သာကေတမြို့နယ်အတွင်း မဲဆွယ်စည်းရုံးစဉ် ဓားခုတ်ခံရသော ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းကို အောက်တိုဘာ ၃၀ ရက် နံနက် ၂ နာရီခန့်တွင် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပြီး နံနက် ၅ နာရီ အချိန်တွင် ခွဲစိတ်မှု ပြီးဆုံးခဲ့ကြောင်း ကိုနိုင်ငံလင်း၏ ဇနီး ဒေါ်ခင်စန္ဒာဝင်းက ပြောကြားပါသည်။ဦးနိုင်ငံလင်း၏ ဦးခေါင်းနှင့် လက်တို့မှ ဓားခုတ် ဒဏ်ရာများအား ခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး နောက်ထပ် ဒဏ်ရာရရှိသူဖြစ်သော NLD ပါတီမှ ဦးကျော်သူ၏ လက်ကိုလည်း ခွဲစိတ်မှု ပြုလုပ်ခဲ့ရကြောင်း သိရသည်။"လက်ကတော့ သွေးကြောတွေ ပြန်ဆက်ထားတယ်။ ခေါင်းကိုလည်း ခွဲစိတ်မှု လုပ်ပြီးသွားပါပြီ။ ဘယ်နှချက် ချုပ်ရသလဲတော့ ဆရာဝန်တွေကလည်း မဖြေဘူး။ အရေးကြီးတာတွေလည်း လုပ်ပြီးသွားပါပြီ" ဟု ဒေါ်ခင်စန္ဒာဝင်းက ပြောကြားသည်။ဦးနိုင်ငံလင်းအား လာမည့် တနင်္လာနေ့ (နိုဝင်ဘာ ၂ ရက်) တွင် ခွဲစိတ်မှု ထပ်မံ ပြုလုပ်ရမည်ဟု ဆရာဝန်များက ပြောကြားကြောင်း ဒေါ်ခင်စန္ဒာဝင်းက ဆက်လက်ပြောကြားခဲ့ပြီး ရန်ကုန်ဆေးရုံကြီး (၅+၆)ဆောင်တွင် တင်ထားကြောင်း သိရသည်။ သာကေတမြို့နယ်အတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် သာကေတမြို့နယ်၊ မန်ပြေရပ်ကွက်၊ (၈)လမ်းထိပ်၌ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဓားဖြင့် လိုက်ခံခုတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဦးနိုင်ငံလင်းအပြင် အလှပြယာဉ် အဖွဲ့ခေါင်းဆောင် NLD ပါတီဝင် ကိုနီနှင့် ဒေါ်သက်ထားနွယ်ဝင်း၏ campaign မန်နေဂျာ NLD ပါတီဝင် မသန္တာမော်တို့ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။အလှပြယာဉ် ဖျော်ဖြေနေစဉ် မန်ပြေရပ်ကွက် အရောက်တွင် အရက်ဆိုင်တစ်ဆိုင်မှ အမျိုးသားတစ်ဦး ထွက်လာပြီး အလှပြယာဉ်နှင့်အတူ လိုက်ပါလာသူများအား လက်သီးဖြင့် လိုက်ထိုးကြောင်း၊ ယင်းနောက် ပါတီဝင်များက ဖြန်ဖျေခဲ့ရာ အဆိုပါ အမျိုးသားသည် သူ၏အိမ်သို့ ပြန်သွားပြီး ငှက်ကြီးတောင်ဓားဖြင့် အလှပြယာဉ် ဖျော်ဖြေသည့် နေရာသို့ ပြန်လည် ရောက်ရှိလာကြောင်း၊ ယင်းနောက် ဓားဖြင့် လိုက်လံခုတ်သဖြင့် ဦးနိုင်ငံလင်းနှင့်အတူ ပါတီဝင်အချို့က တားဆီးခဲ့ကြောင်း NLD ပါတီဝင် ကိုအောင်ကျော်၏ ပြောကြားချက်အရ သိရသည်။ ထို့နောက် ဓားကိုင်ဆောင်၍တိုက်ခိုက်သူအပြင် လက်ဗလာဖြင့် အမျိုးသားသုံးဦးပါ ထပ်မံရောက်ရှိလာပြီး ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း NLD ပါတီဝင် ကိုအောင်ကျော်က ထပ်မံပြောကြားခဲ့သည်။အဆိုပါ ဖြစ်စဉ်တွင် ကျူးလွန်သူများအနက် သုံးဦးကို သာကေတမြို့မ ရဲစခန်းတွင် (ပ) ၆၀၉/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၂၆/၂၉၄/၁၁၄ တို့ဖြင့် စစ်ဆေးနေဆဲဖြစ်ပြီး ၎င်းတို့မှာ ဇော်လတ် (ခ) အောင်ဇော်လတ် (ဘ) ဦးဝင်းအောင်၊ တင်အောင်ခိုင်ဦး (ဘ) ဦးအောင်လွင်၊ မျိုးမင်းခိုင် (ဘ) ဦးဝင်းခိုင် တို့ဖြစ်ကြောင်း သိရပါသည်။
ဦးနိုင်ငံလင်း၏ ဦးခေါင်းနှင့် လက်တို့အား ခွဲစိတ်မှု ပြုလုပ်ထားပြီး နိုဝင်ဘာ ၂ ရက်တွင် နောက်တစ်ကြိမ် ခွဲစိတ်မှု ပြုလုပ်မည်ဟုဆို















