အယ်လ်နီညို ရာသီဥတုကြောင့် ကမ္ဘာ့နိုင်ငံများ ဆန်ကို ကြိုတင်ဝယ်ယူ စုဆောင်းနေချိန် မြန်မာနိုင်ငံ အနေဖြင့် ပြည်တွင်းဆန် ဖူလုံမှုနှင့် ပြည်ပဆန် တင်ပို့မှုများကို သုံးသပ်သင့်ဟုဆို

အယ်လ်နီညို ရာသီဥတုကြောင့် ကမ္ဘာ့နိုင်ငံများ ဆန်ကို ကြိုတင်ဝယ်ယူ စုဆောင်းနေချိန် မြန်မာနိုင်ငံ အနေဖြင့် ပြည်တွင်းဆန် ဖူလုံမှုနှင့် ပြည်ပဆန် တင်ပို့မှုများကို သုံးသပ်သင့်ဟုဆို
Published 29 January 2016
နီလာ

အယ်လ်နီညို ရာသီဥတုကြောင့် ကမ္ဘာ့နိုင်ငံများမှ ဆန်ကို ကြိုတင်ဝယ်ယူ စုဆောင်းနေချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် ပြည်တွင်းဆန် ဖူလုံမှုနှင့် ပြည်ပသို့ ဆန်တင်ပို့မှုများကို သုံးသပ်သင့်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
"အယ်လ်နီညို ရာသီဥတုကြောင့် ကမ္ဘာ့နိုင်ငံ တော်တော်များများက ဆန်ကိုတိုးမြှင့် ဝယ်ယူစုဆောင်း နေချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံက ကုန်သွယ်မှုကို စိစစ်သင့်ပါတယ်။ အမြဲတမ်းကြီး ကန့်သတ်နေဖို့ မဟုတ်ပါဘူး။ အရေးကြီးတဲ့ အချိန်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ ဆန်စပါးပေါ်လစီနဲ့ ဆန်စပါးကဏ္ဍကို ထည့်သွင်းဆောင်ရွက် စေချင်ပါတယ်" ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ တွဲဖက်အတွင်းရေးမှူး ကိုနေလင်းဇင်က ပြောကြားသည်။
အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည်တို့တွင် ဆန်ဝယ်ယူနေမှုများနှင့် ပတ်သက်ပြီး "ဖိလစ်ပိုင်က တစ်နှစ်ကို ဆန်ရှစ်သန်းလောက် စားတယ်။ ဒါပေမဲ့ ပြည်တွင်းက ခြောက်သန်းလောက်ပဲ ထွက်တယ်။ ဆိုတော့ တစ်နှစ်ကို နှစ်သန်းလောက် ဝယ်ရတယ်။ အဲဒီတော့ ဖိလစ်ပိုင်က ဆန်လိုဒေသပေါ့နော်။ ဖိလစ် ပိုင်က ၂၀၁၆ ရာသီဥတုလို ၁၉၉၇ တုန်းက ဖြစ်ခဲ့ဖူးတယ်။ ၁၉၉၇ အဲဒီလိုဖြစ်တုန်းက သူတို့နိုင်ငံ ဆန်ထုတ်လုပ်မှုက ၂၄ ရာခိုင် နှုန်းကျသွားတယ်။ အဲဒီအတွက် သူတို့ဆန် ပိုဝယ်ရတယ်။ အဲဒီလိုနှစ်တွေမှာ ဆန်ကို နိုင်ငံခြားကနေ အမြောက်အမြားဝယ်ရ တယ်။ ထိုင်းမှာ ဒီနှစ်မိုးခေါင်တော့ ရေရှားတယ်။ ၂၀၁၅ မှာ မိုးခေါင်တော့ သူတို့ စိုက်ဧကရဲ့ ရာခိုင်နှုန်း ၂၀ လောက်က ရေမရဘူး။ အဲဒီအတွက်လည်း အထွက်ကျမယ်။ အင် ဒိုနီးရှားကလည်း ဆန်တွေဝယ်နေပါတယ်" ဟု ကိုနေလင်းဇင်က ဆက်လက်ပြောကြားသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်နဝါရီ ၈ ရက်အထိ ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ကိုးသိန်းနီးပါး တင်ပို့ခဲ့မှုမှ တန်ဖိုးအမေရိကန်ဒေါ်လာ ၃၂၁ သန်းကျော် ရရှိခဲ့သော်လည်း ယခင်နှစ် ကာလတူထက် တန်ချိန်အားဖြင့် ၁၆၀၀၀၀ ကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ယခင်နှစ်ကာလတူထက် တန်ချိန် ၁၆၀၄၂၃ ကျော်၊ တန်ဖိုးအားဖြင့် အမေရိ ကန်ဒေါ်လာ ၆၅ သန်းကျော် လျော့ကျနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ကာ ပြည်ပတင်ပို့မှု အနေအထားကို လေ့လာကြည့်ပါက ဆန်စပါး ကုန်သွယ်မှုမှာ တက်လာပြီး ထုတ်လုပ်မှုမှာ ကျဆင်းလာကြောင်း၊ ယင်းသို့သော အနေအထားမှာ စိုးရိမ်စရာဖြစ်ကာ စိုက်ဧက ကျဆင်းလာနေမှုမှာလည်း အန္တရာယ် ရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဦးသောင်းဝင်းက ဆိုသည်။                 

Most Read

Most Recent