိုကြေး ထိုက်တန်စွာ မရရှိခြင်းစသည်တို့မှာ လတ်တလောတွင် ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာများဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

Most Read

Most Recent