ရန်ကုန်-စစ်တွေ ကံ့ကော်ထူး ကုန်တင်သင်္ဘော နစ်မြုပ်မှုကြောင့် ကုန်တန်ချိန်များစွာ ဆုံးရှုံးခဲ့မှုအပေါ် လျော်ကြေးရရန် တင်ပြသွားမည်ဖြစ်ပြီး သင်္ဘောသား ၁၁ ဦးနှင့် အဆက်အသွယ်မရသေး

ရန်ကုန်-စစ်တွေ ကံ့ကော်ထူး ကုန်တင်သင်္ဘော နစ်မြုပ်မှုကြောင့် ကုန်တန်ချိန်များစွာ ဆုံးရှုံးခဲ့မှုအပေါ် လျော်ကြေးရရန် တင်ပြသွားမည်ဖြစ်ပြီး သင်္ဘောသား ၁၁ ဦးနှင့် အဆက်အသွယ်မရသေး
Published 27 September 2015
သန်းလှိုင် (စစ်တွေ)

ကုန်ပစ္စည်းများ တင်ဆောင်ကာ ရန်ကုန်မှ စစ်တွေသို့ ထွက်ခွာလာသော ကံ့ကော်ထူး ကုန်တင်သင်္ဘောသည် စက်တင်ဘာ ၁၈ ရက်ခန့်က နစ်မြုပ်ခဲ့မှုကြောင့် ကုန်တန်ချိန်များစွာ ဆုံးရှုံးခဲ့မှုအပေါ် လျော်ကြေးရရှိရန် သက်ဆိုင်ရာသို့ တင်ပြသွားမည်ဖြစ်ကြောင်းနှင့် သင်္ဘောသား ၁၁ ဦးအား အဆက်အသွယ်မရသေးကြောင်း မိသားစုအသိုင်းအဝိုင်းထံမှ သိရသည်။
 
သင်္ဘောနစ်မြုပ်မှုကြောင့် ပျောက်ဆုံးသွားသည့် ကျန်ရစ်သူမိသားစုဝင် တစ်ဦးဖြစ်သော ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာမှ ကိုဆန်းမောင်က“ကျွန်တော့် ညီနှစ်ယောက် နဲ့ သူငယ်ချင်းတစ်ယောက် ပါသွားတယ်။ အခုထိ  အဆက်အသွယ်မရသေးဘူး။ အောင်ခင်စိုးက အသက် ၁၇ နှစ်၊ အောင်ချေက အသက် ၂၇ နှစ်၊ နောက်တစ်ယောက်ကတော့ ကျော်မင်းဦး အသက်၂၈ နှစ်ပါ။ သူတို့ပျောက်ဆုံးနေတော့ မိသားစုတွေ စိတ်ပူနေကြတယ်။ သင်္ဘောပိုင်ရှင် ဦးကျန်သိန်းရဲ့ဖုန်းကိုလည်း ဆက်သွယ်လို့ မရဘူး။ စက်ပိတ်ထားတယ်။ ဒါကြောင့် သက်ဆိုင်တဲ့လူတွေနဲ့ အဆက်အသွယ်ရချင်ပါတယ်။ သေပြီလား၊ ပျောက်နေတာလားဆိုတာကို သိချင်ပါတယ်”ဟု ပြောကြားသည်။
 
စစ်တွေမြို့မဈေးမှ ဦးထွန်းဝင်းကလည်း “ကျွန်တော်တို့ပစ္စည်းတွေ သိန်း ၅၀ ဝန်းကျင်ဖိုးလောက် ပါသွားတယ်။ သင်္ဘောနဲ့ ဆက်သွယ်လို့လည်း မရဘူးဖြစ်နေတယ်။ အဲဒါကြောင့် လျော်ကြေးရချင်တယ်။ အဲဒီ သင်္ဘောဟာ အရင်က မြတ်စည်သူအမည်နဲ့ နစ်မြုပ်သွားပေမယ့် ဘာလျော်ကြေးမှ မရလိုက်ဘူး။ စစ်တွေတစ်မြို့လုံးက ဆိုင်တွေရဲ့ ကုန်ပစ္စည်းမျိုးစုံ ပါသွားခဲ့တယ်။ အခုမြုပ်သွားတာ အဲဒီသင်္ဘောလို့ သိရတယ်။ စစ်တွေက ကုန်သည်စက်မှုအသင်းကတော့ တစ်ဦးချင်းရဲ့ စာရင်းကို တောင်းထားလို့ ပေးထားတယ်။ သိပ်တော့ အကြောင်းထူးမယ် မထင်ဘူး”ဟု ဆိုသည်။
 
နစ်မြုပ်သွားသော အဆိုပါသင်္ဘောမှာ စက်တင်ဘာ ၁၈ ရက်က ရန်ကုန်မှ စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ကုန်တန်ချိန်များစွာ တင်ဆောင်လာခဲ့ကြောင်းနှင့် တန်ချိန် ၄၀၀ ခန့် တင်ဆောင်နိုင်သော သင်္ဘောဖြစ်ကြောင်း သိရသည်။ နစ်မြုပ်ခဲ့မှုအတွက် ဆုံးရှုံးသွားသော ကုန်စည်များအတွက် လျော်ကြေးရရှိရန် စာရင်းကောက်ခံလျက်ရှိကြောင်းနှင့် သင်္ဘောနှင့်လည်း အဆက်အသွယ်မရသေးကြောင်း ရခိုင်ပြည်နယ် ကုန်သည်စက်မှု အသင်းမှ ပြောကြားသည်။
 
ရန်ကုန်မြို့မှ ကုန်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးကျော်မင်းသိန်းက “ကျွန်တော်ခန့်မှန်းမိသလောက်ကတော့ စက်တင်ဘာ ၁၈ ရက်ကတည်းက နစ်မြုပ်သွားတယ်လို့ ယူဆပါတယ်။ အတိအကျ မသိသေးပါဘူး။ ဟိုင်းကြီးကျွန်း မရောက်ခင် ပြင်စလူနဲ့ ၁၅ မိုင်လောက် အကွာမှာ မြုပ်တယ်လို့တော့ သိရတယ်။ ကုန်တန်ချိန် ဘယ်လောက်ပါသွားတယ်ဆိုတာတော့ အသင်းဥက္ကဋ္ဌပဲ အတိအကျသိမှာပါ” ဟု ပြောကြားသည်။           

Most Read

Most Recent