ွှThe Monk ရုပ်ရှင်ဇာတ်ကားကို အမေရိကန်တွင် ပြုလုပ်မည့် White Head International Film Festival တွင် ပြသရန် ရွေးချယ်

ွှThe Monk ရုပ်ရှင်ဇာတ်ကားကို အမေရိကန်တွင် ပြုလုပ်မည့် White Head International Film Festival တွင် ပြသရန် ရွေးချယ်
Published 12 December 2015

 
The Monk ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံတွင် ပြုလုပ်မည့် White Head International Film Festival တွင်ပြသရန် ရွေးချယ်ထားသည်ဟု သတင်းရရှိသည်။ 
 
အဆိုပါ ရုပ်ရှင်ပွဲတော်ကို ဇန်နဝါရီ ၁၅ ရက်မှ ၁၈ ရက်အထိ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ကလဲရီမောဒ်မြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ The Monk မြန်မာ ရုပ်ရှင်ဇာတ်ကားကို တတိယအကြိမ်မြောက်အဖြစ် အမေရိကန်နိုင်ငံတွင် ပြသနိုင်မည်ဖြစ်ကြောင်း သိရသည်။ 
 
“ The Monk ဇာတ်ကားကို အမေရိကန်နိုင်ငံမှာ ပြုလုပ်မယ့် White Head International Film Festival မှာပြသဖို့ ရွေးချယ်ထားပါတယ်။ ဒီရုပ်ရှင်ပွဲတော်က ကမ္ဘာတစ်လွှားက ကွဲပြားမှုတွေကို အပြန်ပြန်အလှန်လှန် နားလည်မှုဖော်ဆောင်ဖို့ ရည်ရွယ်ပြုလုပ်တဲ့ပွဲပါ။ ပြုလုပ်မယ့် မြို့ကလည်း တက္ကသိုလ်ကျောင်းတွေ အများစုရှိတဲ့မြို့ပါ။ ပညာရှင်တွေ ပညာတတ်တွေ အများစုရှိတဲ့ မြို့မှာ The Monk ကိုပြသဖို့ရွေးချယ်တဲ့အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော်ကလည်း ရုပ်ရှင်မှာ art house film လမ်းကြောင်းကို သဘောကျတော့ အသိဉာဏ်များနဲ့ ပျော်မွေ့ရာအသိုင်းအဝိုင်းက စိတ်ဝင်စားတဲ့အတွက် ပိုပြီး ပီတိဖြစ်ရပါတယ်” ဟု The Monk ရုပ်ရှင်ဇာတ်ကား၏ ဒါရိုက်တာ သည်မော်နိုင်က ရှင်းပြခဲ့သည်။ 
 
The Monk မြန်မာရုပ်ရှင်ဇာတ်ကားတွင် သာသနာ့ဘောင်အတွင်း ဝင်ရောက်နေသော သံဃာငယ်လေးတစ်ပါး ကြုံတွေ့ရသော လောကဓံများကြားတွင် ရုန်းကန်ရပုံကို ရိုက်ကူးပုံဖော်ထားပြီး သာသနာ့ဘောင်အတွင်းမှ သံဃာတော်များ၏ ရုန်းကန်လှုပ်ရှားရမှုများ၊ လောကီအရေးနှင့် သာသနာ့အရေး အကြားခံစားရမှုများကို ပုံဖော်ထားခြင်း ဖြစ်သည်။ 
 
White Head International Film Festival တွင် ပြသရန်ရွေးချယ်ထားသည့် ဇာတ်ကားများမှာ Outliving Emily ၊ The Monk ၊ Dreams ၊ Margarita with a straw ၊ Seven Days ၊ Everywhere and Forever-Mahler's song of the earth ၊ Today ၊ Marie's Story ၊ Secrets of War ၊ An Italian Name ဇာတ်ကားများဖြစ်ကြောင်း သိရသည်။ 
 
The Monk မြန်မာရုပ်ရှင်ဇာတ်ကားမှာ နိုင်ငံတကာရုပ်ရှင်ပွဲတော် အများအပြားတွင် ပြသရန်ရွေးချယ်ခံရပြီး ဆုများလည်းရရှိထားသည့် ဇာတ်ကားတစ်ကား ဖြစ်သည်။             လင်းလင်းခိုင်

Most Read

Most Recent