တိုင်းပြည်ကို ပညာရေးနဲ့ ပျိုးထောင်ပါ

တိုင်းပြည်ကို ပညာရေးနဲ့ ပျိုးထောင်ပါ
Published 4 January 2016
ဘစံကောက်

ပညာရေးချို့တဲ့ရင် တိုင်းပြည် အနာဂတ်ချို့တဲ့မယ်။
ပညာရေးညံ့ရင် တိုင်းပြည်အနာဂတ်ညံ့မယ်။
ပညာရေးကောင်းမှ တိုင်းပြည် ကောင်းမယ်။
ပညာအင်အားရှိမှ တိုင်းပြည် အင်အားရှိမယ်။
ပညာရေးဆိုတာ တိုင်းပြည် တစ်ပြည်ရဲ့ အဓိကအကျဆုံး သယံဇာတပဲ။
ပညာရေးမှာ ထိုက်ထိုက်တန်တန် ရင်းနှီးမြုှပ်နှံခြင်းဟာ တိုင်းပြည်ကို ပျိုးထောင်ခြင်းပဲ။
                                                                                                                         ဦးရာဇာတ်

တစ်နေ့က စာအုပ်စင်ကို မွှေရင်းနဲ့ မိတ်ဆွေတစ်ယောက် လက်ဆောင်ပေးထားတဲ့  စာအုပ်ကလေး တစ်အုပ် သွားတွေ့တယ်။ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ "ပညာရဲ့သဘော"စာအုပ်ကလေးပါ။
စာအုပ်ကလေးက လက်တစ်ဝါးစာ အရွယ်လောက်သာရှိပေမယ့် အထဲမှာ ရေးထားတဲ့ ဆရာရဲ့အတွေးအမြင်၊ အတွေ့အကြုံ၊ ဗဟုသုတစတဲ့ ပညာနဲ့ ပတ်သက်တဲ့ ဖော်ပြချက်တွေကတော့ ကျမ်းစာတစ်အုပ်လောက် ပမာဏရှိပါတယ်။ အထူးသဖြင့် ဒီကနေ့ ပညာရေး ပညာရေးလို့ လူတွေ ပြောပြောနေကြတဲ့စကားရဲ့ အနှစ်အသားကျတဲ့ ပညာရှင်များရဲ့ ယူဆချက်၊ စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့အမြင်နဲ့ သဘောတရားကို ဒီစာအုပ်ငယ်လေးထဲမှာ တပေါင်းတစည်းတည်း သွားတွေ့ရတော့ ဘယ်လိုပဲဖြစ်ဖြစ် စာဖတ်သူကို မျှဝေရရင် ကောင်းမှာပဲလို့တွေးပြီး ဒီဆောင်းပါးလေးကို ရေးဖြစ်သွားတာပါပဲ။
ကျွန်တော်တို့တွေ ပြောပြောနေတဲ့ ပညာရေး (Education) ဆိုတဲ့ စကားရပ်က လက်တင်ဘာသာ စကား (Educere) က ဆင်းသက်လာတာ ဖြစ်တယ်လို့ ဦးစွာနားလည်ရပါတယ်။ ဆိုလိုရင်းအဓိပ္ပာယ် ရမယ် ထင်ပါတယ်။ လူ့အသိဉာဏ်ကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ယူခြင်းလို့ အဓိပ္ပာယ်ရမယ် ထင်ပါတယ်။ လူ့အသိဉာဏ်ကို ဖွံ့ဖြိုးတိုးတက်အောင် ဒါမှမဟုတ် ရှိပြီးသား လူ့အသိဉာဏ်ထဲကမှ အကောင်းဆုံး အရည်အချင်း စွမ်းရည်သတ္တိတွေကို စစ်ထုတ်ယူပြီး လူ့ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်အောင် လေ့ကျင့်ပေးတဲ့ သဘောက ပညာရေးရဲ့သဘောဖြစ်တယ်လို့ ို ပါတယ်။ ဒီလို လေ့ကျင့်ယူတဲ့နေရာမှာလည်း အခြေခံအကျဆုံး စွမ်းရည်သတ္တိ သုံးမျိုးကိုပဲ အဓိကထားပြီး လေ့ကျင့်ယူပါတယ်။ အဲဒါတွေကတော့ Skill လို့ခေါ်တဲ့ ကျွမ်းကျင်မှု အတတ်ရယ်၊ Mind လို့ခေါ်တဲ့ ကောင်းမြတ်တဲ့စိတ်ရယ်၊ Character လို့ခေါ်တဲ့ စာရိတ္တကို ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပြီး မွေးမြူယူတာပါပဲ။ ဒီအချက်တွေဟာ ပညာရေးရဲ့ ရည်ရွယ်ချက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီသုံးချက်အနက်ကမှ အရေးကြီးဆုံးနဲ့ အဓိကအကျဆုံး အချက်ကတော့ စိတ်နဲ့စာရိတ္တပါပဲ။ Skill လို့ခေါ်တဲ့အတတ်နဲ့ ကျွမ်းကျင်မှုဟာ အသိလို့ခေါ်တဲ့စိတ်နဲ့ စာရိတ္တ မဦးစီးရင် ပြီးပြည့်စုံတဲ့ ပညာရေးလို့ မဆိုနိုင်သလို စိတ်နဲ့ စာရိတ္တကလည်း အတတ်မရှိရင် မပြည့်စုံနိုင်ပါဘူး။ တကယ်တော့ ဒီအချက်သုံးချက်ဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် အမှီသဟဲပြုပြီး ဆက်သွယ်နေတာလို့ ဆိုပေမယ့် စိတ်ထားကောင်းရှိမှုနဲ့ စာရိတ္တပိုင်းက ပိုပြီးအဓိကကျရတဲ့ အကြောင်းကတော့ ရာဇဝင်ကြောင်းလေးနဲ့ ပုံထုတ်ပြီးပြမှ ပိုပြီးသိသာနိုင်ပါလိမ့်မယ်။ တစ်နေ့ညီလာခံမှာ ဘိုးတော်ဘုရားက အမတ်ကြီးဦးပေါ်ဦးကို "မိုးဓားစား အမတ်ကြီးက ပညာဂုဏ်နဲ့ အလွန်မာန်စွယ်ဖြစ်နေတယ်လို့ ကြားရတယ်။ ဟုတ်သလား"လို့ မေးတဲ့အခါ ဦးပေါ်ဦးက "မှန်လှပါ မိုးဓားစားအမတ်ကြီးမှာ ပညာတည်းဟူသော အမြီးပေါက်ခြင်းသည် ခွေးမှာပေါက်တဲ့ အမြီးနဲ့တူပါတယ် ဘုရား။ ဆင်၊ မြင်း၊ ခြင်္သေ့တို့မှာ ပေါက်တဲ့ အမြီးက မှက်၊ ခြင်၊ ယင်တို့ကိုလည်း ခြောက်နိုင်ပါတယ်။ မိမိရဲ့အင်္ဂါဇာတ်ကိုလည်း အရှက်လုံအောင် ဖုံးနိုင်ပါတယ်။ သို့သော် ခွေးမှာပေါက်တဲ့ အမြီးကတော့ မှက်၊ ခြင်၊ ယင်တို့ကိုလည်း ခြောက်လို့မရ၊ မိမိရဲ့ အရှက်အင်္ဂါဇာတ်ကိုလည်း ဖုံးလို့မရ ဖြစ်တဲ့အတွက် မိုးဓားစားအမတ်ကြီးက ပညာရှိသူပင်မှန်သော်လည်း ပညာတည်းဟူသော မာနနဲ့ အမြီးတထောင်ထောင် ဖြစ်နေတဲ့အတွက် သူတစ်ထူးကိုလည်း အကျိုးမပြုနိုင် မိမိအကျိုးကိစ္စလည်း မပြီးနဲ့ ပညာရှိတို့ အလယ်မှာ ရှက်ဖွယ်လိလိ ဖြစ်နေကြောင်းပါ"လို့ လျှောက်တင်ခဲ့ဖူးတာကိုကြည့်ရင် အတတ်နဲ့ ကျွမ်းကျင်မှုက ပညာပင်မှန်သော်လည်း အသိမပါရင် မပြည့်စုံဘူးဆိုတာ သိနိုင်ပါတယ်။
အမရပူရ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ကိုယ်တော်တိုင်ကလည်း သူ့တပည့်ရဟန်းတွေကို ဆုံးမတဲ့အခါ စာတတ်ဖို့ကို နောက်ထားပြီး စိတ်ကောင်းထားရှိမှုကို ဦးစားပေးဖို့ အမြဲသွန်သင် ဆုံးမတတ်တာလည်း တွေ့ရပါတယ်။ ဆရာတက္ကသိုလ်ဘုန်းနိုင်ကတော့ ပညာသင်ယူတဲ့ အခါ မြတ်စွာဘုရားဟောကြားတဲ့ "ပဓာနိယင်္ဂတရားငါးပါးကို လိုက်နာကြဖို့ အကြံပေးပါတယ်။ ဒီငါးပါးအနက်မှ အချက်လေးချက်ကို အထူးလိုက်နာသင့်တယ်လို့ ဆရာက ထောက်ပြပါတယ်။ အဲဒီအချက် လေးချက်ထဲမှာ ပထမဆုံးသိသင့်တဲ့ အချက်ကတော့ 'သဒ္ဓါ' ပါပဲ။ သဒ္ဓါကို မြန်မာတို့က စေတနာ သို့တည်းမဟုတ် ယုံကြည်ခြင်းလို့ နားလည်ကြပါတယ်။ အဲဒီစကားရပ်ထဲမှာ 'ယုံ' ဆိုတဲ့ သဒ္ဒါကတစ်မျိုး၊ 'ကြည်'ဆိုတဲ့ သဒ္ဒါကတစ်မျိုး နှစ်မျိုးရောပါနေတာ သတိပြုသင့်ပါတယ်။ 'ယုံ' ဆိုတာကတော့ ရတနာသုံးပါးကို ယုံတာ၊ ကောင်းမှု မကောင်းမှု၊ ကုသိုလ်အကုသိုလ်ကို ယုံတာကို ဆိုလိုပါတယ်။ အထူးသဖြင့် အမှန်တရားနဲ့ မမှန်တရားကို ခွဲခြားသိမြင်ပြီး အမှန်တရားကို မြတ်နိုးတဲ့စိတ်ဟာ 'ယုံ' ခြင်းသဘောပါပဲ။ ကုသိုလ်တရား အမှန်တရားကို မြတ်နိုးတဲ့စိတ်ဟာ အမြဲကြည်လင်နေတာမို့ စိတ်ရဲ့ကြည်လင်တဲ့ သဘောကပဲ 'ကြည်'ဆိုတဲ့ သဒ္ဒါရဲ့အနက်ကို ဆောင်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ 'သဒ္ဓါ' ရဲ့သဘောက အမှန်တရားကို သိမြင်နားလည်ပြီး မြတ်နိုးနှစ်သက်ခြင်းကို ဆိုလိုတာပါပဲ။
နောက် ဒုတိယ"အပ္ပဗာဓော" ကျန်းမာနေမယ်လို့ ဆိုလိုပါတယ်။ ပညာရှာတဲ့သူက ကျန်းမာဖို့လိုပါတယ်။ ဒါကြောင့် ပညာသင်ကြားနေကြတဲ့ ကလေးငယ်တွေ ကျန်းမာဖို့၊ ကြံ့ခိုင်ဖို့၊ ကျန်းမာရေး အသိအမြင်ကြွယ်ဝဖို့၊ ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်တတ်ဖို့၊ အားကစားကအစ စားသောက်တဲ့ အာဟာရအထိ ပြုပြင်ပေးဖို့ကိစ္စဟာ မိဘတိုင်းမှာရော ဆရာတိုင်းမှာပါ တာဝန်ရှိပါတယ်။ မကျန်းမာတဲ့ ကလေးတစ်ယောက်ဟာ ပညာရေးကိုလည်း အာရုံစိုက်နိုင်မှာ မဟုတ်သလို မကျန်းမာတဲ့လူငယ်တွေနဲ့ တိုင်းပြည်ကို ဘယ့်နှယ့်လုပ် တည်ဆောက်နိုင်ပါ့မလဲ။ ဒါက အရေးကြီးပါတယ်။
နောက် တတိယအချက်က"ဝီရိယော" ဝီရိယရှိရမယ်။ ကြိုးစားအားထုတ်နေရမယ်။ ပျင်းနေလို့မဖြစ်ဘူး။ မပျင်းရဘူးလို့ဆိုတာပါပဲ။ ပျင်းနေတဲ့သူတွေက လက်ရှိဘဝမှာ ရနိုင်တဲ့ အကျိုးစီးပွား ခြောက်မျိုး ဆုံးရှုံးနိုင်ပါတယ်။ ပျင်းတဲ့သူဟာ အတတ်ပညာမရနိုင်ပါဘူး။ အတတ်မရှိတော့ အသက်မွေးမှုမှာ ပင်ပန်းရလိမ့်မယ်။ ဥစ္စာမရနိုင်ဘူး။ အဆွေခင်ပွန်းမရှိဘူး။ ကြွယ်ဝချမ်းသာမှု မရှိတော့ ကုသိုလ်လည်းမပြုနိုင်ဘူး။ တရားမရှာနိုင်တော့ နိဗ္ဗာန်နဲ့လည်း ဝေးတော့တာပေါ့။ ဒါ့ကြောင့် ပညာရှာတဲ့သူတွေဟာ အချက်ရှစ်ချက်ကို လိုက်နာဖို့လိုပါတယ်။ အဲဒီအချက်တွေကတော့ ကြားနာရမယ်၊ ကြံစည်စဉ်းစားရမယ်။ မေးမြန်းရမယ်။ ဆွေးနွေးရမယ်။ စူးစမ်းရမယ်။ ရေးသားရမယ်။ လေ့ကျင့်ရမယ်။ ကျက်မှတ်ရမယ်လို့ဆိုပါတယ်။ အဲဒီအချက်တွေက ပျင်းနေတဲ့သူတွေ လုပ်လို့မရပါဘူး။ ဒါ့ကြောင့် ပညာရှာရင် မပျင်းရဘူးလို့ နားလည်ကြဖို့ လိုပါတယ်။
နောက် နံပါတ်လေးအချက်အနေနဲ့ "အမာယာဝီ" မလိမ်ရဘူး။ မလှည့်ဖြားရဘူး။ မကောက်ကျစ်ရဘူးလို့ ဆိုပါတယ်။ သူတစ်ပါးကိုလည်း မလိမ်နဲ့၊ မကောက်ကျစ်နဲ့။ မိမိကိုယ်ကိုယ်လည်း မကောက်ကျစ်နဲ့ မလိမ်နဲ့။ မသိတာကို မသိဘူး။ မမှန်တာကို မမှန်ဘူး။ မဟုတ် မတရားတာကို မဟုတ်ဘူး မတရားဘူးလို့သိပြီး အမှန်တရားကို ချစ်မြတ်နိုးတဲ့ စိတ် မဟုတ်မတရား လုပ်တာကို မနှစ်သက်တဲ့စိတ်မျိုး မွေးနိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒါက အရေးကြီးတဲ့ အချက်ပါ။ ဒီအချက်ကိုမလိုက်နာနိုင်ရင် ဘယ်လောက်ပဲ ပညာရှိရှိ ယုတ်မာတဲ့သူ အချိန်မရွေး ဖြစ်သွားနိုင်ပါတယ်။ ပညာရေးက ဒီအချက်ကို ဂရုစိုက်ပြီး ပြုစုပျိုးထောင်ယူ တာဖြစ်ပါတယ်။
ဆိုရရင် ပညာရေးဆိုတာ တိုင်းပြည်တစ်ပြည်အတွက် အရေးကြီးပြီး အဓိကကျတယ်ဆိုတာ သိသာနိုင်ပါတယ်။ ဥပမာအားဖြင့် ဒုတိယကမ္ဘာစစ်အပြီး ပြာပုံဘ၀ ကျရောက်သွားခဲ့ရတဲ့ ဂျပန်နိုင်ငံဟာ သူ့နိုင်ငံတိုးတက်ရေးကို ပညာနဲ့ ပြန်လည် ထူထောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျပန်ပြည်ဟာ ပြာပုံပါပဲ။ ဘာမှမရှိတော့ဘူး။ စာသင်ကျောင်းတွေတောင်မှ မရှိတော့ပါဘူး။ ဒီတော့ ဂျပန်တွေက ပညာရေးကဏ္ဍကို ဦးစားပေးပြီး တည်ဆောက်ပါတယ်။ ကျန်တဲ့အစိုးရဌာနတွေ အကုန်လုံးက နောက်ဆုတ်ပေးရပါတယ်။ ဒီလိုနဲ့ ၁၉၅၀ ကျော်လွန် နှစ်များရောက်သွားတဲ့အခါမှာတော့ ဂျပန်နိုင်ငံဟာ ကမ္ဘာနဲ့အမှီ ပြန်ပြီး တိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်ကို ရောက်လာရပါတော့တယ်။
ဒါနဲ့ပတ်သက်ပြီး ဆရာမှတ် ချက်ပြုပြောကြားတဲ့ စကားလေးတစ်ခွန်းက"ပညာရေးဆိုတာကတော့ အမြဲတမ်း ကြိုးပမ်းနေရမယ့်ကိစ္စ၊ အမြဲတမ်း မျက်စိရှင်ရှင် နားရှင်ရှင် ထားပြီးတော့ သတိလည်းအလွန်ကြီးမှ တန်ရုံကျမယ်"ဆိုတဲ့စကားလေး တစ်ခွန်းပါ။ မှန်ပါတယ်။ ပညာရေးဆိုတာ တစ်ဦးတစ်ယောက်တည်း အတွက်ရည်ရွယ်ပြီး လုပ်ဆောင်တဲ့ ကိစ္စဆိုတာထက် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်တွေကို ပြုစု ပျိုးထောင်လေ့ကျင့်ပေးနေတာဖြစ်လို့ ပညာရေးနဲ့ပတ်သက်ရင် ပညာသင်ယူနေတဲ့ လူငယ်တွေ သာမက သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ နိုင်ငံကို တာဝန်ယူ အုပ်ချုပ်နေတဲ့ အစိုးရတွေ ကိုယ်တိုင်ကလည်း အမြင်ကျယ်ဖို့လိုသလို ခံယူချက်ရှိပါမှလည်း ပညာရေးဟာ နိုင်ငံကို အကျိုးပြုတဲ့ကဏ္ဍတစ်ရပ်အဖြစ် အမြဲတမ်း ရှင်သန်နေနိုင်မှာ ဖြစ်ပါတယ်။
တကယ်တော့"ပညာရေးမှာ ထိုက်ထိုက်တန်တန် ရင်းနှီးမြှုပ်နှံခြင်းဟာ တိုင်းပြည်ကို ပျိုးထောင်ခြင်းပါပဲ"

Most Read

Most Recent