တရုတ်နိုင်ငံ၌ ပြုလုပ်မည့် အမျိုးသမီးရုပ်ရှင်ပွဲတော်တွင် ပြသရန် Forgiving Sky မြန်မာမှတ်တမ်း ဇာတ်ကားကို ရွေးချယ်ထား

တရုတ်နိုင်ငံ၌ ပြုလုပ်မည့် အမျိုးသမီးရုပ်ရှင်ပွဲတော်တွင် ပြသရန် Forgiving Sky မြန်မာမှတ်တမ်း ဇာတ်ကားကို ရွေးချယ်ထား
Published 14 October 2015
လင်းလင်းခိုင်

တရုတ်နိုင်ငံ၌ ပြုလုပ်မည့် အမျိုးသမီး ရုပ်ရှင်ပွဲတော်တွင် ပြသရန် Forgiving Sky မြန်မာမှတ်တမ်း ဇာတ်ကားကို ရွေးချယ်ထားကြောင်း သတင်းရရှိသည်။ China Women’s Film Festival မှာ တရုတ်နိုင်ငံရှိ အမျိုးသမီး ရုပ်ရှင် ဖန်တီးသူများ ထွက်ပေါ်လာစေရန်၊ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၊ ဒါရိုက်တာများ၊ သရုပ်ဆောင်များ၊ ဇာတ်ညွှန်းပညာရှင်များ၊ ကင်မရာမန်းများ ဖန်တီးထားသည့် ဇာတ်ကားများကို ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။ ပေးပို့လာသည့် ဇာတ်ကားများတွင် အမျိုးသမီးများအတွက် အခွင့်အရေး၊ တန်းတူညီမျှမှုအပါအဝင် အမျိုးသမီးများ အခန်းကနှင့် ပတ်သက်၍ ရိုက်ကူးထားသည့် ဇာတ်ကားများထဲမှ ရွေးချယ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော့်ရဲ့ Forgiving Sky  ဇာတ်ကားကို တရုတ်နိုင်ငံမှာ ပြုလုပ်မယ့် အမျိုးသမီး ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ရွေးချယ်ထားပါတယ်။ သူတို့ ရုပ်ရှင်ပွဲတော်ရဲ့ ရည်ရွယ်ချက်တွေက တစ်ခုခုကို ဒီဇာတ်ကားက ဖော်ဆောင်နိုင်လို့ ရွေးချယ်ထားတာ ဖြစ်မှာပါ။ ရုပ်ရှင်ပွဲတော်က နိုဝင်ဘာလမှာ ပြုလုပ်မှာပါ။ ဒီဇာတ်ကားလေးကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ပြသဖို့ အခုလို ရွေးချယ်ခံရတဲ့ အတွက် ဝမ်းသာပါတယ်”ဟု ယင်းဇာတ်ကား၏ ဒါရိုက်တာ Mနိုးက ဆိုသည်။
Forgiving Sky မှတ်တမ်း ဇာတ်ကားမှာ အိမ်တစ်အိမ်တွင် လူတစ်စု ပိတ်မိနေရာမှ အလှည့်ကျ မဲနှိုက်၍ ပြင်ပမှ လူများ အသတ်ခံရန် ထွက်ခွာရပုံကို ရိုက်ကူးထားခြင်း ဖြစ်ပြီး တိုင်းပြည်အတွင်းရှိ သယံဇာတများ ပျက်စီး ဆုံးရှုံးနေရပုံကို တင်စား ရိုက်ကူးထားခြင်း ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent