အသေးစား အလတ်စား လုပ်ငန်းများအား ဘဏ်လုပ်ငန်း ဝန်ဆောင်မှုပေးသည့် နည်းပညာကူညီရန် GIZ နှင့် ပြည်တွင်းဘဏ်သုံးခု၏ ပူးပေါင်း ဆောင်ရွက်မှု ကာလအား တစ်နှစ် ထပ်မံတိုးမြှင့်ရန် သဘောတူ

အသေးစား အလတ်စား လုပ်ငန်းများအား ဘဏ်လုပ်ငန်း ဝန်ဆောင်မှုပေးသည့် နည်းပညာကူညီရန် GIZ နှင့် ပြည်တွင်းဘဏ်သုံးခု၏ ပူးပေါင်း ဆောင်ရွက်မှု ကာလအား တစ်နှစ် ထပ်မံတိုးမြှင့်ရန် သဘောတူ
Published 22 September 2015
သက်ထား၊ အေးမြတ်မွန်

ဂျာမန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ GIZ က ပြည်တွင်း ဘဏ်သုံးခုကို အသေးစား အလတ်စား လုပ်ငန်းများအား ဝန်ဆောင်မှုပေးသည့် နည်းပညာ ဆိုင်ရာများကို အကူအညီ ပေးရန်အတွက် ပူးပေါင်း ဆောင်ရွက်မှုကာလ သဘောတူ လက်မှတ်ရေးထိုးမှုကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့ Chatrium ဟိုတယ်တွင် ရေးထိုးခဲ့ကြောင်း သိရသည်။
ယင်း ပူးပေါင်းမှုဆိုင်ရာ သဘောတူညီချက်အရ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ဘဏ်လုပ်ငန်း ဝန်ဆောင်မှု ပေးနိုင်ရန်နှင့် ဘဏ်ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်GIZ က ကူညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ နည်းပညာ ကူညီရာတွင် ပြည်တွင်းဘဏ် သုံးခုဖြစ်သည့် ကမ္ဘောဇဘဏ်၊ ရိုးမဘဏ်၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် စသည့် ဘဏ်သုံးခုကို နည်းပညာဆိုင်ရာ ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်း သိရသည်။
GIZ က အဆိုပါ ဘဏ်သုံးခုကို နည်းပညာ ကူညီပေးရန် ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၄ခုနှစ် ဧပြီလမှ စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် ပြီးဆုံးမည် ဖြစ်သည့်အတွက် ယနေ့ သဘောတူ လက်မှတ် ရေးထိုး မှုသည် ပူးပေါင်းဆောင်ရွက်မှု ကာလကို တစ်နှစ်သက်တမ်း တိုးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။
“အသေးစား အလတ်စား လုပ်ငန်းတွေကို ငွေချေးတဲ့အခါမှာ အခက်အခဲက ဘာတွေ တွေ့ရလဲဆိုတော့ သူတို့တွေက စာရင်း အချက်အလက်တွေကို သေချာ လုပ်ထားတာ မရှိဘူး။ သူတို့ကို ချေးမယ်ဆိုရင် Analyse လုပ်တာတို့၊ ဘယ်လို ဆောင်ရွက်ရမယ် ဆိုတဲ့ နည်းပညာတွေကို GIZ က ဘဏ်က ဝန်ထမ်းတွေကို သင်ကြားပေးတာ ဖြစ်ပါတယ်” ဟု ကမ္ဘောဇဘဏ်၏ Senior Managing Director ဦးသန်းချိုက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း ကဏ္ဍသည် ဖွံ့ဖြိုးမှု အားနည်းလျက်ရှိကာ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများသည် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို လက်လှမ်းမီရန် အလွန်အားနည်းလျက်ရှိ သောကြောင့် ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင်ပါဝင်သည့် အစိတ်အပိုင်း တစ်ခုအနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်း အကြံပေး ပညာရှင်များမှ တစ်ဆင့် အဆိုပါ မိတ်ဖက် ဘဏ်သုံးခုကို နည်းပညာ ကူညီ ပေးခြင်းဖြစ်ကြောင်း သိရသည်။
“GIZ က ဘဏ်အားလုံး အသုံးပြုနိုင်တဲ့ နည်းပညာ အကူအညီနဲ့ သင်တန်းများကို ပြုလုပ်ပေးလျက် ရှိပါတယ်။ အတွေ့အကြုံနဲ့ သင်ခန်းစာတွေကို ပါဝင်ပတ်သက်သူ အားလုံးနဲ့ မျှဝေရမှာ ဖြစ်ပါတယ်။ ဒါဟာGIZရဲ့ တာဝန်ဖြစ်ပြီး ဘဏ္ဍာရေး ကဏ္ဍတစ်ခုလုံး တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးမှုအတွက် ပံ့ပိုး ပေးရမှာကတော့ ဘဏ်တစ်ခုချင်းစီနဲ့ ဆိုင်ပါတယ်” ဟု GIZ ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ပီထရာရှေးလ်က ပြောကြားသည်။
ထို့ပြင် GIZနှင့် မိတ်ဖက်ဘဏ် သုံးခုတို့၏ ပူးပေါင်း ဆောင်ရွက်မှုတွင် အသေးစားနှင့် စီးပွားရေးလုပ်ငန်းများကို ဦးတည်သော စွန့်ဦးတီထွင်လုပ်ငန်းရှင် သင်တန်းများ ပေးရန်နှင့် ဘဏ်လုပ်ငန်း ကဏ္ဍတွင် ချေးငွေပေးခြင်း လုပ်ငန်းစဉ်သစ်များ ခိုင်မာလာစေရန် ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။
GIZ သည်ဂျာမန်အစိုးရပိုင် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ဂျာမန်အစိုးရ ကိုယ်စား နိုင်ငံ တကာနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်လျက်ရှိကာ နည်းပညာဆိုင်ရာ အကြံ ဉာဏ်များနှင့် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက် ပေးလျက် ရှိကြောင်းသိရသည်။ထို့ပြင် GIZ သည် ဂျာမနီနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအား ကိုယ်စားပြု၍ ၂၀၁၂ ခုနှစ်မှ ပြန်လည်စတင်ကာ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ၊စက်မှုလက်မှု သင်တန်း ကျောင်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

Most Read

Most Recent