ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားနေသော လေဖိအားနည်းရပ်ဝန်းကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခုတွင် မိုးကြီးနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားပြီး ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလများတွင် မိုးကြီးမှုကြောင့် ရေဘေးသင့်ခဲ့သည့် ဒေသခံများအနေဖြင့် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ခုကလေးမြို့မှာ၊ ချင်းတောင်မှာလည်း မိုးရွာတယ်။ ဂန့်ဂေါ၊ တမူးမှာ မိုးက တောက်လျှောက်ရွာနေတယ်။ ချောင်းတွေ၊ မြောင်းတွေကလည်း ရေလျှံနေပြီ။ ပြီးတော့ တောင်ပေါ်ကနေ စီးလာတဲ့ရေ ကျလာတယ်။ ချောင်းမြောင်းတွေ အကုန်လုံးက ကလေးမြို့ဘက်ကို စီးလာပြီး မြစ်သာမြစ်ထဲဝင်တယ်။ ဒေသခံတွေက ရေကြီးရေလျှံမှုကို သတိအနေအထားနဲ့ စောင့်ကြည့်နေတယ်။ လတ်တလော အနေအထားမှာ ချောင်းတွေမြောင်းတွေ ပြည့်နေတယ်။ နောက်နှစ်ရက်သုံးရက်သာ ဆက်တိုက်ရွာမယ်ဆိုရင် ကလေးမြို့က ကျေးရွာအနိမ့်ပိုင်းတွေ ရေမြုပ်နိုင်တဲ့ အလားအလာရှိတယ်။ ခုလောလောဆယ် မြို့ပေါ်မှာရှိတဲ့ အနိမ့်ပိုင်းတွေ ရေဝင်တာရှိတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ကိုအောင်သူက ပြောကြားသည်။
ထို့ပြင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။
ယင်းအပြင် လေဖိအားနည်းရပ်ဝန်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
“အခုတော့ ရခိုင်မှာ မိုးပြန်နည်းသွားပြီ၊ လှေတွေဘာတွေ မထွက်တာတော့ ရှိတယ်။ လှေကြီးတွေက ပင်လယ်ပြင်ကို မထွက်ကြဘူး။ ကမ်းနီးလောက်တော့ ထွက်ကြတယ်။ ပင်လယ်၊ ကမ်းခြေနားက လူတွေက မိုးများ ကြီးလာနိုင်မလား။ လှိုင်းများကြီးလာနိုင်မလားဆိုပြီး အခြေအနေကို စောင့်ကြည့်နေကြတယ်” ဟု ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မှ ကိုသန်းလှိုင်က ပြောကြားသည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်မှ ကိုဝင်းထွဋ်က “ အခုမိုးက တော်တော်သဲသဲမဲမဲကို ရွာနေတယ်။ ခုဆို မိုးကောင်းနေတာ လေးရက်ဆက်တိုက်လောက် ရှိနေပြီ” ဟု ပြောကြားသည်။ မြန်မာနိုင်ငံတွင် မိုးတိမ်တောင်များ ဖြစ်ပွားနေမှုကြောင့် လေပြင်းတိုက်ခြင်းနှင့် မိုးကြီးခြင်းအန္တရာယ်များကို သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။
“ ၉ ရက် နံနက်ကနေပြီးနောက် ၁၂ နာ ရီအချိန်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ထူထပ်စွာ ဖြစ်ထွန်းနိုင်ပြီး လေပြင်းများကျ ရောက်ခြင်း၊ မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း တို့အပြင် နေရာစိပ်စိပ် မိုးရွာနိုင်ပြီး ဒေသအလိုက် မိုးသည်းထန်နိုင်ပါတယ်။ အများဆုံး လေတိုက်နှုန်း တစ်နာရီ ၂၅-၃၀ မိုင်နှုန်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ လေပြင်းများ တိုက်ခတ်နိုင်ပါတယ်” ဟု ၎င်းကပြောကြားသည်။















