မြန်မာ့ကမ်းလွန်လုပ်ကွက် လေးခုမှ တစ်ရက်လျှင် ၁ ဒသမ ၇ ဘီလျံကုဗပေ တင်ပို့နေပြီး ပြည်တွင်းသုံးအတွက် ကုဗပေ သန်း ၄၀၀ ပေးထားသည်ဟု ဆို

မြန်မာ့ကမ်းလွန်လုပ်ကွက် လေးခုမှ တစ်ရက်လျှင် ၁ ဒသမ ၇ ဘီလျံကုဗပေ တင်ပို့နေပြီး ပြည်တွင်းသုံးအတွက် ကုဗပေ သန်း ၄၀၀ ပေးထားသည်ဟု ဆို
Published 16 September 2015
အငယ်ထွေး၊ နီလာ

မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ကမ်းနီးကမ်းဝေး လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့များအား ထုတ်ယူလျက်ရှိပြီး လက်ရှိအချိန်တွင် ကမ်းဝေးလုပ်ကွက် လေးခုမှ ပြည်ပသို့ တစ်ရက်လျှင် ၁ ဒသမ ၇ ဘီလျံကုဗပေ တင်ပို့နေပြီး ပြည်တွင်းသုံးအတွက် ကုဗပေ သန်း ၄၀၀ ပေးထားကြောင်း စက်တင်ဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ MICC-2 ၌ ကျင်းပခဲ့သော Myanmar Global Investment Forum တွင် Myanma Oil&Gas Enterprises-MOGE မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။“ကျွန်တော်တို့မှာ ကမ်းလွန်မှာ လုပ်ကွက်တွေ ရှိပါတယ်။ ကမ်းနီးမှာလည်း လုပ်ကွက်တွေ ရှိပါတယ်။ အဲဒီလိုပဲ Inland Gas Production ဆိုပြီးလည်း ရှိပါတယ်။ ကုန်းတွင်းက ထွက်တာတွေကိုတော့ ပြည်ပကို တင်ပို့လေ့ မရှိပါဘူး။ ထုတ်လုပ်မှုနဲ့ ပတ်သက်ရင်လည်း ပြည်တွင်းကိုပဲ ပေးထားပါတယ်။ ကမ်းလွန်လုပ်ကွက်ကထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကိုတော့ ကျွန်တော်တု့ိက စာချုပ်ချုပ်ထားတဲ့အတိုင်း တင်ပို့ရပါတယ်။ တင်ပို့ရတဲ့ ပမာဏကတော့ တစ်ရက်ကို ကုဗပေ ၁ ဒသမ ၇ ဘီလျံ ဖြစ်ပါတယ်။ ပြည်တွင်းသုံးဖို့ ကုဗပေ သန်း ၄၀၀ ပေးတဲ့အတွက် ပြည်ပတင်ပို့မှုရဲ့ ၂၀ ရာခိုင်နှုန်းကို ပြည်တွင်းမှာသုံးဖို့ ပေးထားပါတယ်” ဟု Myanma Oil & Gas Enterprises မှ Managing Director ဦးမျိုးမြင့်ဦးက ပြောကြားသည်။အလားတူ မြန်မာနိုင်ငံ အနေဖြင့် ကမ်းနီးလုပ်ကွက် ၅၂ ခုနှင့် ကမ်းလွန်လုပ်ကွက် ၅၂ ခု စုစုပေါင်း လုပ်ကွက် ၁၀၄ ခု ရှိနေပြီဖြစ်ကြောင်း၊ ထို့အတူ ၂၀၁၃ ခုနှစ်တွင် ယင်းလုပ်ကွက်များတွင် လုပ်ကိုင်ရန် နိုင်ငံတကာ တင်ဒါများအား ခေါ်ယူခဲ့ကြောင်း၊ အလားတူ ရွေးချယ်ခံရသည့် ကုမ္ပဏီများကိုလည်း ကြေညာပေးခဲ့ပြီး ကမ်းလွန်လုပ်ကွက် ၁၆ ခုနှင့် ကုန်းတွင်းလုပ်ကွက် ၂၀ ခုဖြစ်ကြောင်း သိရသည်။အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အနာဂတ်တွင် စွမ်းအင်ဖူလုံရေးဆိုင်ရာ ကိစ္စရပ်များအားလည်း ဆွေးနွေးခဲ့ကြပြီး “လက်ရှိ မြန်မာနိုင်ငံမှာ ရေအားနဲ့ လည်ပတ်နေတဲ့ အားက ၇၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ကျန်တာတွေကိုတော့ အဓိကအားဖြင့် Gas နဲ့ပဲ လည်ပတ်နေတာပါ။ ကျွန်မတို့ စဉ်းစားရမှာက နောက်ငါးနှစ်လောက်မှာ စွမ်းအင်ကို ဘယ်ကရမလဲဆိုတာကို ထည့်စဉ်းစားရမှာပါ။ ရေအားလျှပ်စစ်က စုစုပေါင်း လျှပ်စစ်ပမာဏရဲ့ သုံးပုံနှစ်ပုံလောက် ရှိနေပြီ။ နောက်တစ်ခုက ကျောက်မီးသွေးပါ။ ကျောက်မီးသွေးက ကုန်ကျစရိတ် သက်သာတယ် ဆိုပေမယ့် ၂၀၂၀ ပြည့်နှစ်လောက်ရောက်ရင် အစိုးရခေါင်းခဲရမယ့် ကိစ္စတစ်ခုပါ။ ဒီနေရာမှာ တစ်ခုရှိတာက LNG ကို သုံးမလား ဆိုတာပဲ။ ရေတိုမှာတော့ LNG သုံးတာလည်း မဆိုးပါဘူး။ ဒါပေမဲ့ ရေရှည်အတွက်ကျတော့ စွမ်းအင်ကို ထိထိရောက်ရောက် ဘယ်လိုသုံးစွဲမလဲဆိုတဲ့ နည်းလမ်းတစ်ခုကို ရှာဖွေဖို့ လိုအပ်လာပါတယ်” ဟု Barons & Fujikura EPC မှ Managing Director ဖြစ်သူ ဒေါ်အိဖြူစင်ဌေးက ပြောကြားသည်။မြန်မာ့ကမ်းလွန်တွင် လက်ရှိအချိန်တွင် သဘာဝဓာတ်ငွေ့ တူးဖော်နေသည့် စီမံကိန်း လေးခုရှိပြီး ယင်းတို့မှာ ပြင်သစ်နိုင်ငံ Total ရေနံကုမ္ပဏီမှ ထုတ်ယူနေသော ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်း၊ မလေးရှားနိုင်ငံ PETRONAS ကုမ္ပဏီမှ ဦးဆောင်ရှာဖွေ တူးဖော်နေသော ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်း၊ ဒေဝူးမှ ဦးဆောင်ထုတ်ယူနေသော ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် ထိုင်းနိုင်ငံ PTTEP မှ ထုတ်ယူနေသော မုတ္တမကမ်းလွန်ရှိ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းတို့ဖြစ်ကြောင်း သိရသည်။ပြင်သစ်နိုင်ငံ TOTAL ကုမ္ပဏီမှ ထုတ်ယူနေသည့် ရတနာ သဘာဝဓာတ်ငွေ့သိုက်မှ ဓာတ်ငွေ့များကိုမူ ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချနေပြီး တစ်နေ့လျှင် ကုဗပေ သန်း ၆၀၀ တင်ပို့နေကြောင်း၊ အလားတူ ရဲတံခွန် သဘာဝဓာတ်ငွေ့သိုက်မှ ဓာတ်ငွေ့များကိုလည်း ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း၊ တစ်နေ့လျှင် ကုဗပေ သန်း ၄၃၀ ရှိကြောင်း သိရသည်။  ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှာမူ ၂၀၀၃ ခုနှစ်က စတင်တူးဖော်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှ ရောင်းချနိုင်ခဲ့ကြောင်း၊ ဇောတိကစီမံကိန်းမှာမူ ၁၉၉၈ ခုနှစ်မှ စတင်ရှာဖွေခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် စတင်ရောင်းချခဲ့ကြောင်း သိရသည်။  

Most Read

Most Recent