သူတို့ ဘာလုပ်နေလဲ၊ ဘာလုပ်ဖို့ ရှိလဲ

သူတို့ ဘာလုပ်နေလဲ၊ ဘာလုပ်ဖို့ ရှိလဲ
Published 10 October 2015
လင်းလင်းခိုင်

မိုးစက်ဝိုင်
မိုးစက် လတ်တလောတော့ ကြော်ငြာ ရိုက်ဖို့ရှိမယ်။ ပုံမှန် ရိုက်နေကျ ခရီးသွား ပရိုဂရမ်တွေ ဆက်ရိုက်ဖို့ ရှိပါမယ်။ ဇာတ်ကားကတော့ သိပ်အများကြီး ရိုက်ဖို့လည်း အစီအစဉ် မရှိတော့ ရိုက်ဖြစ်တဲ့ ဇာတ်ကားလေးက  မိုးစက် အတွက်ရော၊ ပရိသတ်တွေ အတွက်ပါ မှတ်မှတ်ရရ ဖြစ်မယ့် ဇာတ်ကားမျိုးလေးတွေ ဖြစ်စေချင်တယ်။ အဲဒီလို ဇာတ်ကားမျိုးလေး ရိုက်ဖို့ လည်း စီစဉ် နေကြပါတယ်။ ဒါကြောင့်လည်း အချိန် နည်းနည်း ကြာနေ တာပါ။ ပရဟိတ အလုပ်တွေကတော့ ပုံမှန်အတိုင်းပဲ ဆက်လုပ် နေပါတယ်။ ပညာသင် ထောက်ပံ့မှုကိုလည်း ဆက်ပေးသွားဖို့ ရှိပါတယ်။

နေတိုး
ကျွန်တော့် မွေးနေ့ အလှူအဖြစ် ပြင်ဦးလွင်မှာ ဇာတ်ကား သွားရိုက်ရင်းနဲ့ ရွှေစင်မင်း အမျိုးသမီး ပရဟိတ ပညာရေးကျောင်းမှာ ဆွမ်းဆန်အိတ် ၃၀ နဲ့ ဆီပိဿာချိန် ၅၀ တို့ကိုလှူဒါန်း ဖြစ်ပါတယ်။ အဲဒီ ကျောင်းမှာ ကတော့ မကြာခဏဆိုသလို လှူဖြစ်ပေမယ့် အခုတစ်ခေါက် ကတော့ မွေးနေ့အတွက် ရည်ရွယ် လှူဒါန်း ဖြစ်တာပါ။ အောက်တိုဘာ ၁၃ မှာလုပ်မယ့် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲ အတွက်လည်း အလှူငွေ နှစ်သိန်း လှူဖြစ်တယ်။ အဲဒီနေ့ ရန်ကုန်မှာ ရှိမယ်ဆိုရင်လည်း တက်ဖြစ်ပါမယ်။ နှစ်တိုင်းလည်း ရုပ်ရှင်နေ့နဲ့ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကို တက်ဖြစ်တာ များပါတယ်။

ယွန်းယွန်း
အခုနှစ်က ယွန်းက တက္ကသိုလ်ဝင်တန်းဆိုတော့ အနုပညာ အလုပ်တွေကို တတ်နိုင်သလောက် နားထားတာပါ။ စာဘက်ကိုပဲ ဦးစားပေး ဖြစ်နေပါတယ်။ ကြော်ငြာရိုက်တာမျိုး၊ မဖြစ်မနေဆိုမှ ပွဲတက်တာမျိုး လောက်ပဲ လုပ်ဖြစ်ပါတယ်။ ပညာရေးမှာလည်း ယွန်းဘက်က အကောင်းဆုံး ကြိုးစားနေပါတယ်။ နောက်ပိုင်းမှ အနုပညာ အလုပ်တွေ ဆက်လုပ်သွားပါမယ်။

နိုင်းနိုင်း
ကျွန်တော် သရုပ်ဆောင်ထားတဲ့ မဟာဆန်တဲ့ မာယာမျက်နှာဖုံး ရုပ်ရှင်ဇာတ်ကားက လောလောဆယ်တော့ နေပြည်တော်မှာ ရုံတင်နေပါတယ်။ ရန်ကုန်မှာတော့ ဒီလထဲမှာပဲ ရုံတင် ပြသပါတော့မယ်။ အဲဒီဇာတ်ကား ရိုက်တုန်းက အခက်အခဲတွေလည်း ကြုံခဲ့ရတယ်။ စိန်ခေါ်မှုတွေလည်း အများကြီးပဲ။ ဒါပေမဲ့ တိုင်းတစ်ပါးမှာ ရှိနေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတေ ွကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေ၊ စွန့်စားရမှုတွေကို ပုံဖော်ထားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံး ခက်ခဲ ပင်ပန်းရကျိုး နပ်မှာပါ။ ဒီဇာတ်ကားလေး ကြည့်ပြီး နိုင်ငံခြားသွား အလုပ်လုပ်ဖို့ စိတ်ကူးရှိသူတွေ၊ ဟိုမှာ ရောက်နေတဲ့ သူတွေအတွက် သတင်းစကားတစ်ခုခု ပါးနိုင်တယ်ဆိုရင် ကျွန်တော်တို့ ကျေနပ်ပါတယ်။ ကျွန်တော့် ဘက်ကတော့ ဒီဇာတ်ကားလေးမှာ ကျွန်တော် တတ်နိုင်သလောက် ကြိုးစားထားပါတယ်။

ထွန်းကိုကို
မနန်းဆုနဲ့ သြစတြေးလျမှာ ဖျော်ဖြေရေးခရီး လိုက်သွား ဖြစ်ပါတယ်။ ဒီပွဲက ရေဘေးသင့် ဒေသတွေ အတွက် ဖျော်ဖြေရတဲ့ ပွဲဆိုတော့ ကုသိုလ်လည်း ရပါတယ်။ ဟိုမှာရှိတဲ့ မြန်မာပရိသတ်တွေက အားပေးကြတယ်ဆိုတော့ ကျွန်တော်တို့ အနုပညာရှင်တွေလည်း အားရှိတာပေါ့လေ။ ဟိုမှာက အငြိမ့်ခန်း အစီအစဉ်လေးလည်း ပါတော့ ကျွန်တော်က လူရွှင်တော်အဖြစ် တင်ဆက်ပါတယ်။ သီချင်း ဆိုပြီးတော့လည်း ဖျော်ဖြေရပါတယ်။ ပြန်ရောက်ရင်တော့ ပုံမှန် အနုပညာ လှုပ်ရှားမှုတွေ ဆက်လုပ်သွားမှာပါ။ ဒီလထဲမှာတော့ ဇာတ်ကားရိုက်တွေနဲ့ ကြော်ငြာရိုက်တွေ ရှိပါမယ်။ ဇာတ်ကား ရိုက်တာမှာလည်း ကျွန်တော်နဲ့လိုက်ဖက်တဲ့ ဇာတ်ကောင်စရိုက်တွေရော၊ ကျွန်တော် မလုပ်ဖူးသေးတဲ့ ဇာတ်ကောင်စရိုက် ဆန်းဆန်းလေးတွေပါ ရိုက်ကူးသွားမှာပါ။ မော်ဒယ်ရှိုး လျှောက်ဖို့ လက်ခံထားတာတွေလည်း ရှိပါတယ်။

သွန်းဆက်
လတ်တလောတော့ ဒါရိုက်တာ သားကြီး ရိုက်ကူးတဲ့ ‘အညာသင်္ဘောသီး’ ဆိုတဲ့ ဇာတ်ကားမှာ မြင့်မြတ်နဲ့အတူ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားပြီးရင်တော့ ဇာတ်ကား ရိုက်တွေပဲ ရှိပါမယ်။ ပြဇာတ် ကဖို့လည်းရှိပါတယ်။ လောလောဆယ်တော့ ညပိုင်းတွေမှာ ရုပ်ရှင် အစည်းအရုံးမှာ ပြဇာတ် တိုက်နေပါတယ်။ ရုပ်ရှင်ကားကြီးကတော့ လောလောဆယ် ပြောထားတာ မရှိသေးပါဘူး။ ဗီဒီယိုတွေပဲ ရိုက်ဖြစ်ပါမယ်။ အခုက ပြက္ခဒိန် ရာသီဆိုတော့ ပြက္ခဒိန် ရိုက်ဖို့တွေလည်း ရှိပါတယ်။

နန်းခင်ဇေယျာ
လောလောဆယ်ကတော့ ချောင်းသာမှာ ဇာတ်ကားရိုက်ဖို့ ရောက်နေတာပါ။ ဒါရိုက်တာကိုမိုးဦး (ကျော်ဇောလင်း)ရိုက်ကူးတဲ့ ‘သာယာတယ်ကျေနပ်တယ်’ ရုပ်ရှင်ကားကြီးပါ။နန်းခင်နဲ့အတူ ကိုရန်လေး၊ ဇေရဲထက်၊ မသက်မွန်မြင့်၊ ယွန်းရွှေရည်၊ ဟိန်းရတု၊ သုတ၊ ဖူးပွင့်သခင်၊ ဘေဘီမောင်တို့ ပါဝင်ပါတယ်။ ချောင်းသာ ကမ်းခြေကို နောက်ခံထားတဲ့ ဟာသအပျော် ဇာတ်ကားလေးပါ။ ရိုက်နေရင်းနဲ့ကို ပျော်စရာ ကောင်းပါတယ်။ ဒီဇာတ်ကား ပြီးရင်လည်း ဇာတ်ကားရိုက်တွေ ထပ်လက်ခံထားတာရှိပါတယ်။

ချိုချိုထွန်း
ချိုချိုတို့ အခုပြိုင်ပွဲလည်း ပြီးသွားပြီဆိုတော့ အနုပညာ လှုပ်ရှားမှုတချို့ဆက်လုပ် သွားဖို့ရှိပါမယ်။ ချိုချိုကို ကမ်းလှမ်းထားတာတွေတော့ ရှိပါတယ်။ ပြိုင်ပွဲ အတွေ့အကြုံမရှိတော့ Miss Universe Myanmar ပြိုင်ပွဲမှာ အခုလောက် ပရိသတ် အားပေးတာကိုပဲ ချိုကျေနပ်ပါတယ်။ ပရိသတ်ကပေးတဲ့ ဆုလို့ပဲ ခံယူထားပါတယ်။ နောက်ပိုင်းလည်း ထပ်ကြိုးစားခွင့် ရှိနေတာပဲလေ။ အတွေ့အကြုံ ကောင်းတွေ ရတယ်လို့ပဲ ခံယူထားပါတယ်။ နောက်ပိုင်းလည်း ဆက်ပြီးတော့ ကြိုးစားသွားမှာပါ။ အနုပညာ လုပ်ငန်းတွေလည်း အခွင့်အရေးရရင် ဆက်လုပ် သွားချင်ပါတယ်။ ချိုချိုလိုအပ် နေသေးတဲ့ အနုပညာ ဝမ်းစာတွေကိုလည်း ဖြည့်ဆည်းသွားပါမယ်။

Most Read

Most Recent