ပြည်ပသို့ ဆန်တင်ပို့ရန် ပို့ကုန်လိုင်စင် သက်တမ်းအား နယ်စပ်ဒေသမှ တင်ပို့ခြင်းအတွက် ရက် ၃၀ နှင့် ပင်လယ်ရေကြောင်းမှ တင်ပို့မှုအတွက် ၄၅ ရက် သတ်မှတ်ထား

ပြည်ပသို့ ဆန်တင်ပို့ရန် ပို့ကုန်လိုင်စင် သက်တမ်းအား နယ်စပ်ဒေသမှ တင်ပို့ခြင်းအတွက် ရက် ၃၀ နှင့် ပင်လယ်ရေကြောင်းမှ တင်ပို့မှုအတွက် ၄၅ ရက် သတ်မှတ်ထား
Published 21 September 2015
ချမ်းမြေ့သူ

ပြည်ပသို့ ဆန်တင်ပို့ရန်အတွက် ပို့ကုန်လိုင်စင် သက်တမ်းအား နယ်စပ်ဒေသမှ တင်ပို့ခြင်းအတွက် ရက် ၃၀ နှင့်ပင်လယ် ရေကြောင်းမှ တင်ပို့မှုအတွက် ၄၅ ရက် သတ်မှတ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် ပို့ကုန်လိုင်စင်ကို ယခင်ကကဲ့သို့ ရန်ကုန်၊ မန္တလေးနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် ခွင့်မပြုဘဲ နေပြည်တော်၌သာ ခွင့်ပြုဆောင်ရွက် ပေးမည်ဖြစ်ပြီး နယ်စပ်မှတင်ပို့ရာတွင် ပို့ကုန်လိုင်စင် တစ်စောင်လျှင် အများဆုံးတန် ၅၀၀ သာ ခွင့်ပြုမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်ပို့ရာ၌ သယ်ဆောင်မည့် ပမာဏအတိုင်း ပို့ကုန်လိုင် စင်ခွင့်ပြုဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
နယ်စပ်ဒေသမှ တင်ပို့ခြင်းနှင့် ပင်လယ်ရေကြောင်းမှ တင်ပို့ခြင်းအတွက် ပို့ကုန်လိုင်စင် သက်တမ်းအား ခွင့်ပြုရက်အတွင်း တင်ပို့ရမည်ဖြစ်ပြီး သက်တမ်းတိုးခြင်းကို ခွင့်မပြုဘဲ သတ်မှတ်ကာလအတွင်း တင်ပို့နိုင်ခြင်း မရှိ၍ ပို့ကုန်လိုင်စင် ထပ်မံလျှောက်ထား လာပါက ပြန်လည်စိစစ်ပြီးမှ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ပို့ကုန်လိုင်စင် လျှောက်ထားသည့် ကုမ္ပဏီသည် တင်ပို့မည့် ဆန်နှင့် ဆန်ထွက်ပစ္စည်း မည်သည့် အမျိုးအစား တင်ပို့စေကာမူ တင်ပို့မည့် ပမာဏ၏ နှစ်ရာခိုင်နှုန်းနှင့် ညီမျှသည့် ဧည့်မထဆန် အမျိုးအစားကို သဘာဝဘေး အန္တရာယ်အတွက် အရန်ဆန်အဖြစ် ၎င်း၏အစီအစဉ်ဖြင့် ထားရှိရမည်ဖြစ်ပြီး ထားရှိမည့် နေရာအား ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ လက်မှတ်ရေးထိုး၍ ပို့ကုန်လျှောက်လွှာနှင့်အတူ တစ်ပါတည်း တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
“ဆန်က အခုမှပြန်ပြီး တင်ပို့မှုတွေ လုပ်ရမှာဆိုတော့ ဟိုဘက်မှာလည်း အဝယ်နည်းနေသေးတယ်။ ဈေးကွက် အခြေအနေကိုလည်း ကြည့်ရပါမယ်။ အခုသတ်မှတ်ထားတဲ့ လိုင်စင်သက်တမ်း အဆင်ပြေမှု ရှိမရှိ ဆိုတာကတော့ တင်ပို့မှုတွေ ပြုလုပ်ပြီးမှ သုံးသပ်လို့ရမယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပသို့ဆန် တန်ချိန်နှစ်သန်း တင်ပို့နိုင်ရန် လျာထားပြီး သြ ဂုတ် ၈ ရက်အထိ တန်ချိန် ၄၃၉၈၀၀ တင် ပို့မှုမှ ဒေါ်လာ သန်း ၁၆၀ ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံသည် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းမှတစ်ဆင့် ရုရှား၊ ဥရောပ၊ အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် ဂျပန်သို့တင်ပို့မှုရှိပြီး တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အသုံးပြုကာ တင်ပို့မှုများကြောင်း သိရသည်။
အဆိုပါ ကုန်သွယ်မှု လမ်းကြောင်းနှစ်ခုအနက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း အသုံးပြု၍ တင်ပို့မှုပိုများပြီး တရုတ်နှင့် ဟောင်ကောင်သို့ အများဆုံး တင်ပို့မှု ပြုလုပ်နေခြင်းဖြစ်ပြီး ရာခိုင်နှုန်း ၇၀ နီးပါးမှာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အသုံးပြုတင်ပို့ နေခြင်းဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent