အမေ့မျက်ရည် စီးတွေတွေ ကျတဲ့နေ့

အမေ့မျက်ရည် စီးတွေတွေ ကျတဲ့နေ့
Published 20 July 2015
မောင်တင်ဦး (မြောင်းမြ)

အမေ ငိုနေတယ်။အမေ လှိုက်လှိုက်လှဲလှဲ သဲသဲလှုပ်လှုပ် ငိုနေတယ်။ သိသလောက် အမေဟာ မျက်ရည်ခိုင်သူ။ အမေ့သား ဂျပန်တော်လှန်ရေး တိုက်ပွဲမှာ ကျခဲ့တုန်းက အမေ တစ်ချက် မျက်ရည်မကျဘူး။ တစ်ချက် မျက်နှာမပျက်ဘူး။ “ယောကျ်ားပဲ” ကိုယ့်တိုင်းပြည်အတွက် အသက်ပေးရဲတယ်ဆိုတာ ငိုစရာလား။ ကျုပ်က ဂုဏ်တောင် ယူလိုက်သေး။ ငါတို့ မိသားစုက တိုင်းပြည်ကို အသက်ပေးချစ်တယ်လို့ အော်ပြောလိုက်ချင်တာ။ ငါ့သား အခု နတ်ပြည်ရောက်နေပြီ။ ဒီလို အမေကသားကို ချစ်တဲ့စိတ်ထက် တိုင်းပြည်ကိုချစ်တဲ့ စိတ်ဆန္ဒက ပိုကြီးမားတာကို ပြသနိုင်ခဲ့တယ်။တစ်ခါ အဖေကွယ်လွန်တော့လည်း ဣန္ဒြေရရပဲ။ အဖေ့ နောက်ဆုံးခရီးအတွက် တင့်တင့်တယ်တယ်လေးဖြစ်အောင် အသုဘ အခမ်းအနားကို ပြင်ဆင်ပေးခဲ့တယ်။ အဖေ့ရုပ်ကလာပ် နံဘေးမှာ ထိုင်ရင်း အဖေ့မျက်နှာကိုကြည့်ပြီး တရားစာတွေ ရွတ်ဆိုပေးခဲ့တယ်။ အဖေ့နဖူးစကို ပဝါဖြူလေးတစ်ခုနဲ့ မကြာမကြာ သုတ်သုတ်ပေးခဲ့တယ်။ အဖေ့ ရုပ်ကလာပ်ကို အခေါင်းထဲထည့်တော့လည်း အမေကိုယ်တိုင် ပွေ့ချီမပြီး တယုတယ ထည့်ပေးခဲ့တယ်။ အမေ ဒီလို ကြင်ကြင်နာနာ ပြုစုနေတာကြောင့်လား မသိဘူး။ အဖေ့မျက်နှာ ပြုံးနေသလို ထင်ရတယ်။ အမေက အဖေ့ကိုရော သားသမီးတွေပါ ရင်နှင့်အမျှ ချစ်တတ်တာ။ ဒီလို ချစ်ပေမယ့် သားသေတုန်းကလည်း အမေမငိုဘူး။ အဖေသေပြန်တော့လည်း အမေမငိုဘူး။ဒီနေ့တော့ အိမ်မှာ ဘယ်သူမှ ဝမ်းနည်းစရာ မကြုံရဘဲ အမေ တရှုပ်ရှုပ် ငိုနေတာ။ မနက် ၁၁ နာရီ ခွဲလောက်ကတည်းက ထင်တာပဲ။ ထမင်းလည်း မစားဘူး။ ဧည့်ခန်းထဲက ကုလားထိုင် တစ်လုံးပေါ်မှာ ထိုင်ရင်း တရှိုက်ရှိုက်၊ တရှုပ်ရှုပ် ငိုနေတာ။ အဖေနဲ့အစ်ကို မရှိတဲ့နောက် အမေ့ကို အားပေးစကားပြောတတ်သူ မရှိတော့ဘူး။ အမေငိုတာကို ထိုင်ကြည့်နေတတ်တဲ့ သားတို့မောင်နှမနှစ်ယောက်ပဲ ရှိတော့တာ။ အမေ မငိုပါနဲ့လို့ စိတ်ထဲက ပြောနေပေမယ့် နှုတ်ဖျားက စကားသံအဖြစ် ပြောင်းလဲထွက်မလာကြဘူး။ အမေငိုနေတာကိုပဲ မောင်နှမနှစ်ယောက် ထိုင်ကြည့်ရင်း ဘုမသိ ဘမသိ လိုက်ငိုနေမိတယ်။အမေကတော့ လှိုက်လှိုက်လှဲလှဲ ငိုနေဆဲပဲ။ထိုနေ့က ဇူလိုင် ၁၉ ရက်။ မိုးက လွမ်းစရာကောင်းအောင် မှိုင်းပျပျ။ ဖွဲဖွဲလေး ရွာနေတာ။ လေတစ်သုတ်ဖြူးလိုက်၊ မိုးတစ်ပြိုက်မြူးလိုက်နဲ့ အဆွေးဓာတ်ခံကို လှုှုံ့ဆော်ပေးနေလေရဲ့။ အမေက ထုံးစံအတိုင်း မနက်ဘုရားရှိခိုးပြီး အမျှအတန်း ဝေနေတယ်။ “တစ်လောကလုံး အေးချမ်းကြပါစေ။ ကမ္ဘာသူ ကမ္ဘာသားများ ကျန်းမာကြပါစေ။” ကြေးစည်ကို သုံးကြိမ်ထုရင်း အမျှပေးဝေလိုက်တယ်။“ကြီးတော်ရေ ကြီးတော် မြို့ထဲမှာ ပစ်ကြ၊ ခတ်ကြလို့တဲ့။ ဗိုလ်ချုပ် အပစ်ခံရလို့ သေပြီတဲ့” အိမ်ပေါ်ကို အမောတကော ပြေးတက်လာတဲ့ တစ်ရပ်ကွက်တည်းသား မောင်ပိုင်ရဲ့ အသံက အမေ့ကို မိုးကြိုးပစ်လိုက်သလိုပဲ။ ခေါင်းကို မိုက်ခနဲ ဖြစ်သွားတယ်။“ဟဲ့ငပိုင် နင့်သတင်းက ဟုတ်မှ ဟုတ်ရဲ့လား”“သြော်ကြီးတော်ရယ်။ ဟုတ်သမှ သိပ်ဟုတ်။ ရန်ကုန်မြို့ထဲက အတွင်းဝန်ရုံးမှာ အသတ်ခံရတာတဲ့။ လူတွေငိုယိုပြီး ပြေးလွှားနေကြတာ။ ကမ္ဘာပျက်သလား မှတ်ရတယ်။”“အမယ်လေးတော်၊ ကျုပ်တို့တော့ ရွှေတောင်ကြီး ပြိုပါပြီ”။အမေ ကြမ်းပေါ်ထိုင်ချလိုက်ပြီး အားရပါးရ ငိုပါတော့တယ်။ အမေ မျက်ရည်လည်ရွှဲ ငိုနေတာကို ဒီတစ်ခါ ပထမဆုံး မြင်ရတာ ဖြစ်သလို နောက်ထပ်လည်း အမေငိုတာ တစ်ခါမျှ မတွေ့ရတော့ဘူး။ ဘာဖြစ်လို့များ အမေဤမျှ ငိုနေရတာလဲ။အမေ ငိုရင်းရှိုက်ရင်း သားနဲ့ သမီးတို့ မသိသေးတဲ့ အမေငိုရတဲ့ အကြောင်းရင်းကို ပြောပြတယ်။အောင်ဆန်းဆိုတာအခု အသတ်ခံရတဲ့သူက အမေတို့ရဲ့ မျိုးချစ်ခေါင်းဆောင် အသက် (၃၂) နှစ်သာရှိသေးတဲ့ ကလေးသုံးယောက်ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဆိုတာပဲ။ သူဟာ နတ်မောက်မြို့က မွေးဖွားလာတဲ့ သာမန်ပြည်သူတစ်ယောက်သာ ဖြစ်တယ်။ အဖေ ဦးဖာ၊ အမေ ဒေါ်စုဖြစ်ပြီး ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် စနေနေ့မှာ မွေးတယ်။ ငယ်နာမည် မောင်ထိန်လင်းတဲ့။ နောက်တော့မှ အောင်ဆန်းအဖြစ် ထင်ရှားလာတာ ဖြစ်တယ်။သူဟာ အခုပြောခဲ့သလို ဘာမှ ထူးခြားမှုမရှိတဲ့ လူတစ်ယောက်လို့ သာမန်အားဖြင့် ယူဆလို့ရပေမယ့် သူများနဲ့မတူတဲ့ အချက်တွေက သူ့မှာ ရှိတာကို တဖြည်းဖြည်းချင်း ပေါ်ထွက်လာတယ်။ ၁၉၃၂ ခုနှစ် မတ်လမှာ Matriculation ကို ခုံအမှတ် ၁၂၈၈ နဲ့ဖြေဆိုပြီး ပါဠိမြန်မာစာဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့တယ်။ ၁၉၃၅ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားအဖွဲ့ရဲ့ အုပ်ချုပ်သူအဖြစ် အရွေးခံရတယ်။ နောက် အိုးဝေမဂ္ဂဇင်း အယ်ဒီတာချုပ် ဖြစ်လာတယ်။ ၁၉၃၆ ခုနှစ် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တယ်။ ၁၉၃၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရုံသာမက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ်ပါ ဖြစ်လာခဲ့တယ်။ ၁၉၃၈ ခုနှစ် စက်တင်ဘာလမှာ မြန်မာ့လွတ်လပ်ရေးအတွက် အချိန်ပြည့် လှုပ်ရှားဖို့ ဆုံးဖြတ်ပြီး ဥပဒေသင်တန်းကို ဆက်မတက်တော့ဘဲ ကျောင်းထွက်လိုက်တယ်။ အဲဒီအချိန်က ဘွဲ့ရရင် ဝန်ထောက်ဖြစ်ပြီး ပန်ကာအောက်မှာ ဇိမ်ခံနိုင်တဲ့ ဘဝကို စွန့်လွှတ်ပြီး ထောင်၊ အချုပ်၊ ဆင်းရဲခြင်းတွေ ပြည့်နှက်နေတဲ့ နိုင်ငံရေးလောကထဲကို အနစ်နာခံကာ ခြေစုံပစ် ဝင်လိုက်တယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ရဲ့ အသက်က ၂၁ နှစ်သာ ရှိသေးတယ်။ အင်္ဂလိပ် အလိုတော်ရိတွေ ကောင်းစားနေချိန်မှာ ဗိုလ်ချုပ်ဟာ သူတစ်ဦးတည်း ကောင်းစားရေး လမ်းကြောင်းကို မရွေးခဲ့တာကို အမေ့ရင်ထဲက သားလို အမေချစ်ကြည်ညို လေးစားလို့ မဆုံးဘူး။လွတ်လပ်ရေးအတွက် လမ်းခုလတ်မှာ ကျန်ရစ်သေဆုံးသွားတဲ့ သားကိုယ်စား ဗိုလ်ချုပ်အောင်မြင်ဖို့ နေ့စဉ် ဘုရားမှာ ဆုတောင်းနေခဲ့ရရှာတယ်။ ဒီလိုနဲ့ ဗိုလ်ချုပ်ရဲ့ လှုပ်ရှားမှုမှန်သမျှကို ရရာနေရာမှ အဆက်မပြတ် စောင့်ကြည့်နေခဲ့တယ်။၁၉၃၉ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ရွှေတိဂုံစေတီတော်မှာ သခင်အောင်ဆန်းကိုဖမ်းပြီး ထောင် ၁၅ ရက် ကျခဲ့တယ်။ အဲဒီနောက် စတုတ္ထအကြိမ် တို့ဗမာအစည်းအရုံးမှာ သခင်အောင်ဆန်းကို အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးကောက်ခဲ့တယ်။ ဒီလိုနဲ့ နိုင်ငံရေးနယ်ပယ်ထဲ ခြေစုံပစ်ဝင်လာတာကို နယ်ချဲ့အစိုးရက သတိပြုမိပြီး အကြောင်းအမျိုးမျိုးပြကာ ဖမ်းဖို့ လုပ်ဆောင်လာကြတယ်။ဗိုလ်ချုပ်လည်း မြေပေါ်လှုပ်ရှားမှုမှ ခြေရာဖျောက်ပြီး သခင်လှမြိုင်နဲ့အတူ တရုတ်ပြည်ကို ထွက်ခွာခဲ့တယ်။ ထိုမှတစ်ဆင့် ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်တယ်။ “ဗမာပြည် လွတ်လပ်ရေးစီမံကိန်း စာတမ်း” ကို ဗိုလ်ချုပ်ကိုယ်တိုင်ရေးပြီး ဂျပန်စစ်အာဏာပိုင်များထံ တင်ပြခဲ့တယ်။ ထို့နောက် ရဲဘော်သုံးကျိပ် ဖွဲ့လိုက်တယ်။ ဟိုင်နန်ကျွန်းမှာ စစ်ပညာ သင်ကြားကြရတယ်။ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦး လုပ်ကြံခံခဲ့ရသော အတွင်းဝန်ရုံး (ယခုဝန်ကြီးများရုံးဟောင်း) ကို ၂၀၁၄ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ်
အမေ့မျက်ရည်တွေ ရေစီကြောင်းလို စီးကျလာပြန်တယ်။ စစ်ပညာ သင်ကြားရတယ်ဆိုတာ လွယ်တယ်မှတ်လို့။ နေပူစပ်ခါး၊ မိုးရွာမရှောင်၊ ပါးရိုက်၊ နားရိုက်ခံ၊ ကျွေးသမျှစား၊ ကောင်းကောင်းမအိပ်ရ၊ မလုပ်ချင်တာလုပ်ရ၊ နားချင်လို့ မနားရ ဒီဘဝကို အမေ မျှဝေခံစားမိတယ်။ တော်ရုံဇွဲလောက်နဲ့ ဘယ်သူလုပ်နိုင်မှာလဲ။ ဗိုလ်ချုပ် တိုင်းပြည်ကို ချစ်တယ်ဆိုတာ ဘယ်လိုမှ သံသယဝင်စရာ မရှိဘူး။၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှာ ဘန်ကောက်မြို့ရှိ မျက်စိအထူးကု ဆရာဝန်ကြီး မြန်မာလူမျိုး ဦးထွန်းဖေအိမ်၌ ရဲဘော်သုံးကျိပ် တွေ့ဆုံကြတယ်။ ဗမာလွတ်လပ်ရေးတပ်မတော် (BIA) ကို ဖွဲ့တယ်။ ရဲဘော်သုံးကျိပ်တို့ လက်မောင်းသွေးဖောက်ပြီး မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေး၍ တိုက်ပွဲဝင်ပါမယ်လို့ အဓိဋ္ဌာန်ပြုကာ သစ္စာသွေးသောက်ပွဲ ပြုလုပ်ကြတယ်။အမေ မျက်ရည်ကျပြန်ပြီ။ တိုင်းပြည်ချစ်စိတ် တကယ်ရှိတဲ့ ရဲဘော်တွေ လက်မောင်းဖောက်နေတာကို မြင်ယောင်မိတယ်။ မကြောက်မရွံ့ နောက်မတွန့်တဲ့ ဗိုလ်ချုပ်ပဲ။၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ ရဲဘော်သုံးကျိပ်နဲ့ အခြားတပ်ဖွဲ့ဝင်တွေ ဘန်ကောက်မြို့မှ စတင်ပြီး မြန်မာနိုင်ငံကို ချီတက်လာကြတယ်။ ဇန်နဝါရီ ၁၅ မှာ ကော့သောင်းမြို့ကို သိမ်းပိုက်တယ်။ ထို့နောက် မြိတ်မြို့၊ ထားဝယ်၊ ကော့ကရိတ်တို့ကို ဆက်လက်ချီတက်၊ သိမ်းပိုက်တယ်။ ဂျပန်တပ်မ ၅၅ က မော်လမြိုင်မြို့ကို သိမ်းပိုက်တယ်။ ၁၉၄၂ ဇူလိုင်၂၇ ရက်မှာ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဗမာ့ကာကွယ်ရေး တပ်မတော် (BDA) အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်။ (BDA) သေနာပတိ ဗိုလ်ချုပ်ကြီးအဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို ခန့်အပ်တယ်။ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ ဂျပန်က မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးကြောင်း ကြေညာတယ်။ ၁၉၄၄ ခုနှစ် သြဂုတ်လ ၁ ရက် ဂျပန်က မြန်မာကို လွတ်လပ်ရေးပေးလိုက်ပြီလို့ ကြေညာပြီး တစ်နှစ်အကြာမှာ ဗိုလ်ချုပ်က “ဂျပန်ပေးသော လွပ်လပ်ရေးမှာ အတုအယောင်သာ ဖြစ်ကြောင်း” ကြေညာလိုက်တယ်။ ထိုနှစ် ထိုလ ၄ ရက်နေ့မှာ ပဲခူးမြို့ ဗမာ့တပ်မတော် တပ်ရင်းရှိ ဗိုလ်မှူးကျော်ဇောအိမ်မှာ အစည်းအဝေးပြုလုပ်ပြီး ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်ကို ဖွဲ့စည်းရန် ဆုံးဖြတ်ကြတယ်။ ထိုမှ တစ်စတစ်စ အင်အားစုကာ ၁၉၄၅ ခုနှစ် မတ်လ၂၇ ရက်နေ့မှာ ဖက်ဆစ်ဂျပန်များကို မြန်မာပြည်သူတစ်ရပ်လုံးက တော်လှန်လိုက်ကြတယ်။အမေ မျက်ရည်ကြားက တစ်ချက်ပြုံးလိုက်တယ်။ ရိုင်းစိုင်းတဲ့ ဖက်ဆစ်ဂျပန်တွေကို တော်လှန်နိုင်တာ နည်းနည်းနောနော ခွန်အား ဟုတ်ရိုးလား။ “စစ်သေနာပတိသာ ဖြစ်နေတာ အသက်အဖြစ် ၃၀ ပဲ ရှိသေးတယ်”။ ကိုင်း တော်လိုက်တဲ့ ဗိုလ်ချုပ်ရယ်။၁၉၄၅ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့မှာ မဟာမိတ်တပ်များနဲ့ ဗိုလ်ချုပ်အောင်ဆန်း တွေ့ဆုံကြတယ်။ ဗမာ့တပ်မတော် ပြန်လည်ဖွဲ့စည်းရေးကို မောင့်ဘက်တန်ထံ တင်ပြတယ်။ ဇူလိုင် ၂၃ ရက်နေ့မှာ မျိုးချစ် ဗမာ့တပ်မတော် (Patriotic Burmese Force P.B.F) အဖြစ် ဗမာ့တပ်မတော်ကို အမည်ပြောင်းလိုက်တယ်။၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ မျိုးချစ်ဗမာ့တပ်မတော်မှ နုတ်ထွက်ပြီး၊ နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက်တယ်။ ထိုအချိန်ကစပြီး အင်္ဂလိပ်လက်အောက်မှ လုံး၀ လွတ်လပ်ရေး ရရှိရေးအတွက် ကြိုးစားလုပ်ဆောင်ခဲ့တယ်။ နိုဝင်ဘာ ၁၀ ရက်နေ့မှာ ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ ကျင်းပတဲ့ ပြည်သူ့အစည်းအဝေးမှာ ဗိုလ်ချုပ်အောင်ဆန်းက “သတ္တိရှိရင် ရွေးကောက်ပွဲ လုပ်ကြရအောင်” လို့ ထည့်သွင်း မိန့်ကြားသွားတယ်။ ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြည်သူ့ရဲဘော်တပ်ဖွဲ့များ စတင်ဖွဲ့ခဲ့တယ်။ ပြည်သူ့ရဲဘော် ရဲတပ်ဖွဲ့ရဲ့ ကြွေကြော်သံမှာ “တိုင်းပြည်သည် ပြည်သူ့ရဲဘော်အတွက် မဖြစ်စေရ၊ ရဲဘော်သည် တိုင်းပြည်အတွက် ဖြစ်ရမည်” လို့ဖြစ်တယ်။ ဒီဇင်ဘာ ၂၆ ရက်မှာ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကို ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (Anti-Fascist and People's Freedom league A.F.P.F.L) လို့ ပြောင်းလဲလိုက်တယ်။အမေက မိန်းမသားပီပီ ဗိုလ်ချုပ်ရဲ့အိမ်ထောင်ရေးကို စိတ်ဝင်စားတယ်။ ခုတော့ ဗိုလ်ချုပ်က မိသားစုကိစ္စကို ဘေးချိတ်ပြီး နိုင်ငံရေး အထူးသဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးကိုသာ ပိုမိုစိတ်ဝင်စားတာ တွေ့ရတော့ ဗိုလ်ချုပ်အတွက် မျက်ရည်ကျပေးရတာ အမေမနှမြောဘူး။ဒီလို ဗိုလ်ချုပ်အနေနဲ့ မဆုတ်မနစ် ကြိုးစားလုပ်ဆောင်နေချိန်မှာ စက်တင်ဘာ ၂၀ ရက် မြေနီကုန်း စိန့်ဖလိုမိနာကျောင်းက ပြန်လာတဲ့ ဂဋ္ဌုန်ဦးစော သေနတ်ပစ်ခံရပြီး ဒဏ်ရာရခဲ့တယ်။ ဒါဟာ ပြဿနာရဲ့ အစပဲလား။ စက်တင်ဘာ ၂၉ ရက်မှာ ဖဆပလအဖွဲ့ချုပ်က ဦးဆောင်ပြီး လူထုကို မိန့်ခွန်းပြောရာမှာ “လူထု တိုက်ပွဲနေ့” ခေါင်းစဉ်နဲ့ ဟောပြောခဲ့တယ်။ မိန့်ခွန်းက ရှည်လျားပြီး ဗိုလ်ချုပ်ရဲ့ ဘုရင်ခံ အမှုဆောင်ကောင်စီ အကြောင်းကို ရှင်းပြခဲ့တယ်။ ဗိုလ်ချုပ် အဓိကပြောလိုက်တာက “လူထုတွေ ဆက်တောင့်ထားကြပါဦး” လို့ ဆိုတာပဲဖြစ်တယ်၊၊၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့မှာ ရန်ကုန်မြို့တော် ခန်းမရှေ့၌ တိုင်းပြုပြည်ပြု လွှတ်တော်ခေါင်းစဉ်နဲ့ မိန့်ခွန်းပြောခဲ့တယ်။ ဗိုလ်ချုပ်ရဲ့ နောက်ဆုံးမိန့်ခွန်းလည်း ဖြစ်တယ်။ အဲဒီ မိန့်ခွန်းထဲမှာ တစ်နှစ်အတွင်း ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရမယ်လို့ ထုတ်ဖော်ကတိပြု ပြောကြားခဲ့တယ်။၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် နံနက်  ၁၀း၃၇ နာရီမှာ လွပ်လပ်ရေးအတွက် တက်တက်ကြွကြွ လှုပ်ရှားခဲ့တဲ့ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်လွှတ်ခဲ့တဲ့ ဗိုလ်ချုပ်ဟာ နယ်ချဲ့လက်ပါးစေ မျိုးချစ်ပါတီခေါင်းဆောင် ဂဠုန်ဦးစောရဲ့ ရက်ရက်စက်စက် လုပ်ကြံခံရမှုကြောင့် တိုင်းပြည်အတွက် အသက်ပါ ပေးဆပ်သွားခဲ့ရှာတယ်။ ကျည်ဆန်ပေါင်း ၁၃ ချက်က ဗိုလ်ချုပ်ရဲ့ ကိုယ်ခန္ဓာ တစ်ခုလုံးကို ဖောက်ထွင်းသွားတယ်။ ကျည်ဆန်တွေက ဗိုလ်ချုပ်ကိုရော၊ အသက်ကိုရော ချွေဖြုတ်သွားခဲ့ပေမယ့် ဗိုလ်ချုပ်ရဲ့ လွပ်လပ်ရေးကြိုးပမ်းမှုကို ချွေဖြုတ်နိုင်ခြင်း မရှိခဲ့ဘူး။ကျည်ဆန် ၁၃ ချက်ဒဏ်နဲ့ ပစ်လဲသွားရှာတဲ့ ဗိုလ်ချုပ်ရဲ့ ရုပ်ပုံလွှာကို အမေမြင်ယောင်လာကာ မျက်ရည် တွေတွေ စီးကျလာပြန်တယ်။ အမေက အံကြိတ်ရင်း အသံမထွက်အောင် ငိုနေပေမယ့် ရှိုက်သံကို အမေမထိန်းခဲ့ဘူး။ သားနဲ့ သမီးတို့က အမေ့ဘေး တစ်ဖက်တစ်ချက်မှ ရပ်ရင်း အမေပခုံးကို ပွတ်သပ်ရင်း အားပေးကြတယ်။ ဒါပေမဲ့ ဖြေမဆည်နိုင်ရှာတဲ့ အမေ့ကို သူတို့ အားမပေးနိုင်ခဲ့ဘူး။အမေဘာ့ကြောင့် ငိုတာလဲ။ ဗိုလ်ချုပ်ကို ချစ်လို့ ငိုတာ၊ ဗိုလ်ချုပ်ကို နှမြောလို့ ငိုတာ။ တစ်ခေတ်မှာ တစ်ယောက်။ ဗိုလ်ချုပ်လို လူသူတော်ကောင်း မပေါ်စေရဘူး။ အမေ နောက်ထပ်သားတွေ မွေးနိုင်ပေမယ့် သူတို့ဟာ ဗိုလ်ချုပ်အောင်ဆန်း မဟုတ်တော့ဘူး။ ဒါတွေကို နှမြောလို့ ငိုတာ။ဆုတောင်းလို့ ပြည့်မယ်ဆိုရင် ဗိုလ်ချုပ်နောက်တစ်ကြိမ် အခွင့်အရေး ပြန်ပေးပါ။ မြန်မာပြည်ကိုပြန်လာပြီး မြန်မာပြည်လွတ်လပ်ရေး ရသည်အထိ ရှေ့ဆောင်လမ်းပြပေးပါ။အမေငိုလို့ ဝပြီလား။ အမေ မငိုတော့ဘူးလား။ ဟုတ်တယ်။ ဒီနေ့ ဇူလိုင် ၁၉ ရက်ဟာ အမေ ပထမဆုံး မျက်ရည်ကျ ငိုကြွေးခြင်း ဖြစ်သလို၊ နောက်ဆုံး ငိုကြွေးခြင်းလည်း ဖြစ်တယ်။အမေ အူလိုက်သဲလိုက် ငိုကြွေးတဲ့နေ့က ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ဖြစ်တယ်။အမေသေပြီးနောက်အမေ ၁၉၉၀ ခုနှစ် မတ်လ ၉ ရက်နေ့မှာ သေတယ်။ အမေသေပြီးနောက် ပထမဦးဆုံး အာဇာနည်နေ့ကို ၁၉၉၀ ပြည့်နှစ်မှ စတင်ကြုံတွေ့ရတယ်။ အမေ့ကိုယ်စား အာဇာနည်ဗိမာန်ကို သွားရောက် အလေးပြုတယ်။ အမေပြောတဲ့ ဗိုလ်ချုပ်လို ပုဂ္ဂိုလ်မျိုးကို သားဉာဏ်ရှိသရွေ့ လိုက်ရှာတယ်။ ညအမှောင်ထဲမှာ မဟူရာကျောက်ရိုင်းတုံး ရှာသလိုပဲ။ ရုတ်တရက် အမှောင်ထဲမှာ အလင်းပျပျလေး တွေ့လိုက်ရတယ်။ ဗိုလ်ချုပ်လိုလူမျိုး ဖြစ်လေမလား။ ဗိုလ်ချုပ်လို တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားသူ ဖြစ်မလား။အမေ သားတို့မျှော်လင့်ချက် ရောင်နီသန်းစ ပြုလာပြီ။ သူ ဗိုလ်ချုပ်လိုလူမျိုး ဖြစ်ပါစေ။ ဒါပေမဲ့ ဗိုလ်ချုပ်လို မသေပါစေနဲ့။ အလင်းပျပျလေးမှ အလင်းအပြည့်အ၀ ထွန်းလင်းတောက်ပပြီး အမေ့မျက်ရည်ကို သုတ်ပေးနိုင်သူ ဖြစ်ပါစေ။ သားတို့ သမီးတို့ကို ပျော်ရွှင်မှုတွေ ဆောင်ကြဉ်းပေးနိုင်သူ ဖြစ်ပါစေ။

Most Read

Most Recent