အမေရိကန်၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျ နိုင်ငံများသို့ ကြားနေ အဖွဲ့အစည်းမှ တစ်ဆင့် တရားဝင် သစ်တင်ပို့ခွင့် ယာယီအားဖြင့် နှစ်နှစ်ခွင့်ပြု

အမေရိကန်၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျ နိုင်ငံများသို့ ကြားနေ အဖွဲ့အစည်းမှ တစ်ဆင့် တရားဝင် သစ်တင်ပို့ခွင့် ယာယီအားဖြင့် နှစ်နှစ်ခွင့်ပြု
Published 20 September 2015
ထက်သျှိုင်း၊ ဆန်းထူးအောင်

မြန်မာ့သစ်လုပ်ငန်းအား အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုမှ ပယ်ဖျက်ထားခြင်း မရှိသဖြင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျ နိုင်ငံများသို့ တရားဝင် သစ်တင်ပို့နိုင်ရန်အတွက် ကြားနေအဖွဲ့အစည်းမှ တစ်ဆင့် သစ်တင်ပို့ခွင့် ယာယီအားဖြင့် နှစ်နှစ် ခွင့်ပြုထားကြောင်း စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ်၊ IWPA, ETTF နှင့် ATIF ကိုယ်စားလှယ်များနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက ပြောကြားသည်။“တချို့ကလည်း မြန်မာ့သစ်လုပ်ငန်းကို ပိတ်ဆို့အရေးယူမှု စာရင်းကနေ ထုတ်ပစ်လိုက်တယ်လို့ ထင်ကြတယ်။ အမှန်ကတော့ မဟုတ်ပါဘူး။ အဲဒါ ကျွန်တော်ပြောတဲ့စကား မဟုတ်ပါဘူး။ ဝန်ကြီးဌာနက ပြောတဲ့ စကားပါ။ အခုလာတဲ့ အဖွဲ့က ပုဂ္ဂလိက အဖွဲ့အစည်းပါ။ အမေရိကန်နိုင်ငံက သစ်ဝယ်ချင်တယ်ဆိုရင် နိုင်ငံတကာ IWPA မှာပဲ လိုင်စင်ပေးတယ်ဆိုတဲ့ သဘောပေါ့။ အမေရိကန် အစိုးရက မြန်မာ့သစ်လုပ်ငန်းကို အရေးယူ ပိတ်ဆို့မှု စာရင်းကနေ ပယ်ဖျက်တယ်ဆိုတဲ့ အဓိပ္ပာယ် မသက်ရောက်ပါဘူး။ IWPA အဖွဲ့ဝင်သာလျှင် လိုင်စင်ရမယ်။ သူတို့သာလျှင် မြန်မာနိုင်ငံက သစ်ဝယ်လို့ရမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့ ကုမ္ပဏီတိုင်းက တိုက်ရိုက်ဝယ်လို့ မရပါဘူး။ အရေးယူ ပိတ်ဆို့မှု စာရင်းထဲမှာ ရှိနေတာဟာ နိုင်ငံရေး ပြဿနာပါ။ စီးပွားရေးအရ Sanction ရှိနေတဲ့ အခါမှာ ဝယ်ယူလို့ မရဘူးလား ဆိုတဲ့ အခါမှာ ယာယီအားဖြင့် ဒီလို နှစ်နှစ်ပေးတာ ဖြစ်ပါတယ်” ဟု ဒေါက်တာစိန်ဝင်းက ပြောကြားသည်။ယခုကဲ့သို့ တင်ပို့ရာတွင် သစ်အချောထည်သာ မကဘဲ တရားဝင်သစ် အားလုံးကို တင်ပို့သွားမည်ဖြစ်ပြီး တရားမဝင် သစ်များကို ဝယ်ယူသွားမည် မဟုတ်ကြောင်း ဒေါက်တာစိန်ဝင်းက ပြောကြားသည်။“သူတို့က သစ်ချောထည်ကြီးပဲ မဟုတ်ဘူး။ Sustainable Forest က တရားဝင်သစ်တွေကို ဝယ်ချင်ပါတယ် ပြောတယ်။ အဲဒီအတွက် လာဆွေးနွေးတာ ဖြစ်ပါတယ်။ အစိုးရနဲ့ ဆွေးနွေးတဲ့ အခါမှာ နားလည်မှုရတယ်။ ကျွန်တော်တို့ဆီကသူတွေ ဒီနိုင်ငံတွေကို ပို့လို့ရတော့မှာ ဖြစ်ပါတယ်။ ပို့တဲ့အခါ အသေးစိတ် အချက်အလက်တွေ ဖြစ်ဖု့ိ လိုတယ်။ တရားမဝင် သစ်တွေကိုတော့ ဝယ်မှာ မဟုတ်ပါဘူး” ဟု မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက ပြောကြားသည်။အမေရိကန်နိုင်ငံ International Wood Products Association က မြန်မာနိုင်ငံမှ ကျွန်းသစ်ထုတ်ကုန်များကို စိတ်ဝင်စားကြောင်း၊ မြန်မာနိုင်ငံနှင့် သစ်တောထွက်ပစ္စည်းများ တင်ပို့မှု လုပ်ဆောင်နိုင်ရန်အတွက် တာဝန်ယူမှုရှိသည့် ကုန်သွယ်မှု ဖြစ်ပေါ်လာနိုင်ရန် ဆောင်ရွက်ထားကြောင်းနှင့် မြန်မာ့သစ်လုပ်ငန်းနှင့် တိုက်ရိုက်ကုန်သွယ်ခွင့် ရရှိရန်အတွက် အမေရိကန် အစိုးရ၏ ခွင့်ပြုချက်လည်း လိုအပ်ကြောင်း International Wood Products Association မှ Executive Director Ms.Cindy Squires က ဆိုသည်။“မြန်မာနိုင်ငံနဲ့ ပုံမှန်အတိုင်း ကုန်သွယ်နိုင်ဖို့ အထူးသဖြင့် သစ်တောထွက် ပစ္စည်းတွေ၊ သစ်တင်ပို့မှုတွေ လုပ်ဆောင်နိုင်ဖို့ ကျွန်မတို့ အနေနဲ့ တာဝန်ယူမှုရှိတဲ့ ကုန်သွယ်မှု ဖြစ်ပေါ်လာနိုင်အောင် အစီအစဉ်တစ်ခု ပူးပေါင်းလုပ်ဆောင်နိုင်အောင် အကြံပြုထားပါတယ်။ ဒါမှ ကျွန်မတို့နဲ့ တိုက်ရိုက် ကုန်သွယ်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာအနေနဲ့ ပိတ်ဆို့ အရေးယူ ခံရမှုဟာ အရေအတွက် တစ်ခုအထိ ရှိနေပါသေးတယ်။ မြန်မာ့သစ်လုပ်ငန်းနဲ့ တိုက်ရိုက် အလုပ်လုပ်ကိုင်ဖို့ ကျွန်မတို့ အစိုးရရဲ့ ခွင့်ပြုမှု ရရှိဖို့ လိုပါသေးတယ်” ဟု Ms.Cindy Squires က ဆိုသည်။အမေရိကန် အစိုးရ အနေဖြင့် မြန်မာ့သစ်လုပ်ငန်းအား အရေးယူ ပိတ်ဆို့ထားသော်လည်း သစ်တင်ပို့မှုအား အကန့်အသတ်ဖြင့် ခွင့်ပြုပေးထားကြောင်း၊ လက်ရှိတွင် မြန်မာ့သစ်လုပ်ငန်းနှင့် အမေရိကန် အစိုးရတို့ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း Ms.Cindy Squires က ဆက်လက်ပြောကြားသည်။“အမေရိကန် အစိုးရက ပိတ်ဆို့ အရေးယူထားတဲ့ အထဲမှာ မြန်မာ့သစ်လုပ်ငန်းက ပါဝင်နေပါတယ်။ အခု အချိန်ဟာ တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်ဆောင်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်နေတာရဲ့ အစိတ်အပိုင်းအဖြစ် အမေရိကန် အစိုးရက အကန့်အသတ်နဲ့ ခွင့်ပြုပေးနေပါတယ်။ ဒါကလည်း ပြုပြင်ပြောင်းလဲမှုကို အထောက်အကူပြုအောင် လုပ်ပေးနေတဲ့ သဘောပါ။ မြန်မာ့သစ်လုပ်ငန်းနဲ့ အမေရိကန် အစိုးရတို့ ဆွေးနွေးနေပါတယ်။ ဒါကလည်း မြန်မာ့သစ်လုပ်ငန်းကို Sanction List ထဲကနေ ထုတ်ပေးနိုင်မလား၊ မထုတ်ပေးနိုင်ဘူးလား ဆိုတဲ့ ကိစ္စတွေပါ” ဟု Ms.Cindy Squires က ပြောကြားသည်။

Most Read

Most Recent