မြိတ်ခရိုင် ပုလောမြို့နယ် ကျောက္ကာကျေးရွာတွင် လောင်ကျွမ်းခဲ့သော မီးကြောင့် အထက်တန်းကျောင်းခွဲ အပါအဝင် ဆိပ်ခံတံတားကြီး သုံးစင်း မီးလောင်ကျွမ်းခဲ့ပြီး ရေလုပ်ငန်း ဂိုဒေါင်အများအပြား မီးထဲပါသွားခဲ့ကြောင့်နှင့် ပင်လယ်ဒီရေကျချိန်တွင် လောင်ကျွမ်းသောကြောင့် ဆုံးရှုံးမှု ပိုမိုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
တံငါလုပ်ငန်း အဓိက လုပ်ကိုင်သည့် ပင်လယ်အတွင်းမှ ကျွန်းတစ်ကျွန်း ဖြစ်သော ကျောက္ကာကျေးရွာတွင် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီခန့်တွင် မီးပေါ့ဆမှုကြောင့် စတင် လောင်ကျွမ်းခဲ့ပြီး မွန်းလွဲ ၂ နာရီ မိနစ်၂၀ တွင်မှ မီးညွှန်းကျိုးခဲ့ကြောင်း သိရသည်။
“အမှတ် (၂) ရပ်ကွက်မှာ နေထိုင်တဲ့ မူလတန်းပြ ဆရာမ ဒေါ်အေးအေးစိုးရဲ့အိမ်မှာ လေးနှစ် ခြောက်လအရွယ် မိန်းကလေးငယ်က ဖယောင်းတိုင် မီးဆော့ကစားရာကနေ မီးစတင်လောင် ကျွမ်းတာဖြစ်ပါတယ်။ ဆရာမရဲ့တူမဖြစ်သူက ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကျွန်တော်တို့ရွာကို ရောက်လာပါတယ်။ သူနှင့်အမေဖြစ်သူလည်း ပါလာတာဖြစ်ပြီး အဲဒီသမီးလေးက ဖယောင်တိုင်မီးနှင့် ဆော့ကစားနေတာကို မသိလိုက်ကြဘူး။ မီးကခြုံထည်စောင်ကို လောင်ကျွမ်းပြီး အိမ်တွေကို ကူးစက်သွားတာပါ။ မီးလောင်တဲ့အချိန်မှာ ရေကျချိန် (ဒီရေကျချိန်) ဖြစ်တဲ့အတွက် ရေတွေစုပ်ပြီး မီးငြှိမ်းသတ်လို့မရခဲ့ဘူး။ လေကလည်း တိုက်နေတယ်ဆိုတော့ အမှတ် (၂)၊ အမှတ်( ၃ )၊ အမှတ် ( ၄ ) အားလုံး မီးထဲပါသွားတယ်။ ကျွန်တော်က မီးစလောင်တဲ့ အိမ်နှင့် ကပ်လျက်ရှိတဲ့အတွက် ဘာမှမသယ်ထုတ်လိုက်နိုင်ဘူး” ဟု ကျောက္ကာကျေးရွာမှ ဦးရဲအောင်က ပြောကြားခဲ့သည်။
ကျောက္ကာကျေးရွာတွင် ရပ်ကွက် လေးရပ်ကွက် ရှိသည့်အနက် သုံးရပ်ကွက် လောင်ကျွမ်းခဲ့ပြီး ဒေသခံများပြောကြားသည့် လောင်ကျွမ်းခံရသည့်အိမ်ခြေနှင့် တာဝန်ရှိသူများ ပြောကြားသည့် မီးလောင်ကျွမ်းခံရသည့် အိမ်ခြေမှာ ကွာဟမှုများ ရှိနေကြောင်း သိရသည်။
“အိမ်ခြေက ၄၁၅ လုံးရှိပါတယ်။ အဲဒီအထဲက ၂၁၇ လုံး လောင်ကျွမ်းခံရပြီး ၃၄ လုံးက ဖျက်လိုက်ရပါတယ်။ ဆုံးရှုံးမှုတန်ဖိုးက ကျွန်တော်တို့တွက်ချက်နေတုန်းပါ”ဟု မြိတ်ခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက ဆိုသည်။
ကျောက္ကာကျေးရွာတွင် အိမ်ခြေ ၉၀၀ ခန့်ရှိနိုင်ပြီး မီးလောင်ကျွမ်းခံရသည့် အိမ်ခြေမှာ ၆၀၀ အထိရှိနိုင်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ “အိမ်ခြေတွေက အရမ်းစိတ်ပါတယ်။ ဓနိမိုး၊ ယိုင်ကာအိမ်လေးတွေ များပါတယ်။ အိမ်ခြေက ၉၀၀ လောက်အထိ ရှိနိုင်ပါတယ်”ဟု ကျောက္ကာကျေးရွာ အုပ်ချုပ်ရေးမှူး ဒေါ်ဝါဝါနိုင်က ဆိုသည်။
မီးလောင်ကျွမ်းမှုကြောင့် ကျောက္ကာ အထက ( ခွဲ ) အပါအဝင် ဆိပ်ခံတံတားကြီး သုံးစင်းမီးလောင်ကျွမ်းခဲ့ပြီး ရေလုပ်ငန်း ဂိုဒေါင်အများအပြား မီးထဲပါသွားခဲ့ကာ ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး သိန်းထောင်ချီ ရှိနိုင်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ထားဝယ်စု၊ မြစ်ငယ်၊ မြို့သစ်နှင့် မြို့ပေါ်ရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုလောမြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အနီးနား ကျေးရွာများမှ ဒေသခံဦးရေ ထောင်ချီပြီး လာရောက် မီးငြိမ်းသတ်ပေးခဲ့သလို ငါးဖမ်းလှေများမှလည်း လာရောက် ကူညီ မီးငြှိမ်းသတ်ပေးခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ကျောက္ကာကျေးရွာသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မောင်မောင်စိုးနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများ လာရောက်ဆောင်ရွက်ပေးခဲ့ပြီး ပါတီအဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များလည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ မီးလောင်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပုလောမြို့နယ် ရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ် ကျောက္ကာကျေးရွာ မီးလောင်မှုတွင် အထက်တန်းကျောင်းခွဲ အပါအဝင် ဆိပ်ခံတံတားကြီး သုံးစင်း မီးလောင်ကျွမ်းခဲ့ပြီး ရေလုပ်ငန်း ဂိုဒေါင်အများအပြား မီးထဲပါသွားခဲ့















