အာဖရိက၏ ဂျီဟတ်နှိမ်နင်းရေး စစ်ပွဲတွင် ဖြတ်လမ်းမရှိဟု အမေရိကန် အထူးတပ်ဖွဲ့ ခေါင်းဆောင် ပြောကြား

အာဖရိက၏ ဂျီဟတ်နှိမ်နင်းရေး စစ်ပွဲတွင် ဖြတ်လမ်းမရှိဟု အမေရိကန် အထူးတပ်ဖွဲ့ ခေါင်းဆောင် ပြောကြား
Published 10 February 2016

ဂျီဟတ် အဖွဲ့အစည်းများသည် နည်းစနစ် အသစ်များ အသုံးပြုလာနေသည့်အပြင် တိုက်ခိုက်ရေးသမား အများအပြားကိုလည်း ပိုမိုစုဆောင်းမိလာပြီး ၎င်းတို့ အချင်းချင်းလည်း အပြန်အလှန် သင်ယူနိုင်ကြသောကြောင့် အာဖရိကနိုင်ငံများ အနေဖြင့် ထိုအဖွဲ့များကို ကာလရှည်ကြာ တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားရန် လိုအပ်ကြောင်း အာဖရိက အထူးစစ်ဆင်ရေးဆိုင်ရာ အမေရိကန်တပ်မှူး ဗိုလ်ချုပ်ကြီးက ပြောကြားခဲ့သည်။“ဒီလို စစ်ပွဲမျိုးက ကာလရှည်ကြာ တိုက်ရမှာပါ။ ဖြတ်လမ်း မရှိပါဘူး။ ခင်ဗျားတို့ဟာ ကိုယ့်လမ်းကြောင်းပေါ် ရှိနေရမှာဖြစ်ပြီး လူတိုင်းပူးပေါင်း ပါဝင်ဖို့ လိုအပ်ပါတယ်။ ဒီဂျီဟတ်တွေ ပြန်လည်ထကြွ လာနိုင်တာကိုလည်း ပေါ့ပေါ့တွက်လို့ မရပါဘူး” ဟု ဒါကာသို့ ရောက်ရှိနေသော ဗိုလ်မှူးကြီး ဒေါ်နယ်ဗိုဒက်က ပြောကြားခဲ့သည်။အာဖရိကနိုင်ငံပေါင်း ၃၀ ကျော်မှ အထူးတပ်ဖွဲ့ဝင် ၁၇၀၀ ခန့် ပါဝင်သည့် Flintlock ဟုခေါ်သော နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုကြီးကို အမေရိကန်က စတင်နေစဉ် ဗိုဒက်က ဖေဖော်ဝါရီ ၈ ရက်တွင် ယခုကဲ့သို့ ပြောကြားခဲ့သည်။အာဖရိကတိုက်မှ ဂျီဟတ်များသည် ဈေးများ၊ လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်မှု မြင့်တက်လာသည့်အတွက် ယခု စစ်ရေးလေ့ကျင့်မှုတွင် အထူးသဖြင့် မြို့တွင်း စစ်ပွဲအခြေအနေနှင့် ရဲနှင့် စစ်တပ်တို့၏ ကြိုတင်ပြင်ဆင်မှုများကို တိုးတက်လာရေးအတွက် ဦးစားပေး လေ့ကျင့်နေသည်ဟု သိရသည်။ “ကျွန်တော်တို့ လုပ်ဆောင်ရမယ့် အရေးကြီး စစ်ရေးလေ့ကျင့်မှုကတော့ ရဲတပ်ဖွဲ့ကို စစ်ရေးလေ့ကျင့်မှုတွေ ပေးရမှာ ဖြစ်ပါတယ်” ဟု ဗိုဒက်က ပြောကြားခဲ့သည်။ တိုက်ပွဲများတွင် ဂျီဟတ်အကျအဆုံး များနေသော်လည်း အာဖရိကတိုက် တစ်ဝန်းတွင် ဂျီဟတ်တို့သည် လက်ဦးမှု ရအောင် တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည်ဟု ဗိုဒက်က သတိပေးခဲ့သည်။နိုင်ဂျီးရီးယားမှ ဘိုကိုဟာရမ်တို့ကို ဒေသတွင်း တပ်ပေါင်းစုဖြင့် ပြီးခဲ့သည့်နှစ်က စတင်တိုက်ခိုက်ခဲ့ကြသည်။ ဘိုကိုဟာရမ်တို့သည် နိုင်ဂျီးရီးယားနိုင်ငံ တစ်ဝန်းတွင် အသေခံ ဗုံးခွဲမှုများ၊ ဗုံးဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့မှုများကြောင့် သေဆုံးခဲ့ရသည့် အရပ်သား ထောင်ချီ ရှိနေပြီဖြစ်သည်။ ဘာကီနာဖာဆိုနှင့် မာလီတို့တွင် ဖြစ်ပေါ်နေသော ဟိုတယ်တိုက်ခိုက်မှုများကို AI-Qaeda in the Islamic Maghreb (AQIM) အဖွဲ့က ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ကြသည်။ အယ်ကေးဒါးနှင့် ဆက်နွှယ်သော အယ်ရှာဘတ်များသည် အရှေ့အာဖရိကတွင် ၎င်းတို့၏ နယ်မြေများ ဆုံးရှုံးနေသော်လည်း တိုက်ခိုက်မှုများ၊ အသေခံ ဗုံးခွဲမှုများကို ပုံမှန် လုပ်ဆောင်နေဆဲဖြစ်သည်။Ref: AFP

Most Read

Most Recent