Miss Global Beauty Queen 2015 တွင် မြန်မာအလှမယ် နွေးနုနုနိုင် ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ကိုရီးယားနိုင်ငံ၌ စခန်းသွင်းလေ့ကျင့်မှု၊ လေ့လာမှုများ ပြုလုပ်

Miss Global Beauty Queen 2015 တွင် မြန်မာအလှမယ် နွေးနုနုနိုင် ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ကိုရီးယားနိုင်ငံ၌ စခန်းသွင်းလေ့ကျင့်မှု၊ လေ့လာမှုများ ပြုလုပ်
Published 9 October 2015
လင်းလင်းခိုင်

တောင်ကိုရီးယားနိုင်ငံ၌ ပြုလုပ်မည့် Miss Global Beauty Queen 2015 အလှမယ် ပြိုင်ပွဲတွင် မြန်မာအလှမယ် နွေးနုနုနိုင်သည် ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး စခန်းသွင်း လေ့ကျင့်မှုများ၊ ကိုရီးယားနိုင်ငံရှိ ထင်ရှားသော နေရာများသို့ လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။ မြန်မာအလှမယ် နွေးနုနုနိုင်သည် အောက်တိုဘာ ၅ ရက်တွင် ကိုရီးယားနိုင်ငံသို့ စတင်ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် Star & Model Int'l Agency မှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲကို အောက်တိုဘာ ၁၉ ရက်တွင် ပြုလုပ်မည်ဟု သိရသည်။ နွေးနုနုနိုင်သည် Star & Models Int'l Agency မှ မော်ဒယ်တစ်ဦးဖြစ်ပြီး ပရဟိတ လုပ်ငန်းများ ဆောင်ရွက်နေသူ တစ်ဦးလည်း ဖြစ်သည်။“ကိုရီးယားနိုင်ငံကို ရောက်ရှိနေပါပြီ။ တခြားနိုင်ငံက အလှမယ်တွေနဲ့အတူ ကိုရီးယားနိုင်ငံရဲ့ ထင်ရှားတဲ့ နေရာဒေသတွေ၊ အစားအသောက်တွေ၊ ယဉ်ကျေးမှုတွေကို လေ့လာခွင့် ရရှိပါတယ်။ ဒီကာလအတွင်းမှာ အလှမယ်အားလုံးရဲ့ နေထိုင်မှု၊ စည်းစနစ်ကျနမှု၊ တစ်ဦးအပေါ်တစ်ဦး ရိုင်းပင်းကူညီတတ်မှုတွေကိုလည်း အမှတ်ပေးနေတာဆိုတော့ နွေးနု အကောင်းဆုံးတော့ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံအတွက် ဆုတစ်ခုတော့ ရအောင်ယူလာခဲ့ချင်ပါတယ်” ဟု မြန်မာအလှမယ် နွေးနုနုနိုင်က အွန်လိုင်းမှတစ်ဆင့် ရှင်းပြသည်။Miss Global Beauty Queen 2015 ပြိုင်ပွဲတွင် နိုင်ငံတကာ အလှမယ်များနှင့် အတူပါဝင် ယှဉ်ပြိုင်မည့် မြန်မာကိုယ်စားပြု အလှမယ် နွေးနုနုနိုင် အတွက် ပြိုင်ပွဲတွင် ဝတ်ဆင်မည့် ညနေခင်းဝတ်စုံနှင့် မြန်မာ့ရိုးရာ ဝတ်စုံတို့ကို ဒီဇိုင်နာ စီစီအောင်က ဖန်တီးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲ၌ Talent ယှဉ်ပြိုင်မှုတွင် ရှမ်းတိုင်းရင်းသားရိုးရာ အကဖြင့် ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

Most Read

Most Recent