ကုမ္ပဏီသုံးခု တင်ဒါတင်သွင်းခဲ့သော ရန်ကုန်မြို့သစ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမည့် ငွေကြေးများနှင့် ပတ်သက်၍ တရားဝင်ငွေကြေး ဟုတ် မဟုတ် ဥပဒေနှင့်အညီ စိစစ်မည်ဟု ဆို

ကုမ္ပဏီသုံးခု တင်ဒါတင်သွင်းခဲ့သော ရန်ကုန်မြို့သစ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမည့် ငွေကြေးများနှင့် ပတ်သက်၍ တရားဝင်ငွေကြေး ဟုတ် မဟုတ် ဥပဒေနှင့်အညီ စိစစ်မည်ဟု ဆို
Published 26 September 2015
ကျော်ထင်

ကုမ္ပဏီသုံးခု တင်ဒါတင်သွင်းခဲ့သော ရန်ကုန်မြို့သစ်စီမံကိန်းတွင် ရင်းနှီးမြှပ်နှံမည့် ငွေကြေးများနှင့် ပတ်သက်၍ တရားဝင်ငွေကြေးများ ဟုတ် မဟုတ် သက်ဆိုင်ရာဌာနများ က ဥပဒေနှင့်အညီ စိစစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တော နှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောကြားသည်။
 
ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံလိုသူ နိုင်ငံသားများကို ဇူလိုင် ၁၂ ရက် မှစတင်၍ တင်ဒါခေါ်ယူခဲ့ရာ တင်ဒါလျှောက်လွှာ ဝယ်ယူခဲ့သူ ၅၀ ကျော်အနက် ယခု ကုမ္ပဏီသုံးခု တင်ဒါတင်သွင်းခဲ့သည်။
 
တင်ဒါတင်သွင်းသည့် ကုမ္ပဏီသုံးခုမှာ ရန်ကုန်အနောက်တောင်ဒေသဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ Business Capital City Development Ltd နှင့် သမ္မတ ဦးသိန်းစိန်နှင့် နီးစပ်သည့် ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပါးအပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့ဖြစ်ကြောင်း သိရသည်။
 
ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ၊  Business Capital City Development Ltd မှ ပြည်တွင်း ပြည်ပဘဏ်များမှ ချေးငွေရယူခြင်းနှင့် ရှယ်ယာခေါ်ယူခြင်း၊ ဒါရိုက်တာများ ပိုင်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ဆောင်မည်ဟု သိရသည်။
 
ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပါး အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်ကမူ ရင်းနှီးမြှုပ်နှံမည့် ပမာဏအနေဖြင့် ကျပ်ငွေ ၅၀၀ ဘီလျံ နှင့် ပြည်တွင်းပြည်ပဘဏ်များမှ ချေးငွေရယူမည် ဖြစ်ကြောင်း သိရသည်။ 
 
ထိုသို့ ရင်းနှီးမြှုပ်နှံမည့် ငွေကြေးများတွင် တရားမဝင်ငွေမည်းများ ဝင်ရောက်နိုင်သဖြင့်  စိစစ်ရန်လိုကြောင်း ဗဟန်းမြို့နယ်မဲ ဆန္ဒနယ်အမှတ်(၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ ညိုညိုသင်း က ထောက်ပြထားသည်။
 
သို့ဖြစ်ရာ ယင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများက နိုင်ငံတော်က ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောကြားသည်။
 
“ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာဌာနများက ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါတယ်။ ဥပမာ- ဘဏ်မှာ အစုရှယ်ယာများ ဝယ်ယူသူများကိုပင် အခွန်ထမ်းဆောင်ပြီး ငွေကြေး ဟုတ် မဟုတ် နှင့် အခွန်ထမ်းဆောင်ခြင်း မပြုရသေးပါက သက်ဆိုင်ရာ ပြည်တွင်းအခွန်ဦးစီးရုံးတွင် အခွန်ထမ်းဆောင်မှုပြုစေပါတယ်။ ဒါ့အပြင် ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၁) ဖြစ်တဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးအဖွဲ့များက ဗဟိုဘဏ်မှ တစ်ဆင့်ပေးပို့လာသော အစုရှယ်ယာဝယ်ယူသူများကို ထပ်မံစိစစ် ဆောင်ရွက်နေပါတယ်”ဟု ဦးကျော်စိုးကဆိုသည်။
 
“ကျွန်တော်တို့က မြို့သစ်စီမံကိန်းကို အမှန်တကယ် လုပ်ကိုင်ခွင့်ရမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံမှာပါ။ ကျွန်တော်တို့မှာ လတ်တလောအနေနဲ့ကတော့  ဒေသခံမြေပိုင်ရှင်၊ အရင်းအနှီးရှိတဲ့ ဒေသခံတွေထည့်ဝင်မှာဖြစ်ပြီး Supporting အနေနဲ့ကတော့ စင်ကာပူနိုင်ငံက ဘဏ်နှစ်ခုကပေးဖို့ MoU ရေးထိုးထားပါတယ်။ ကျွန်တော်တို့ရဲ့ ငွေကြေးတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်က ဝင်စစ်ဆေးလို့ရပါတယ်။ ကျွန်တော်တို့ကုမ္ပဏီကလည်း အများပိုင်ကုမ္ပဏီဆိုတော့  ကျွန်တော်တို့ ကိုယ်တိုင်လည်း စစ်ပါတယ်”ဟု ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တင်ဒါတင်သွင်းထားသည့်  ရန်ကုန်အနောက်တောင်ဒေသဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သောကုမ္ပဏီမှ ဒါရိုက်တာ ဦးခင်မောင်သန့်က ပြောကြားသည်။
 
ရန်ကုန်မြို့သစ်စီမံကိန်းသည် ပြီးခဲ့သည့်  ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က တရားဝင်ရပ်ဆိုင်းခဲ့ပြီးသော စီမံကိန်းဖြစ်ပြီး ကြည့်မြင်တိုင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် က အမြန်အကောင်အထည်ဖော်ပေးရန် တင်ပြခဲ့၍ ယခုတစ်ဖန် ပြန်လည်အကောင်အထည်ဖော်နေမှုအပေါ် ဝေဖန်မှုများစွာ ရှိနေသည်။
 

Most Read

Most Recent