ချင်းပြည်နယ်အတွင်း သဘာဝဘေးကြောင့် အန္တရာယ်ရှိသဖြင့် ပြောင်းရွှေ့ရမည့် မြို့နယ်များတွင် လူနေအိမ် ၅၀၀ ကျော်အထိ ထိခိုက်ခဲ့သည့် ပလက်ဝနှင့် ဟားခါးမှ အများဆုံးဖြစ်

ချင်းပြည်နယ်အတွင်း သဘာဝဘေးကြောင့် အန္တရာယ်ရှိသဖြင့် ပြောင်းရွှေ့ရမည့် မြို့နယ်များတွင် လူနေအိမ် ၅၀၀ ကျော်အထိ ထိခိုက်ခဲ့သည့် ပလက်ဝနှင့် ဟားခါးမှ အများဆုံးဖြစ်
Published 27 September 2015
နီလာ

ချင်းပြည်နယ်အတွင်း သဘာဝဘေးကြောင့် မြေသားခိုင်မာမှုမရှိ၍ အန္တရာယ်ရှိသဖြင့် ပြောင်းရွှေ့ရမည့်မြို့နယ်များအနက် လူနေအိမ် ၅၀၀ ကျော်အထိ ပလက်ဝနှင့် ဟားခါးမြို့နယ်များမှ အများဆုံးဖြစ်ကြောင်း သိရသည်။
 
ပြောင်းရွှေ့ရမည့် လူနေအိမ်များမှာ ပလက်ဝမြို့နယ်၌ မြို့ပေါ်တွင် လူနေအိမ် ၃၁၀၊ ကျေးလက်ဒေသတွင် ၂၇၈ ဖြင့် စုစုပေါင်း ၅၈၈ အိမ်၊ ဟားခါးမြို့၌ မြို့ပေါ်တွင် ၃၂၂ အိမ်၊ ကျေးလက်တွင် ၁၈ ဖြင့် စုစုပေါင်း ၃၄၀၊ မတူပီမြို့၌ မြို့ပေါ်တွင် ၂၃ အိမ်၊ ကျေးလက်တွင် ၁၈ ဖြင့် စုစုပေါင်း ၄၁၊ ဖလမ်း မြို့တွင် မြို့ပေါ်၌ ၂၁ အိမ်၊ ကျေးလက်တွင် ၈၃ ဖြင့် စုစုပေါင်း ၁၀၄ လုံး အထိပျက်စီးခဲ့ကာ ချင်းပြည်နယ်တစ်ခုလုံးအနေဖြင့် လူနေအိမ် ၁၈၂၅ အထိ ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း သိရသည်။
 
မြေသားခိုင်မာမှုမရှိ၍ ပျက်စီးခဲ့သည့် မြို့နယ်အလိုက် လူနေအိမ်များမှာ ဟားခါးမြို့ ၌ မြို့ပေါ်တွင် ၃၇၇၊ ကျေးလက်တွင် ၁၅၃ ဖြင့် စုစုပေါင်း ၅၃၀၊  ပလက်ဝမြို့၌ မြို့ပေါ်တွင် ၁၃၇၊ ကျေးလက်တွင် ၂၂၅ ဖြင့် စုစုပေါင်း ၃၆၂ လုံး၊ စသည်ဖြင့် ချင်းပြည်နယ် တစ်ခုလုံးအနေဖြင့် မြို့ပေါ်တွင် ၅၂၁၊ ကျေးလက်ဒေသတွင် ၆၀၅၊ စုစုပေါင်း ၁၁၆၂ ရှိခဲ့ကြောင်း သိရသည်။
 
“ချင်းပြည်နယ်မှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိချက်တွေကိုတော့ ကျွန်တော်တို့ ထုတ်ပြန်ပြီးသွားပါပြီ။ ပြောင်းရွှေ့ရမယ့်နေရာတွေကိုလည်း ထုတ်ပြန်ပေးထားပါတယ်။ ဆက်လက်လုပ်ဆောင်ရမယ့် အပိုင်းတွေကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆောင်ရွက်နေကြပါတယ်”ဟု အဆိုပါမြေပြိုမှုဖြစ်စဉ်များ လေ့လာရာတွင် ပါဝင်သည့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းမှ ဦးကျော်ထွန်းက ပြောကြားခဲ့သည်။
 
ယင်းကဲ့သို့ ထိခိုက်ပျက်စီးမှုကြောင့် မြို့သစ်သို့ပြောင်းရွှေ့ရမည့် မိသားစုများအတွက် ရေ၊ လျှပ်စစ်မီး၊ ဆေးပေးခန်း စသည် ဖြင့် မြို့အင်္ဂါရပ်နှင့်အညီ တည်ဆောက်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသည်။
 
ထို့ပြင် လက်ရှိ ယာယီပြင်ဆင်ထားသော လမ်း၊ တံတားများကိုလည်း မူလအနေအထားထက် ပိုကောင်းအောင် ရေရှည်စီမံချက်ဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရသစည်။
 
ထိုသို့ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသော စာသင်ကျောင်းများကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ပြင်ဆင်ဆောက်လုပ်သွားမည်ဖြစ်၍ ပြည်နယ်၏ အနေအထားနှင့် ကိုက်ညီအောင် ပုံစံရေးဆွဲဆောက်လုပ်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။              

Most Read

Most Recent