လန်ဒန်ဆရာတော်တို့၏ အမှုအား တရားရှင်လွှတ်ပေးရန် တာမွေတရားရုံးတွင် ၃၂ နှစ်ကြိမ်မြောက်ရုံးချိန်း၌ လျှောက်ထားခဲ့ရာ အမှုအား လွဲမှားစွာ လျှောက်ထားသည်ဟုဆိုကာ တာမွေတရားရုံးမှ ပယ်ချခဲ့သောကြောင့် အရှေ့ပိုင်းခရိုင်တရားရုံးနှင့် တရားလွှတ်တော်တွင် ဆက်လက်လျှောက်ထားမည်ဖြစ်ကြောင်း ၂၀၁၅ စက်တင်ဘာ ၁၅ ရက်တွင် လန်ဒန်ဆရာတော်က မိန့်ကြားသည်။
တရားလို ဦးစိန်မော်က တရားရုံးချိန်း သုံးကြိမ်အထက် ပျက်ကွက်ခဲ့ခြင်းကြောင့် ဥပဒေပုဒ်မ (၂၄၇) အရ တရားရှင်လွှတ်သင့်ကြာင်း၊ ဆရာတော်များအား စွဲဆိုထားသည့် အမှုနှစ်ခုစလုံးအရ သာသနာညှိုးနွမ်းအောင် လုပ်ဆောင်သည့်အချက်များမှာ ထင်ရှားစွာမရှိခြင်း၊ ၂၀/၉၀ တည်းဖြင့်သာ စွဲဆိုရမည်ဖြစ်သော်လည်း ၂၉၅ (က) ဖြင့် စွဲဆိုခဲ့ခြင်း စသည့်အချက်များအပေါ် ဆရာတော်များ၏ ရှေ့နေများက တရားရှင်လွှတ်ရန် လျှောက်ထားခဲ့ကြောင်း သိရသည်။
ယင်းသို့ လျှောက်ထားမှုကို ၃၃ ကြိမ်မြောက်ရုံးချိန်းတွင် တာမွေမြို့နယ် တရားသူကြီးက ပုဒ်မ၂၉၅(က) အရ လျှောက်ရမည်ဖြစ်သော်လည်း ၂၄၇ ဖြင့် လျှောက်ထားသဖြင့် လွဲမှားစွာ လျှောက်ထားသည်ဟုဆိုကာ တရားရှင်လွှတ်ခွင့်ကို ပယ်ချခဲ့ခြင်းဖြစ်သည်။
“စွပ်စွဲခံ ရှေ့နေများမှ လျှောက်ထားမှုတွင် တရားလို မလာရောက်သည့်အတွက် တရားရှင်လွှတ်ပေးရန် လျှောက်ထားခံရကြောင်း ပေါ်လွင်သည်။ ပြစ်မှုပုဒ်မ ၂၉၅ (က) အရ စွဲဆိုထားခြင်းသည် ထောင်ဒဏ် နှစ်နှစ်၊ ငွေဒဏ်(သို့မဟုတ်)ဒဏ်နှစ်ရပ်လုံး ချမှတ်ရမည်ဟု ဖော်ပြထားသည်။ ၂၉၅(က)သည် အာမခံမပေးနိုင်၊ ကျေအေးခွင့် မပေးနိုင်ဟု ပြဋ္ဌာန်းထားပြီး ၂၄၇ အရ အကျုံးမဝင် ပေ။၂၄၇ တွင် ဆက်လက်ပြဋ္ဌာန်းထားသည်မှာ တိုင်တန်းသည်မှာ ပြည်သူ့ဝန်ထမ်းဖြစ်သည့်အတွက် ရုံးသို့ မလာရောက်စေဘဲ အမှုကို ဆက်လက် စီစဉ်နိုင်သည်။အမှုမှာ စွဲချက်မတင်ရသေးသော်လည်း လွဲမှားစွာ လျှောက်သဖြင့် တရားရှင်လွှတ်ပေးခွင့်လျှောက်ထားမှုအား ပယ်ချလိုက်သည်”ဟူ၍ အမိန့်ချမှတ်ခဲ့သည်။
“ဦးစိန်မော်ရဲ့ ပျက်ကွက်မှုကြောင့် တရားရှင် လွှတ်သင့်တာကို ပယ်ချခဲ့တဲ့အတွက် ခရိုင်တရားရုံးထိ တက်မယ်။ ဥပဒေပြဋ္ဌာန်းချက်အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ရရင် တရားရုံးများလက်စွဲ အပိုဒ် ၄၄၃ မှာ ပြဋ္ဌာန်းထားတာကို တရားရုံးက ထည့်မပြောသွားဘူး။ အဲဒီမှာ ကင်းလွတ်ခွင့်မပေးဘဲ ပျက်ကွက်ခဲ့ရင် တရားရှင်လွှတ်ပေးရမယ်ဆိုတာ ပါတယ်”ဟု ဆရာတော်များ၏ ရှေ့နေ ဦးသိမ်းဝင်းက ပြောကြားသည်။
မဟာသန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးသည့် ပီနန်ဆရာတော်ကြီး ဦးပညာဝံသ၏ တပည့်ရင်းဦးဥတ္တရ (လန်ဒန်ဆရာတော်) အပါအဝင် သံဃာတော်ငါးပါးကို တိုင်းသံဃနာယကအဖွဲ့၏ ညွှန်ကြားချက်အရဟု ဆိုကာ ၂၀/၉၀၊ ပုဒ်မ-၂၉၅(က)ဖြင့် ၂၀၁၄ ဇွန် ၁၃ ရက်တွင် လူဝတ်လဲခဲ့ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ပြီး ဇွန် ၂၀ ရက်တွင် ရုံးထုတ်ကာ အာမခံဖြင့် လွှတ်ပေးခဲ့သည်။၂၀၁၅ စက်တင်ဘာ ၁၈ ရက်တွင် တာမွေတရားရုံး၌ ဆက်လက်စစ်ဆေးသွားမည် ဖြစ်သည်။
လန်ဒန်ဆရာတော်တို့၏ အမှုအား တရားရှင်လွှတ်ပေးရန် လျှောက်ထားမှု ပယ်ချခဲ့သောကြောင့် အရှေ့ပိုင်းခရိုင်တရားရုံးနှင့် တရားလွှတ်တော်သို့ ဆက်လက်လျှောက်ထားမည်















