တိုးမြှင့်လိုက်သည့် ယာဉ်စည်းကမ်းဒဏ်ကြေးအပေါ် ဆန္ဒပြကာ ပြေးဆွဲမှုရပ်နားခဲ့သည့် ရန်ကုန်မြို့ရှိ ခရီးတင်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မထသ (မြို့တွင်း) မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။ ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအတွက် အမှုသေးဒဏ်ကြေးငွေ ကျပ် ၁၅၀၀ မှ ယခု စက်တင်ဘာလဆန်းတွင် ပြဋ္ဌာန်းလိုက်သည့် မော်တော်ယာဉ် ဥပဒေသစ်အရ အမှုသေးဒဏ်ကြေးငွေများ တိုးမြှင့်သွားခြင်းကြောင့် ခရီးသည်တင်ယာဉ်အများစု စက်တင်ဘာ ၁၅ ရက်မှစ၍ ပြေးဆွဲမှုရပ်နားကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။မထသ ၂၁၃၊ ၁၅၇၊ ၇၄၊ ၄၃ ၊ ၃၉ အထူး၊ ၃၉ ရိုးရိုး၊ ၂၀၄၊ ၄၈၊ ၅၇ စသည့် ယာဉ်လိုင်းများမှ ယာဉ်အများစု ပြေးဆွဲမှုရပ်နားခဲ့ပြီး ရန်ကုန်မြို့တွင်း နေ့စဉ်ပြေးဆွဲနေသည့် ယာဉ်အစီးရေ၏ ရာခိုင်နှုန်း ၃၀ (ယာဉ်အစီးရေ ၁၀၀၀ ကျော်) ရှိခဲ့သည်ဟု သိရသည်။ သို့သော် မထသ(ဗဟို)မှ ယာဉ်အစီးရေ ၅၀၀ ခန့်ပြေးဆွဲမှု ရပ်နားခဲ့ကြောင်း ပြောကြားခဲ့သည်။ထိုသို့ ပြေးဆွဲမှု ရပ်နားထားခဲ့ခြင်းကြောင့် အဆိုပါယာဉ်လိုင်းများကို အားထားစီးနင်းရသည့် ခရီးသွားပြည်သူများစွာ ဒုက္ခရောက်ခဲ့ကြရပြီး ဘတ်စ်ကားအစား တက္ကစီများကိုသာ စီးနင်းခဲ့ရပြီး တက္ကသိုလ်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား ကျောင်းသူများလည်း စာမေးပွဲဖြေဆိုချိန် နောက်ကျမှုများဖြစ်ပေါ်ကာ သက်ဆိုင်ရာ တက္ကသိုလ်များမှ ကြိုပို့ယာဉ်များ စီစဉ်ပေးခဲ့ရကြောင်း သိရသည်။သို့ဖြစ်ရာ သက်ဆိုင်ရာယာဉ်လိုင်းများမှ ကြီးကြပ်ရေးမှူးမှတစ်ဆင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ဒဏ်ကြေးကိစ္စနှင့် ပတ်သက်၍ အသိပေးစည်းရုံးမှုများ ပြုလုပ်ကာ စက်တင်ဘာ ၁၈ ရက်တွင် ခရီးသည်တင်ယာဉ်အားလုံး ပြန်လည်ပြေးဆွဲရန် မထသ (မြို့တွင်း) က ညွှန်ကြားခဲ့သည်။စက်တင်ဘာ ၁၈ ရက်တွင် ဒဂုံတောင်မှ မော်တင်သို့ပြေးဆွဲနေသည့် ၃၉ ယာဉ်ကြီးလိုင်းနှင့် မထသ ၃၈ မီနီဘတ်စ် (အစိမ်းနှင့် အဝါလိုင်း) များမှလွဲ၍ မထသ (မြို့တွင်း) အောက်ရှိ ကျန်ရှိ ယာဉ်လိုင်းများ ပြန်လည် ပြန်လည်ပြေးဆွဲခဲ့ပြီး စက်တင်ဘာ ၁၉ ရက်တွင်မူ ယာဉ်လိုင်းများ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့လိုင်းလည်း ပုံမှန်အတိုင်း ပြန်ပြေးဆွဲနေပါပြီ”ဟု ၁၅၇ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးက ဆိုသည်။“ဟိုရက်ကတော့ တော်တော်ကို ဒုက္ခရောက်ခဲ့ရပါတယ်။ ဒီနေ့တော့ ၃၉ တွေ ပြန်ထွက်နေပြီ။ ဒါပေမဲ့ ကားအကုန်လုံး မထွက်သေးဘူးထင်တယ်။ အလာကျဲတယ်”ဟု မထသ ၃၉ ပုံမှန်စီးနင်းသူ ခရီးသည်တစ်ဦးက ပြောကြားသည်။ထိုသို့ ဒဏ်ကြေးငွေတိုးမြင့်သွားမှုမှာ ဥပဒေအတိုင်းသာဖြစ်ပြီး ယင်းကို ပြင်ဆင်၍ မရနိုင်ကြောင်း မထသ (ဗဟို) က ပြောကြားထားပြီး စက်တင်ဘာ ၇ ရက်နှင့် နောက်ပိုင်းကျူးလွန်သည့် အမှုအတွက် ယခု မော်တော်ယာဉ်ဥပဒေသစ်ဖြင့်သာ အရေးယူမည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့က စက်တင်ဘာ ၁၈ ရက်တွင် ပြုလုပ်သည့်ရှင်းလင်းပွဲ၌ တရားဝင်ပြောကြားထားသည်။“ယာဉ်မောင်း ယာဉ်နောက်ကတွေက တိုးလိုက်တဲ့ ဒဏ်ကြေးအပေါ် သူတို့ကြောက်ပြီး သူတို့မဆွဲဖြစ်တာပါ။ နေ့စဉ် အမှုတွေအများကြီးဆိုရင် သူတို့ရတဲ့ နေ့စဉ်ဝင်ငွေနဲ့ ဘယ်လိုမှမဆောင်နိုင်ဘူး။ တကယ်တမ်းတော့ အချို့အမှုတွေဆို ယာဉ်ထိန်းရဲတွေက ညစ်ဖမ်းတာတွေ ရှိတယ်။ ချောင်းဖမ်းတာတွေ ရှိပါတယ်”ဟု ယာဉ်ပိုင်ရှင်တစ်ဦး က ဆိုသည်။ ထို့ပြင် လက်ရှိပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များကို ပြေးဆွဲခြင်းမပြုရန် စည်းရုံးသူများကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ရန်ကုန်မြို့၌ ခရီးသည်တင် ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်ရှိပြီး နေ့စဉ် ယာဉ်အစီးရေ ၄၀၀၀ ကျော်ပြေးဆွဲနေကာ ခရီးသည် ၂ ဒသမ ၂၈ သန်းကို သယ်ယူပို့ဆောင်ပေးနေကြောင်း မထသ (ဗဟို) မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
ဆန္ဒပြရပ်နားခဲ့သည့် ရန်ကုန်မြို့ရှိ ခရီးသည်တင်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေဟု မထသ ပြောကြား















