၂၀၀၉ ခုနှစ်မတိုင်မီက သစ်တောဧရိယာ တစ်နှစ်ဟတ်တာ ၉၇၀၀၀ ကျော်သာ ဆုံးရှုံးခဲ့ရာမှ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ဟတ်တာ ၁၈၅၀၀၀ ကျော် ဆုံးရှုံးလာကြောင်း EIA အစီရင်ခံစာ၌ ဖော်ပြ

၂၀၀၉ ခုနှစ်မတိုင်မီက သစ်တောဧရိယာ တစ်နှစ်ဟတ်တာ ၉၇၀၀၀ ကျော်သာ ဆုံးရှုံးခဲ့ရာမှ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ဟတ်တာ ၁၈၅၀၀၀ ကျော် ဆုံးရှုံးလာကြောင်း EIA အစီရင်ခံစာ၌ ဖော်ပြ
Published 20 September 2015
ဇော်ဝေ

ဆယ်စုနှစ် တစ်ခုကျော်အတွင်း မြန်မာနိုင်ငံသည် သစ်တောဧရိယာ ဟတ်တာ ၁ ဒသမ ၇သန်းကျော် ဆုံးရှုံးခဲ့ပြီး ၂၀၀၉ ခုနှစ် မတိုင်မီက တစ်နှစ် ဟတ်တာ ၉၇၀၀၀ ကျော်သာ ဆုံးရှုံးခဲ့ရာမှ ယခုအချိန်တွင် ဟတ်တာ ၁၈၅၀၀၀ ကျော် အထိ နှစ်ဆတိုး ဆုံးရှုံးလာနေကြောင်း Environmental Investigation Agency(EIA) က ထုတ်ပြန်သည့် “ မြန်မာ နှင့် တရုတ်နိုင်ငံတို့အကြား တရားမဝင် ကုန်လမ်းကြောင်း သစ်ကုန်သွယ်မှု ” အစီရင်ခံစာအရ သိရသည်။၂၀၁၄ ခုနှစ်တွင် မြန်မာအစိုးရသည် သစ်အလုံးလိုက် တင်ပို့ခွင့်ကို ပိတ်ပင်လိုက်သော်လည်း တရုတ်နိုင်ငံသို့ သစ်အလုံးလိုက် တင်ပို့မှုမှာ ပိုမိုလာနေသည်ကို တွေ့ရပြီး တရုတ်သို့ သစ်တင်ပို့မှု စံချိန်တင်ခဲ့သည့် ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် အဆိုးဆုံးဖြစ်လာပြီး ကုဗမီတာ ၉၀၀၀၀ ဝန်းကျင် ရှိခဲ့ကြောင်း၊ ဥပဒေကို သိသိသာသာ မျက်နှာလွှဲကာ နယ်စပ်ဖြတ်ကျော်ကာ သစ်လုံးများကို ပြောင်ပြောင်တင်းတင်း တင်ပို့နေကြောင်း၊ ယူနန်နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် တရုတ်အကြား သစ်ကုန်သွယ်မှုမှာ ကုဗမီတာ ၃၀၀၀၀၀ ဝန်းကျင်သာ ရှိနေရာမှ ၂၀၀၅ ခုနှစ်တွင် ကုဗမီတာ ၁ ဒသမ ၆ သန်းဝန်းကျင်သို့ ရောက်ရှိလာပြီး တန်တစ်သန်း ဝန်းကျင်မှာ ယူနန်နယ်စပ် မှတစ်ဆင့် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် ရောက်ချိန်တွင် ကုဗမီတာ ၁ ဒသမ ၇ သန်းဝန်းကျင်ဖြင့် စံချိန်တင် ရောက်ရှိခဲ့ကြောင်း၊ ၉၄ ရာခိုင်နှုန်းမှာ ကူမင် အကောက်ခွန်ဌာနမှ ဖြတ်သန်း ရောက်ရှိခြင်း ဖြစ်ကြောင်း၊ တရားမဝင် သစ်ကုန်သွယ်မှုသည် ယခုအချိန်တွင် နှုန်းပြည့်ဖြင့် စီးဆင်းနေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြသည်။မြန်မာနိုင်ငံ သစ်တော စီမံခန့်ခွဲမှု စနစ်တွင်လည်း နှစ်စဉ် သစ်ခုတ်ယူနိုင်သော ပမာဏထက်ပိုသော ထုတ်ယူမှု ပိုမိုနေခြင်းအားဖြင့် စနစ်တကျ သဘာ၀ အရင်းအမြစ်များကို အလွန်အကျွံ ထုတ်ယူခဲ့မှုကို တွေ့ကြောင်း EIA အစီရင်ခံစာတွင် ဖော်ပြသည်။၎င်းအခြေအနေမှာ သစ်အလုံးလိုက် တင်ပို့ခွင့် မပိတ်မီ ကာလတွင် အထူးသဖြင့် သိသာနေကြောင်း၊ ဥပမာအားဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး ကသာ သစ်တော ဦးစီးဌာနသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် သစ်ထုတ်လုပ်ခွင့် ၁၂၀၀၀ ပင်သာ ရှိချိန်တွင် ကျွန်းပင်ပေါင်း ၆၀၀၀၀ ကျော်ကို ခုတ်ယူခဲ့ကြောင်း၊၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ခဲ့သော သစ်အလုံးလိုက် တင်ပို့မှု ပိတ်ပင်အပြီး သုံးလအတွင်း သစ်တန်ချိန် ၂၀၀၀၀ ကျော်ကို ဖမ်းမိခဲ့ကြောင်း သိရသည်။နယ်စပ်ဖြတ်ကျော် သစ်ခိုး ကုန်သွယ်မှုသည် ၁၉၉၀ ပြည့်နှစ် များမှစပြီး ၂၀၁၅ ခုနှစ်အထိ လျင်မြန်စွာ ပြန့်ပွားလာခဲ့ကြောင်း၊ ယင်းနောက် တရုတ်ဘက်မှ ထိန်းချုပ်မှုအချို့ ပြုလုပ်ခဲ့ခြင်းကြောင့် ယာယီအားဖြင့် လျော့ကျသွားသော်လည်း လက်ရှိအချိန်တွင် တရုတ်နိုင်ငံသို့ သစ်ခိုးထုတ်မှုမှာ စံချိန်တင်နီးပါးသို့ ပြန်လည် ရောက်ရှိလာနေကြောင်းလည်း သိရသည်။ ယင်းကဲ့သို့ သစ်ခိုးထုတ်မှုများသည် ၂၀၁၀ ပြည့်နှစ် ဇွန်လနောက်ပိုင်းတွင် ပို၍များပြားလာကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရသိရှိရသည်။                                             

Most Read

Most Recent