ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန်အတွက် ယာဉ်အစီး ၄၀ခန့် ရပ်နားနိုင်မည့် ယာဉ်ရပ်နားကွင်းတစ်ခု စီစဉ်နေ

ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန်အတွက် ယာဉ်အစီး ၄၀ခန့် ရပ်နားနိုင်မည့် ယာဉ်ရပ်နားကွင်းတစ်ခု စီစဉ်နေ
Published 27 September 2015
သင်းဖြိုး

ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် ယာဉ်အစီး ၂၀၀ ခန့် ရပ်နားနိုင်မည့် ယာဉ်ရပ်နားကွင်းတစ်ခု ထပ်မံတိုးချဲ့ရန် စီစဉ်နေကြောင်း ဘုရင့်နောင်ပွဲရုံနှင့် ယာဉ်ရပ်နားကွင်းအကျိုးဆောင်အဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးတင်ယုက ပြောကြားသည်။
 
“အရင်က ကားအစီး ၃၀၀ ဆံ့တဲ့နေရာမှာ အခု ၃၀၀ ဆံ့အောင် နည်းစနစ်တကျ စီစဉ်ပေးထားတယ်။ အရင်က ကားတွေ  စည်းကမ်းမဲ့ ရပ်နားတာရယ်၊ လမ်းဘေးဈေးသည်တွေရဲ့ နေရာတိုးချဲ့ယူတာတွေ၊ ကျူးကျော် ဈေးရောင်းချမှုတွေ ဒါတွေကြောင့် ယာဉ်ကြောပိတ်ဆို့တာပါ။ အရင်က ဘုရင့်နောင်ပွဲရုံဝင်းထဲကို ကားအစီးရေ ၄၀၀ က နေ ၅၀၀ အထိ ဝင်မယ်ဆိုရင်တောင် ယာဉ်ကြောပိတ်ဆို့ မှုဖြစ်တယ်။ ခုကတော့ ကားအစီးရေ ၁၀၀၀ အထိဝင်လည်း ယာဉ်ကြောမပိတ်တော့ပါဘူး။ ပြီးရင် ယာဉ်အသေးလေးတွေရဲ့ နောက်မှာ ကားအစီးရေ  ၄၀ လောက်ဆံ့မယ့် ယာဉ်ရပ်နားကွင်းတစ်ခုကိုလည်း ထပ်ပြီး တို့ချဲ့သွားဖို့ နေရာစီစဉ်ထားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
 
ထို့ပြင် ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျော့နိုင်ရန် ယာဉ်လမ်းကြောင်းရှင်းလင်းပေးသူများနှင့် ယာဉ်များအား ဆုပေး၊ ဒဏ်ပေးစနစ်ဖြင့် ဆောင်ရွက်နေကြောင်း၊ စည်းကမ်းမဲ့ယာဉ်မှာ ကုန်တင်ကားကြီးဖြစ်ပါက ငွေကျပ် ၁၀၀၀၀၊  ဒိုင်နာနှင့် ကားအသေးများဖြစ်ပါ က ငွေကျပ် ၅၀၀၀ ဒဏ်ကြေး သတ်မှတ်ထားကြောင်း သိရသည်။
 
လက်ရှိ ဘုရင့်နောင်ပွဲရုံတွင် ယာဉ်ကြောပိတ်ဆို့မှုကို စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ယာဉ်ရပ်ခွင့်ကန်ထရိုက်၊ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ ကားဝင်းပိုင်းနှင့် ပွဲရုံဝင်းပိုင်းဟူ၍ နှစ်ပိုင်း ခွဲခြားဆောင်ရွက်နေကြောင်း သိရသည်။
 
ဘုရင့်နောင်ပွဲရုံဝင်းအတွင်း စက်တင်ဘာ ပထမပတ်မှစ၍ ယာဉ်ကြောပိတ်ဆို့မှုများ သိသိသာသာ လျော့နည်းသွားကြောင်း နှင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပါက ကားများ ခေတ္တရပ်နားနိုင်မည့် ယာယီယာဉ်ရပ်နားစခန်းကိုလည်း လုပ်ဆောင်ပေးထားကြောင်း သိရသည်။
 
စက်တင်ဘာလအတွင်း ဘုရင့်နောင်ပွဲရုံအတွင်း၌ ယာဉ်ကြောပိတ်ဆို့သည့် ရက်နှစ်ရက်သာဖြစ်ပေါ်ခဲ့ပြီး ပိတ်ရက်များပြီး ပြန်လည်ဖွင့်လှစ်သည့်အခါ၌ ယင်းကဲ့သို့  ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်တတ်သည်။ လက်ရှိတွင် ဘုရင်နောင်ပွဲရုံဝင်းအတွင်း ညအိပ်ကားအစီးရေ ၈၀၀ မှ ၁၂၀၀ အထိရှိပြီး တစ်နေ့လျှင် ပျမ်းမျှကားအစီးရေ  ၄၀၀၀ ကျော်ခန့် ဝင်ရောက်နေကြောင်း သိရသည်။  

Most Read

Most Recent