ရန်ကုန်မြို့အတွင်း စည်းကမ်းချိုးဖောက်သည့် ယာဉ်များအား ဓာတ်ပုံများရိုက်ကူး၍ Online Complaint Centre (OCC) သို့ Viber မှတစ်ဆင့် တိုင်တန်းသဖြင့် အရေးယူခဲ့သည့် အမှုပေါင်း ၃၅၀၀ ကျော်ရှိသည်အနက် ကျူးလွန်မှုအများဆုံးမှာ လမ်းပြောင်းပြန်မောင်းနှင်မှု ဖြစ်နေကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက သိရသည်။
Viber မှတစ်ဆင့် ဓာတ်ပုံရိုက် တိုင်တန်းသည့် အမှုပေါင်းမှာ ၅၀၀၀ ကျော်ရှိသော်လည်း အချို့ဓာတ်ပုံများသည် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း ချိုးဖောက်ကြောင်း ပေါ်လွင်ထင်ရှားမှုမရှိသဖြင့် အရေးယူ၍မရကြောင်း သိရသည်။
အဆိုပါ Viber မှ တိုင်ကြား၍ရသည့် အား Online Complaint Centre (OCC) ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်တွင် အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး၌ စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ (OCC) အား စတင် အကောင်အထည်ဖော်ခဲ့သည့် သြဂုတ်လအတွင်း အရေးယူခဲ့သည့် ယာဉ်အစီးရေမှာ ၂၅၈ စီး၊ စက်တင်ဘာလတွင် ၁၄၉၂ စီး၊ အောက်တိုဘာလတွင် ၁၀၅၂ စီး၊ နိုဝင်ဘာ ၁၈ ရက် အထိ ၇၄၆ စီးထားကြောင်း သိရသည်။
“OCC ကိုလုပ်ခဲ့တာက ပြည်သူကို ဗဟိုပြုတဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းနည်းမို့လို့ပါ။ ပြည်သူ့က စည်းကမ်းချိုးဖောက်တဲ့ ယာဉ်တွေကို ဓာတ်ပုံရိုက်ပြီး ပို့လိုက်ရုံနဲ့ ယာဉ်ထိန်းအရာရှိတွေလို့ ချလန်ဖြတ်စရာမလိုဘဲ အရေးယူလို့ရပြီ။ ယာဉ်မောင်းတွေကိုလည်း လမ်းအသုံးပြုသူတွေက စောင့်ကြည့်နေတာဆိုတာ သိသွားတာပေါ့။ နောက်ပြီးတော့ ပြည်သူနဲ့ ကျွန်တော်တို့ ယာဉ်ထိန်းရဲတွေ ရင်းနှီးမှုပိုရစေချင်တဲ့ ရည်ရွယ်ချက်တွေကြောင့် Viber ကနေ ဓာတ်ပုံပို့ပြီး အရေးယူလို့ရတဲ့ OCC ကို လုပ်ဆောင်ခဲ့တာပါ” ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးက ဒုတိယရဲမှူးကြီး အောင်ကိုဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
လက်ရှိတွင် စည်းကမ်းဖောက်ဖျက်သဖြင့် အရေးယူခံရသည့်ယာဉ်များမှာ ကိုယ်ပိုင်ယာဉ် ၁၃၃၂ စီး၊ တက္ကစီယာဉ် ၁၃၃၂ စီး၊ အငှားကုန်တင်ယာဉ် ၁၈၈ စီးနှင့် ဘတ်စ်ကား ၆၉၆ စီးတို့အား အရေးယူထားကြောင်း သိရသည်။ အဆိုပါ စည်းကမ်းချိုးဖျောက်ကာ သွားလာမောင်းနှင်သည့် ယာဉ်များအား အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးက ဆင့်ခေါ်စာများ ပေးပို့ကာ ကျူးလွန်သည့်အမှု အမျိုးအစားအလိုက် ငွေဒဏ်၊ ထောင်ဒဏ်စသည်တို့ ကို တရားရုံးက ယာဉ်မောင်းနှင်သူများကို ပြစ်ဒဏ်များချမှတ်ကာ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ယင်းသို့ အရေးယူရာတွင် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၇ ရက်၌ အသစ်ထွက်ရှိခဲ့သည့် မော်တော်ယာဉ် ဥပဒေစာအုပ်ပါ ပြစ်ဒဏ်များအလိုက် အရေးယူသွားမည်ဖြစ်ကြောင်း သိရပြီး စက်တင်ဘာ ၇ ရက် မတိုင်မီ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို မူလဥပဒေဖြစ်သည့် ၁၉၈၉ ခုနှစ်မော်တော်ယာဉ်နည်း ဥပဒေဖြင့်သာ အရေးယူသွားမည်ဟု သိရသည်။ လက်ရှိအချိန်အထိ မော်တော်ယာဉ် ၁၆၈ စီးမှာ ဒဏ်ငွေလာရောက်ပေးဆောင်ပြီးကြောင်း သိရသည်။
“ကျွန်တော်တို့တွေအတွက် အခက်အခဲ ဖြစ်သွားတာတော့ အမှန်ပဲ။ နဂိုကဆို အရေးကြီးနေတဲ့အတွက် လမ်းပြောင်းပြန်တွေ မောင်းရင် မောင်းပစ်လိုက်တယ်။ ရဲမရှိဘူးဆိုရင် မီးနီပါဖြတ်ရင် ဖြတ်ပစ်တယ်။ အခုဟာ က ဓာတ်ပုံရိုက်ခံလိုက်ရရင် ဒဏ်ငွေဆောင်ရတော့မယ်။ အခန့်မသင့်ရင် လိုင်စင်တောင် အသိမ်းခံရနိုင်တယ်။ အဲ့ဒါကြောင့် မရင်းရဲတော့ဘူး။ စောင့်ကြည့်နေတဲ့သူတွေ ပိုများလာတာကိုး” ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သည့် ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုမောင်မောင် (အမည်လွှဲ) က ပြောကြားသည်။
စည်းကမ်းဖောက်ဖျက်သည့်ယာဉ်များအား ပြည်သူလူထုမှ ဓာတ်ပုံရိုက်ကူး၍ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး Viber ဖုန်းနံပါတ်ဖြစ်သည့် ၀၉-၇၃၀၉၃၂၂၆၊ ၀၉- ၇၉၁ ၂၀၃၂၈ တို့ကို ဓာတ်ပုံများပေးပို့ တိုင်ကြားနိုင်ကြောင်း သိရသည်။
စည်းကမ်းချိုးဖောက်ယာဉ်များကို ဓာတ်ပုံရိုက်၍ Viber မှတစ်ဆင့် တိုင်တန်းသဖြင့် အရေးယူခဲ့သည့် အမှုပေါင်း ၃၅၀၀ ကျော်အနက် လမ်းပြောင်းပြန်မောင်းနှင်မှုမှာ ကျူးလွန်မှုအများဆုံးဖြစ်နေ















