၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ ၆ ဒသမ ၄၆ ရာခိုင်နှုန်း ကျဆင်းသွား ခဲ့သည့်အတွက် သဘာဝဓာတ်ငွေ့မှ ရရှိသည့်ဝင်ငွေ ကျဆင်းသွားသည်ဟုဆို

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ ၆ ဒသမ ၄၆ ရာခိုင်နှုန်း ကျဆင်းသွား ခဲ့သည့်အတွက် သဘာဝဓာတ်ငွေ့မှ ရရှိသည့်ဝင်ငွေ ကျဆင်းသွားသည်ဟုဆို
Published 16 September 2015

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငေ့ွ ဈေးနှုန်းများ ကျဆင်းလာသည့် အတွက် မြန်မာနိုင်ငံမှ ပြည်ပသို့ စာချုပ်ချုပ်၍ တင်ပို့ရောင်းချနေသည့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများလည်း လိုက်ပါကျဆင်း သွားကြောင်း၊ ယခင်က ပျှမ်းမျှအားဖြင့် ကုဗပေ တစ်သန်းလျှင် ၁၂ဒသမ၃၂ ဒေါ်လာရှိခဲ့ရာမှ ၁၁ ဒသမ ၄၀ ဒေါ်လာဖြင့်သာ ရောင်းခဲ့ရကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၆ ဒသမ ၄၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း စက်တင်ဘာလ ၁၅ ရက်တွင် နေပြည်တော်ရှိ MICC-2 တွင် ကျင်းပခဲ့သော Myanmar Global Investment Forum တွင် Myanma Oil & Gas Enterprises-MOGE မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
“သဘာဝဓာတ်ငွေ့ဈေး ကျတဲ့ဒဏ်ကို မြန်မာနိုင်ငံက ခံရပါတယ်။ ရေနံဈေးကျတယ် ဆိုပေမယ့် မြန်မာနိုင်ငံက ပြည်ပကို ရေနံတင်ပို့တာ မရှိတဲ့အတွက် ကျွန်တော်တို့အပေါ် ရိုက်ခတ်မှု မရှိပါဘူး” ဟု Myanma Oil & Gas Enterprises မှ Managing Director ဦးမျိုးမြင့်ဦးက ပြောကြားခဲ့သည်။
“တကယ်တော့ သဘာဝဓာတ်ငွေ့ဆိုတာ ဒီနေ့ရှာဖွေတွေ့ရှိတဲ့ ဓာတ်ငွေ့ကို ဒီနေ့ထုတ်ရောင်းလို့ မရပါဘူး။ တွေ့ရှိခဲ့လို့ ရှိရင်လည်း ၇ နှစ်၊ ၈ နှစ်ကြာမှ ထုတ်ရောင်းလို့ ရပါတယ်။ သဘာဝဓာတ်ငွေ့ကို ရောင်းတဲ့နေရာမှာ LNG လုပ်ပြီး ရောင်းတာလည်း ရှိပါတယ်။ LNG ကိုလည်း အိမ်နီးနားချင်း နိုင်ငံတွေကို ပိုက်လိုင်းသွယ်ပြီး ရောင်းလို့ရပါတယ်။ ဒါပေမယ့် ဒီလိုရောင်းဖို့ ဆိုတာလည်း ပထမဦးဆုံး လေ့လာဆန်းစစ်ချက်တွေ လုပ်ရပါတယ်။ တွေ့ရှိထားတဲ့ ဘူမိဗေဒ အချက်အလက်တွေအပေါ် မူတည်ပြီးတော့ Third Party လို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ လက်မှတ်ထိုးပေးတဲ့ ကုမ္ပဏီတွေရဲ့ အကြံပြုချက်တွေကိုလည်း တောင်းခံရပါတယ်။ ဒီ Certification တွေအပေါ် မူတည်ပြီးမှ ဓာတ်ငွေ့သိုက်တွေက တစ်နေ့ကို ဘယ်လောက်ထွက်မယ်၊ ဘယ်နှနှစ်လောက် ရောင်းနိုင်မယ် ဆိုတာ တွက်ချက်ပြီးမှ နှစ်ဦးသဘော Take Off pay နဲ့ရောင်းကြရပါတယ်။ တစ်ဖက်ဖက်က ပျက်ကွက်လို့ မရပါဘူး” ဟု စွမ်းအင်အင်ဂျင်နီယာ တစ်ဦးက သဘာဝဓာတ်ငွေ့ လုပ်ကွက်များနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။

Most Read

Most Recent