အကယ်ဒမီ နေတိုးနှင့် တွေ့ဆုံခြင်း

အကယ်ဒမီ နေတိုးနှင့် တွေ့ဆုံခြင်း
Published 8 December 2015
လင်းလင်းခိုင်

ယနေ့ အင်တာဗျူး ကဏ္ဍတွင် တွေ့ဆုံမေးမြန်း ဖြစ်သူက သရုပ်ဆောင် အကယ်ဒမီ နေတိုးဖြစ်သည်။ လတ်တလော ရုံတင်ပြသထား သည့် “နက္ခတ်မှားတဲ့ တိုက်ပွဲ” ရုပ်ရှင် ဇာတ်ကားတွင် မတူ ကွဲပြားသည့် ဇာတ်ကောင် စရိုက်များကို ပီပြင်စွာ ပုံဖော် သရုပ်ဆောင်မှု အပေါ် ပရိသတ် အားပေးမှု များပြားလျက် ရှိသည့်အပြင် ဗီယက်နမ် အလှမယ်နှင့်တွဲဖက်ကာ ၂၀၁၆ ခုနှစ် အတွင်း ဇာတ်ကား ရိုက်ကူးရန် စီစဉ်ထားသူ သရုပ်ဆောင် အကယ်ဒမီ နေတိုးနှင့် တွေ့ဆုံ၍ အနုပညာ ရေးရာအဖြာဖြာ အားမေးမြန်း ဖြစ်ခဲ့ပါသည်။
မေး- ဗီယက်နမ် အလှမယ်နဲ့ ရိုက်မယ့် ဇာတ်ကားမှာ ကိုနေတိုးဘက်က ဘာတွေပြင်ဆင်ထားဖို့ လိုအပ်မလဲ ဆိုတာ အရင်သိချင်ပါတယ်။
ဖြေ- Media 7 က ကျွန်တော်နဲ့ ဇာတ်ကားတစ်ကား ရိုက်မယ်လို့ အရင်ဆက်သွယ် လာပါတယ်။ ဗီယက်နမ် အလှမယ်နဲ့ ရိုက်မယ်ပေါ့လေ။ အဲဒီအတွက် ဇာတ်ကိုစဉ်းစားပေးပါ။ သူတို့ ပြလာတဲ့ ဇာတ်ကိုလည်း ဖတ်ကြည့် ပေးပါလို့ ပြောလာပါတယ်။ အဲဒီလို ဇာတ်တွေထဲမှာ နှစ်နဲ့ချီပြီး ရိုက်ရလောက်တဲ့ အထိ ဇာတ်အိမ်ကြီးမားတာ တွေပါသလို တော်ရုံသင့်ရုံ ဇာတ်မျိုးလည်းပါတယ်။ ဗီယက်နမ် အလှမယ်တစ်ယောက်နဲ့ မြန်မာမင်းသား  တစ်ယောက်နဲ့ ရိုက်ကူးဖို့ ဆိုတာက ဝတ္ထုတွေထဲမှာ လည်းဇာတ်လမ်းက မရှိနိုင်ဘူး။ ဒါကြောင့် တော်တော်လေး စဉ်းစားရတယ်။ ဗီယက်နမ် အလှမယ်က မြန်မာနိုင်ငံလာပြီး မီဒီယာတွေနဲ့ တွေ့ဆုံမယ်ဆိုလို့သာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမယ့် ကိစ္စကို တစ်ခါတည်း အသိပေးဖြစ်တာ။ တကယ်တမ်း ဇာတ်လမ်းအကြောင်း အရာက အသိပေးဖို့ စောနေပါသေးတယ်။ ဇာတ်တစ်ခုကို ရွေးချယ်လိုက်ပြီ ဆိုရင်တောင် အဲဒီဇာတ်ကို အများကြီး ပြန်လည် ပြုပြင်ရဦးမှာ။
မေး- နိုင်ငံတကာက အနုပညာရှင်တွေနဲ့ မြန်မာအနု ပညာရှင်တွေ ပူးပေါင်း ရိုက်ကူးမှုတွေ များလာတယ်။ အဲဒီအတွက် မြန်မာ အနုပညာရှင် တစ်ယောက်အနေနဲ့ ဘာတွေ ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ထင်လဲ။
ဖြေ- ဒါက ရိုက်ကူးတဲ့ ပုံစံပေါ်မူတည်ပြီး ကွာခြားမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က ပြည်ပက အနုပညာရှင်တွေ၊ အတတ်ပညာ ရှင်တွေကို ငှားရမ်း ရိုက်ကူးချင်တာလား၊ ဒါမှမဟုတ် ပြည်ပ အနုပညာရှင် အတတ်ပညာရှင်တွေက ကျွန်တော်တို့ကို ငှားရမ်းပြီး ရိုက်ကူးချင်တာလား ဆိုတာက ကွာခြားပါတယ်။ အရှေ့မှာ ရိုက်ကူးခွင့်ရတဲ့ အတွေ့အကြုံ အရဆိုရင် မြန်မာ အနုပညာရှင်တွေ အနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်း လုပ်ကိုင်မယ်ဆိုရင် စည်းကမ်းတကျနဲ့ အချိန်လေးစားဖို့ လိုအပ်ပါမယ်။ အချိန်နဲ့အမျှ ကုန်ကျစရိတ် တွေလည်း ရှိနေတာကိုး။ သူတို့က အလုပ်များများ  လုပ်တယ်။ စကားနည်းနည်းပဲ ပြောတယ်။  ကျွန်တော်တို့ဆီမှာတော့ တစ်ယောက်ကို တစ်ယောက် အချိတ်အဆက်မိမိနဲ့ လုပ်ကိုင်နိုင်စွမ်းက အားနည်းနေသေးတယ်လို့ ထင်တယ်။ ကျွန်တော် အရှေ့မှာ ထိုင်းအနုပညာရှင်တွေနဲ့ ရိုက်ကူးတဲ့ ဇာတ်ကားမှာ ဆိုရင်လည်း ဇာတ်ကား မရိုက်ကူးခင်မှာ တွေ့ဆုံမှုတွေ အကြိမ်ကြိမ် လုပ်ပြီး ညှိနှိုင်းရပါတယ်။
မေး- နက္ခတ်မှားတဲ့ တိုက်ပွဲဇာတ်ကား မှာထူးခြားတဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ် အားပေးမှုများပြား နေတာ တွေ့ရပါတယ်။ အဲဒီ ဇာတ်ကား ရိုက်ကူးခဲ့တုန်းက ပြင်ဆင်ခဲ့မှုတွေ လည်း ပြောပြပေးပါဦး။
ဖြေ- ဒီဇာတ်ကားကို ရိုက်ကူးမယ့်အချိန်မှာ ကတည်းက ကျွန်တော့် အတွက်ကိုယ် လုပ်ပိုင်ခွင့်များတဲ့ ဇာတ်ကား တစ်ကားပေါ့နော်။ ကျွန်တော့်အတွက် လုပ်ပိုင်ခွင့်နည်းပေမယ့် ဇာတ်အရ ကြိုက်တဲ့ ဇာတ်ကားမျိုးတွေလည်း  ရှိပါတယ်။ လုပ်ပိုင်ခွင့် များပေမယ့် ဇာတ်အရ မကြိုက်တဲ့ ဇာတ်ကားမျိုး တွေလည်း ရှိပါတယ်။ အခုဇာတ်ကား မှာတော့ ရိုးရာယဉ် ကျေးမှုအနုပညာ တွေလည်းပါနေတယ်။ အဲဒီအတွက် သေချာလေး ပြင်ဆင် ကြိုးစားခဲ့ပါတယ်။အဓိက ကတော့ စေတနာပါပဲ။ သရုပ်ဆောင် တစ်ယောက် အနေနဲ့ အကောင်းဆုံး လုပ်မယ်ဆိုတဲ့ စေတနာကြောင့် ပရိသတ် အားပေးတယ်။ စေတနာ အကျိုးပေးတယ်လို့ ခံယူပါတယ်။
မေး- ၂၀၁၅ ခုနှစ်ထဲမှာ ရိုက်ကူးဖြစ်တဲ့ ဇာတ်ကားတွေကရော ကျေနပ်စရာ ဖြစ်ခဲ့ရဲ့လား။
ဖြေ- ကျေနပ်ပါတယ်။ ကျွန်တော်တို့ ဇာတ်ကားရိုက်ကူးတဲ့ အခါ နှစ်အလိုက် ခံစားမှုတွေ ကြိုတွက်တာတွေ ပါပါတယ်။ဇာတ်ရဲ့ရသ အပိုင်းကိုတော့ အဓိက ဦးစားပေး ရတာပေါ့လေ။ တစ်ခု ကောင်းတာက ရုပ်ရှင်တွေကို အရင်ထက်ပိုပြီး ရိုက်လာကြတယ်။ရုံပြိုင်စနစ် ရှိလာတဲ့အတွက် အနုပညာ အရည်အသွေး အရလည်း ပြိုင်ဆိုင်မှုတွေ ပိုများလာမယ်။ ပရိသတ်တွေလည်း ပိုပြီးတော့ စုံစုံလင်လင် တွေ့ခွင့်ရမှာပါ။
မေး- ၂၀၁၆ ခုနှစ် ဇန်နဝါရီကစပြီး ရုံပြိုင်စနစ် ကျင့်သုံးတော့မယ် ဆိုတော့ အဲဒီရဲ့အကျိုးသက်ရောက်မှု ကိုရော ဘယ်လို သုံးသပ်ချင်ပါ သလဲ။
ဖြေ- ကောင်းပါတယ်။ ရုံပြိုင်စနစ်က ဖြစ်သင့်တာ ကြာနေပါပြီ။ ပရိသတ်တွေ ရွေးချယ်ခွင့် ပိုရလာတာပေါ့။ ပရိသတ်က ဇာတ်ကားတစ်ကားကို အကြာကြီး စောင့်ပြီးမှ ကြည့်ရတာ မျိုးနည်းသွားမယ်။ ကျွန်တော်တို့ အနုပညာရှင်တွေ အတွက်လည်း အများကြီး ပိုကောင်းပါတယ်။ အနုပညာ အရည်အသွေးပိုင်း ကိုပဲပိုပြီး ပြင်ဆင်ရတော့မှာပါ။
မေး- ၂၀၁၆ မှာတော့ အပြောင်းအလဲတွေ အများကြီး ဖြစ်ဖို့ရှိနေတယ်။ ရုပ်ရှင်လောက အတွက်ရော ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာဖို့ မျှော်လင့်ထားလဲ။
ဖြေ- ပြောင်းလဲတယ် ဆိုတဲ့နေရာမှာ အားလုံးက ချိတ်ဆက်နေတာ ဖြစ်တဲ့အတွက် အကုန်လုံး ညီညီညာညာ တိုးတက် ပြောင်းလဲဖို့ လိုတယ်လို့ မြင်ပါတယ်။ တစ်နေရာတည်း ပြောင်းလဲ နေလို့လည်း မရဘူး။ အဲဒီလိုပဲ ကျွန်တော်တို့ အနုပညာရှင် အားလုံးရဲ့ စိတ်ဓာတ်လေးတွေ လည်းပြောင်းလဲဖို့ လိုပါတယ်။
မေး- လတ်တလောမှာ တချို့ အနုပညာရှင်တွေ အတွက် လိုအပ်တဲ့ Special Make Up လေးတွေကို ကိုနေ တိုး လုပ်ပေးနေတာ တွေ့ရပါတယ်။ အဲဒါကရော ဘယ်လိုလုပ်ပေး ဖြစ်သွားတာလဲ။
ဖြေ- တချို့ ဇာတ်ကားတွေ မှာတော့ နိုင်ငံခြားက မိတ်ကပ်ပညာရှင် တွေခေါ်ပြီး သုံးကြ တယ်။ ကျွန်တော်ပါတဲ့ ဇာတ်ကားတေ ွကျတော့ ကျွန်တော့်ကို အားကိုးကြတယ်။ ကျွန်တော့်မှာလည်း Special Make Up အတွက် ပရော်ဖက်ရှင်နယ် မိတ်ကပ်ပစ္စည်း လေးတွေ ဝယ်ထားတော့ လုပ်ပေး ဖြစ်လိုက်တယ်။ တချို့ ကြီးကြီးမားမား လုပ်ရမှာ မျိုးမှာတော့ ပြည်ပက ပညာရှင်တွေ ခေါ်ပြီး လုပ်ရတာပါ။ ဒါနဲ့ ပတ်သက်လို့ ကတော့ ကိုယ်တိုင်လည်း စိတ်ဝင်စားတော့ အလုပ်လုပ်ရင်းနဲ့ ဆက်ပြီးတော့ လေ့လာ ဖြစ်ပါတယ်။
မေး- ကိုနေတိုး ဆောက်လုပ်ဖို့ စီစဉ်ထားတဲ့ ရုပ်ရှင်ဝပ်ရှော့ဆိုတာရော စဆောက်နေပြီလား။
ဖြေ- အဲဒါက ဆောက်လက်စ အနေအထား ဖြစ်နေပါပြီ။ ၂၀၁၆ နှစ်ကုန်ပိုင်း လောက်မှာတော့ စတင် အသုံးပြုနိုင်မှာပါ။

Most Read

Most Recent