ဗဟိုဘဏ်က ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ တိုးမြှင့် သတ်မှတ်လိုက်သောကြောင့် ဒေါ်လာဈေး ခုန်တက်

ဗဟိုဘဏ်က ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ တိုးမြှင့် သတ်မှတ်လိုက်သောကြောင့် ဒေါ်လာဈေး ခုန်တက်
Published 13 July 2015
သတင်းအယ်ဒီတာအဖွဲ့

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ် သတ်မှတ်ပေးနေသည့် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြား ငွေဈေးကွက်မှာ ကွာဟချက် ကြီးမားနေခြင်းကြောင့်ဟုဆိုကာ ဗဟိုဘဏ်က နေ့စဉ်သတ်မှတ်နေသည့် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို အမေရိကန် တစ်ဒေါ်လာလျင် ၁၁၂၅ ကျပ်မှ ကျပ် ၁၂၀၀ အထိ ၇၅ ကျပ် ခုန်တက်သတ်မှတ်လိုက်ခြင်းကြောင့် ပြင်ပဈေးကွက်တွင်ပါ အမေရိကန်ဒေါ်လာ ဈေးနှုန်းများ လိုက်ပါမြင့်တက်လာခဲ့ကြောင်း ဇူလိုင် ၁၃ ရက်က သိရသည်။ဇူလိုင် ၃ ရက်မှ ၁၀ ရက်အထိ တစ်ဒေါ်လာလျှင် ၁၁၂၅ ကျပ်သာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ခဲ့ပြီး ဇူလိုင် ၁၁ ရက်နှင့် ဇူလိုင် ၁၂ ရက်သည် ပိတ်ရက်ဖြစ်သည်။ ထိုသို့ ပိတ်ရက်အပြီး ဇူလိုင် ၁၃ ရက်တွင် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ သို့ ၇၅ ကျပ်အထိ ခုန်တက်သတ်မှတ်ထားသည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ရည်ညွှန်းငွေလဲနှုန်းကို ရုတ်တရက် တိုးမြှင့်သတ်မှတ်ခြင်းမှာ ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပေါက်ဈေးအတိုင်း သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်းနှင့် ထိုသို့ ပြောင်းလဲခြင်းကို ပြည်တွင်းဘဏ်များသို့ သတင်းထုတ်ပြန်ချက် တစ်စောင်ကို ပေးပို့ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဇူလိုင် ၁၃ ရက်တွင် ပြောကြားသည်။“ဦးဆက်အောင်ကနေ သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြီး ဘဏ်တွေကို တစ်စောင်ဆီ ပေးလိုက်တယ်။ အရင်တုန်းကဆို ဗဟိုဘဏ်ကလုပ်တဲ့ Rate က ၂၀၁၂ ခုနှစ်မှာ ဖြစ်နေတဲ့ ပြင်ပဈေးနဲ့ လိုက်လျောညီထွေ ဖြစ်တယ်။ အောက်တိုဘာ၊ ဇန်နဝါရီအထိကို ၁ ရာခိုင်နှုန်းပဲ ကွာတယ်။ နောက်ပိုင်းမှာ ဗဟိုဘဏ် သတ်မှတ်ဈေးနဲ့ ပြင်ပဈေးက ကွာလာတယ်။ ၂၀၁၅ ဇန်နဝါရီနဲ့ ဇွန်မှာဆိုရင် ကွာခြားချက်က ၃ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်လာတယ်။ ကွာဟချက် များလာတာကြောင့် ဗဟိုဘဏ် အနေနဲ့ အရင်တုန်းကလို တစ်ခုထက်ပိုတဲ့ ငွေလဲနှုန်း၊ multiple exchange rate မဖြစ်စေဖို့ ဗဟိုဘဏ် ငွေလဲနှုန်းကို ပြင်ပငွေလဲနှုန်းနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့အတွက် ဇူလိုင် ၁၃ ရက်မှာ စတင် လုပ်ဆောင်ခဲ့ပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းတွင် အမေရိကန်ဒေါ်လာ တန်ဖိုးသည် ဇွန်လ တတိယပတ်အတွင်း ၁၅ ရက်မှ ၁၈ ရက်အထိ တစ်ဒေါ်လာလျှင် ၁၁၀၅ ကျပ် ရှိခဲ့သော်လည်း ဇွန် ၁၉ ရက်မှ ဇူလိုင် ၁ ရက်အထိ တစ်ဒေါ်လာတန်ဖိုး ကျပ် ၁၁၁၀ အဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့ သတ်မှတ်သည့်အတွက် ဇူလိုင် ၂ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၁၂၀ အထိ မြင့်တက်ခဲ့သည်။ ထိုသို့ ဗဟိုဘဏ်မှ တိုးမြှင့် သတ်မှတ်လိုက်သည့် ရည်ညွှန်းဒေါ်လာလဲနှုန်း ကျပ် ၁၂၀၀ သည် ဗဟိုဘဏ်မှ သတ်မှတ်ခဲ့သော ရည်ညွှန်းဒေါ်လာ ငွေလဲနှုန်းတွင် အမြင့်ဆုံးတန်ဖိုး ဖြစ်နေပြီး နိုင်ငံခြားငွေလဲနှုန်းကို နှုန်းရှင်သတ်မှတ်လိုက်သည့် အချိန်ကထက် ကျပ် ၄၀၀ ခန့် ပိုမိုများပြားသွားသည့် အနေအထားဖြစ်သည်။ ထိုသို့ သတ်မှတ်လိုက်မှုကြောင့် ပြင်ပဈေးကွက်တွင်လည်း တစ်ဒေါ်လာတန်ဖိုး မြင့်တက်ခဲ့ပြီး ဇူလိုင် ၁၀ ရက် ပြင်ပပေါက်ဈေးတွင် ၁၂၀၃ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။ထိုသို့ ပြင်ပဈေးကွက်၌ ကျပ် ၁၂၁၀ ဝန်းကျင်သာ ရှိရာမှ ဇူလိုင် ၁၃ ရက်တွင် ဗဟိုဘဏ်၏ သတ်မှတ်ချက်ကြောင့် ပြင်ပဈေးကွက်တွင် ကျပ် ၁၂၂၀ ခန့် ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာဈေးနှုန်း ထပ်မံမြင့်တက်လာခဲ့သည်။ပြည်တွင်း ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာမှာ နောက်ကွယ်မှ ငွေကြေး ဈေးကစားသူများကြောင့် ၂၀၁၅ ခုနှစ် ဇွန်လအတွင်း အလွန်အမင်း မြင့်တက်ခဲ့သည်။ ဇွန်လဆန်းဖြစ်သည့် ဇွန် ၄ ရက်တွင် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၀၉၇ ကျပ်အဖြစ် သတ်မှတ်ခဲ့ပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၁၆၅ ကျပ် ဝန်းကျင်အထိ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ မြင့်တက်လာရာမှာ ဇွန်လ ၁၀ ရက်တွင် ဗဟိုဘဏ်က ၁၁၀၅ ကျပ် သတ်မှတ်ခဲ့ပြီး ပြင်ပဈေးကွက်တွင်မူ ကျပ် ၁၃၀၀ အထိ ဖြစ်ပေါ်ကာ နှုန်းရှင်အဖြစ် သတ်မှတ်ပြီးနောက်ပိုင်းတွင် အမြင့်ဆုံးဈေးနှုန်း ဖြစ်လာခဲ့သည်။လတ်တလောတွင် နိုင်ငံခြားငွေလဲနှုန်းတန်ဖိုး မြင့်တက်သတ်မှတ်မှုအပြင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများဖြစ်သည့် ပို့ကုန်လိုငွေ မြင့်တက်မှု၊ ငွေဖောင်းပွမှု၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်မှု စသည့်အချက်များကြောင့် မြန်မာကျပ်ငွေမှာ ဆက်လက်တန်ဖိုး ကျဆင်းနေနိုင်ကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။ ထိုသို့ ဗဟိုဘဏ်က မြန်မာကျပ်ငွေတန်ဖိုး ချလိုက်ခြင်းကြောင့် လက်ရှိ သတ်မှတ်လိုက်သည့် ကျပ် ၁၂၀၀ ထက်ပင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနိုင်သည်ဟု ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။“ဗဟိုဘဏ်က ချပေးတယ် ဆိုတာက ရှေ့က ပြင်ပပေါက်ဈေးပဲ ခေါ်ခေါ် ဈေးကွက်ပေါက်ဈေးပဲ ခေါ်ခေါ် ဈေးကွက်က ဝယ်လိုအား ရောင်းလိုအားက သတ်မှတ်လိုက်တဲ့ဈေးက ရှေ့ကသွားပြီး ဗဟိုဘဏ်သတ်မှတ် နှုန်းထားက နောက်ကလိုက်တယ်။ အဲဒီလို ပုံစံပေါ့။ ဒီနေ့က ၁၂၀၀ အထိ ချပေးတယ် ဆိုတာကလည်း ပြင်ပဈေးကွက်ပေါက်ဈေးမှာ ၁၂၀၀ ကို ကျော်နေတဲ့အတွက် ၁၂၀၀ အထိ တန်ဖိုးကို တရားဝင် ချပေးရတာပေါ့။ မြန်မာကျပ်ငွေသည် တစ်ဒေါ်လာ ကျပ် ၁၂၀၀ အထိကို ရောက်လာပြီလို့ တရားဝင်ပြောလိုက်တဲ့ သဘောပါပဲ။ ဒါမှ နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် အကြောင်းကို ပြောလို့ရမယ်။ တရားဝင်ငွေကြေးကို တန်ဖိုးချပေးလိုက်ရတာ ဆိုတော့ နံပါတ် ၁ က သူတို့ လုပ်ငန်းသုံးမျိုးကို ဒေါ်လာ ထုတ်ရောင်းပေးနေတယ်။ စက်သုံးဆီ၊ စားအုန်းဆီ၊ ဘိလပ်မြေ စတဲ့ လုပ်ငန်းတွေကို ရောင်းနေတဲ့ နှုန်းထားကို ချပေးလိုက်တဲ့ သဘောပါ။ နံပါတ် ၂ က ပြင်ပဈေးကွက်ကပေါက်ဈေးကို လိုက်မမီတော့တဲ့အတွက် တရားဝင်ငွေတန်ဖိုးကို ချပေးလိုက်တဲ့ သဘောပဲ။ နံပါတ် ၃ ကတော့ ပြင်ပဈေးကွက် ပေါက်ဈေးက အမေရိကန်ဈေးကွက် တစ်မဟုတ်ချင်း ထိုးမကျသွားဘူးဆိုရင် အမေရိကန်ငွေကြေး တန်ဖိုးက ဆက်လက်တည်ငြိမ်နေဦးမယ်ဆိုရင် ယနေ့ပေါက်ဈေး ၁၂၀၀ ထက်ကို မြန်မာငွေကြေးတန်ဖိုးဟာ ဆက်လက်ကျဆင်းနေဦးမှာပဲ။ ဘာလို့ ဆက်ကျနေသလဲဆိုရင် မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်စေနိုင်တဲ့ အကြောင်းရင်းတွေကို လုံလုံလောက်လောက် မတွေ့ရသေးလို့ပါ။ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်စေနိုင်တဲ့ အကြောင်းရင်းတွေကို မတွေ့ရသေးလို့ ယနေ့ ရှိနေတဲ့ မြန်မာငွေတန်ဖိုးသည် Equilibrium rate တစ်ခုကို ရောက်မလာနိုင်သေးဘူးလို့ ပြောလို့ရတယ်။ Equilibrium rate ဆိုတာက ပို့ကုန်အတွက်လည်း အကျိုးရှိတယ်။ သွင်းကုန်အတွက်လည်း အကျိုးရှိတယ်။ ဒီလို မျှခြေကို ရောက်နိုင်ဖို့ အချိန်အကန့်အသတ်တစ်ခု လိုဦးမယ်လို့ ပြောလို့ရတယ်” ဟု ဒေါက်တာ အောင်ကိုကိုက ဆိုသည်။ထိုသို့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ဈေးကွက်ပေါက်ဈေးအတိုင်း သတ်မှတ်ရာတွင် ဗဟိုဘဏ်အနေဖြင့် ဈေးကွက်ကို ထိန်းချုပ်နိုင်မှုမရှိဘဲ ပြင်ပဈေးကွက်၏ အနေအထားကို လိုက်ပါနေရသည့် အတွက် ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာပြီး စားသုံးသူများ အခက်အခဲ ဖြစ်လာနိုင်ကြောင်းနှင့် ကုန်ဈေးနှုန်းမြင့်တက်၍ ကမောက်ကမ ဖြစ်လာနိုင်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက သုံးသပ်သည်။  “ရှင်းရှင်းပြောရရင် ဗဟိုဘဏ်က ဈေးကွက်အတိုင်းလိုက်ပြီး လုပ်သွားတာပေါ့။ အမှန်တကယ်က ဗဟိုဘဏ်ရဲ့ အဆင့်က ဈေးကွက်ကို ဒီလိုဖြစ်ရမယ်၊ ဒီလို မဖြစ်ရဘူး ဆိုပြီးတော့ သတ်မှတ်နိုင်ရမယ်။ ဈေးတစ်ခု သတ်မှတ်ပေးပြီး ဖြစ်သင့် မဖြစ်သင့် လုပ်ပေးနိုင်ရမယ်။ ဒါပေမဲ့ သူက အားနည်းတဲ့အတွက် ဈေးကွက်က သူ့ကို ဆွဲခေါ်သွားတာ။ ဈေးကွက်ကို သူက ဆွဲမခေါ်ဘဲနဲ့ အမှန်က ဒါမျိုး မဖြစ်သင့်ဘူး။ ဈေးကွက်ကို နိုင်အောင် ထိန်းနိုင်ရမယ်။ ထိန်းနိုင်ဖို့လည်း အင်အားရှိရမယ်။ အင်အားရှိဖို့အတွက် ဘက်စုံက ရံပေးဖို့ လိုတယ်၊ မံပေးဖို့ လိုတယ်။ အမှန်ဆို သူက ဈေးကွက်ကို ဒီလောက်ရှိရမယ်ဆိုပြီး ပြောရမှာလေ။ အခုတော့ သူက ဈေးကွက်ပေါက်ဈေးအတိုင်း လိုက်သတ်မှတ်လိုက်တယ်။ အခုလိုဖြစ်တော့ အပြင်မှာ ဒေါ်လာဈေးကပဲ တက်သွားနိုင်ပြီး စားသုံးသူတွေ အခက်အခဲ ဖြစ်မယ်။ ကုန်ဈေးနှုန်း ကမောက်ကမတွေ ဖြစ်သွားနိုင်တယ်” ဟု ဒေါက်တာမောင်မောင်လေးက သုံးသပ်သည်။  ဗဟိုဘဏ် အနေနှင့် ဈေးကွက်ကို ထိန်းချုပ်နိုင်စွမ်း နည်းပါးနေသည့်အတွက် ပြင်ပဈေးကွက်အပြင် အမေရိကန်ဒေါ်လာ ဈေးကွက်တစ်ခုလုံး မကြာခဏ ကမောက်ကမ ဖြစ်ပေါ်နေသည်။ရန်ကုန်မြို့၌ တရားဝင် ဖွင့်လှစ်ထားသည့် ငွေလဲကောင်တာတစ်ခုအား တွေ့ရစဉ်
“ဗဟိုဘဏ်က နိုင်ငံခြားငွေ Reserve အများဆုံး ကိုင်ထားတဲ့ အဖွဲ့အစည်းပဲ။ Controlled Float တုန်းက ဒေါ်လာဈေး တက်စေချင်ရင် အိတ်စိုက်ပြီး များများလိုက်ဝယ်ပေးတယ်။ ကျစေချင်ရင် များများထုတ်ရောင်းပေးတယ်။ အခု သူတို့ကိုယ်တိုင် ထုတ်ရောင်းပေးတဲ့ဈေးကို တက်ပစ်လိုက်တယ်ဆိုတဲ့ သဘောက ဈေးဆွဲတင်တာပဲ။ Free Float ဘက်ကို သွားတော့ ဒေါ်လာဈေးရဲ့ သရုပ်မှန်က ပေါ်လာရော။ ဒေါ်လာရဲ့ တကယ့်တန်ဖိုး တက်နေတာ၊ ဒါမှမဟုတ် ကျပ်ငွေတန်ဖိုးက ကျနေပြီ။ ဗဟိုဘဏ်က ဝင်ထိန်းဖို့ဆိုရင် အမေရိကန်ဒေါ်လာ Reserve တွေကို ဈေးပေါပေါနဲ့ ထုတ်ရောင်းပေးရမယ်။ ဒီ Reserve တွေကလည်း နိုင်ငံပိုက်ဆံပဲဆိုတော့ နည်းသွားရင် နိုင်ငံအတွက် လိုအပ်တာတွေ ဝယ်လို့ သိပ်မရတော့ဘူး ဖြစ်သွားနိုင်ပါတယ်။ ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြား အရန်ငွေ မကုန်ဘဲ ဒေါ်လာဈေး ပြန်ကျစေချင်ရင် သူ့တစ်ခုတည်း အလုပ်မဟုတ်တော့ဘူး။ ကုန်သွယ်ရေးမှာ Export တွေရဲ့ အခွန်ကိုလျှော့ဖို့ ကုန်သွယ်ရေးဝန်ကြီးဘက်က လုပ်နိုင်မလားဆိုတာ ရှိတယ်။ ဒါဆိုရင် နိုင်ငံခြားငွေ များများဝင်ပြီး ဒေါ်လာဈေး ပြန်ကျနိုင်ပါတယ်။ ဗဟိုဘဏ်က ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းမယ်ဆိုရင်လည်း ဈေးကွက်ထဲမှာ မြန်မာငွေ ရှားသွားနိုင်တာမို့ ငွေပြန်မာသွားနိုင်ပါတယ်” ဟု မြန်မာ့စီးပွားရေး လေ့လာသူ Inspiro Institute မှ Principal ဦးဝင်းသူက ပြောကြားသည်။ဗဟိုဘဏ်အနေနှင့် ထိုသို့ တိုးမြှင့်သတ်မှတ်လိုက်သည့်အတွက် ပုဂ္ဂလိကဘဏ်များ အနေနှင့်မူ လုပ်ကိုင်ရ လွယ်ကူလာပြီး ဒေါ်လာဈေးနှုန်း တည်ငြိမ်ရန် အတွက်မူ အစိုးရက ထုတ်ပြန်ခဲ့ပြီးဖြစ်သည့် ပြည်တွင်း၌ နိုင်ငံခြားငွေ အသုံးပြုမှုအစား မြန်မာကျပ်ငွေကို အသုံးပြုရန် ထုတ်ပြန်ထားမှုကို လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် လိုက်နာမှု ရှိမရှိ စိစစ်ရန် လိုအပ်မည်ဖြစ်ကြောင်း သမဝါယမဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ပြောကြားသည်။“ဈေးကွက်နဲ့ လိုက်ညှိတဲ့ သဘော ပါတာပေါ့။ ဈေးကွက်နဲ့က သိပ်ကွာနေတာကိုး။ ဗဟိဘဏ်နဲ့ ဈေးကွက်နဲ့ သိပ်မကွာမှ ဖြစ်မှာပါ။ ကျရင်လည်းကျ၊ တက်ရင်လည်း တက်ပေါ့။ အဲဒီလို ၁၂၀၀ အဖြစ် ဗဟိုဘဏ်က တိုးမြှင့်သတ်မှတ်လိုက်တော့ ဘဏ်တွေအတွက်ကလည်း လုပ်ရတာ အဆင်ပြေတာပေါ့။ အဲဒီလို သတ်မှတ်လိုက်တဲ့ အတွက်ကြောင့် လာရောင်းတဲ့သူလည်း များလာနိုင်တာပေါ့။ လာရောင်းတဲ့လူရှိတော့ ပြန်ရောင်းလို့ ရတာပေါ့။ ဘဏ်အတွက်ကတော့ လှုပ်လို့ရှားလို့ ကောင်းသွားတာပေါ့။ အရင်တုန်းက ဗဟိုဘဏ်က သတ်မှတ်တဲ့နှုန်းနဲ့ ပြင်ပဈေး သိပ်ကွာနေတယ်။ ဈေးသိပ်မကွာရင်တော့ ဘဏ်ကို လာရောင်းကြတယ်။ ဈေးနှုန်းကွာလို့ အပြင်မှာ ရောင်းတယ်။ အပြင်မှာက သိပ်စိတ်မချရဘူး။ ဗဟိုဘဏ်က သတ်မှတ်တဲ့ ဈေးနှုန်းနဲ့ ပြင်ပဈေးနှုန်း ကွာနေရင် အလုပ်လုပ်ရတာ ဘဏ်တွေလဲ အခက်အခဲဖြစ်မယ်။ ပြည်သူတွေလဲ အခက်အခဲဖြစ်မယ်။ တစ်ကျပ်နှစ်ကျပ် ကွာနေရင် ကိစ္စမရှိဘူး။ ဒေါ်လာဈေး ပြဿနာက အရင် စစ်အစိုးရ လုပ်ခဲ့တာ ဘယ်သူမှ မရှင်းနိုင်ဘူး။ ဒေါ်လာကိုင်စရာကို မလိုဘူး။ သင်္ဘောသားလည်း ဒေါ်လာဝင်ပြီး ကျပ်ပဲပေးရမယ်။ ဒေါ်လာတွေ ထုတ်ပြီးတော့ ပြန်ရောင်းစားတာတွေ ဖြစ်နေတယ်။ ဒေါ်လာက သွင်းကုန်၊ ထုတ်ကုန်သမားတွေနဲ့ပဲ ဆိုင်တယ်။ မြန်မာပြည်ထဲမှာက ကျပ်ပဲသုံးရမှာပါ။ တည်ငြိမ်အောင်ဆိုရင် လစာတွေလည်း ကျပ်နဲ့ပေးမှ တည်ငြိမ်သွားမှာ။ ဟိုတယ်တွေမှာလည်း ဒေါ်လာတွေနဲ့ လက်ခံနေကြတယ်။ အချို့ အိမ်ငှားတွေလည်း ဒေါ်လာနဲ့ လက်ခံနေကြတယ်။ စစ်အစိုးရခေတ်က ကော်ပိုရေးရှင်းတွေကို ဒေါ်လာနဲ့ ရှာကြပါဆိုတဲ့ အကျင့်ကြီး ပါသွားတော့ အဲဒီကတည်းကစပြီး ဒေါ်လာ၊ ဒေါ်လာဆိုပြီး ဖြစ်ကုန်ကြတာ။ အစိုးရကလည်း ကျပ်ပဲသုံးရမယ်ဆိုပြီး ထုတ်ပြန်ပေမယ့် မလိုက်နာကြဘူး။ ဘယ်သူမှ အဲဒါကို စိစစ်တဲ့သူ မရှိဘူး။ ပေါက်ဈေးနဲ့ပဲ ကျပ်နဲ့ လက်ခံရမယ်။ ကျပ်လက်ခံမှသာ ဒေါ်လာဈေး တည်ငြိမ်မယ်။ ဗဟိုဘဏ်က သတ်မှတ်တဲ့ ဈေးထက် ပြင်ပပေါက်ဈေးက တက်နေရင်တော့ မကောင်းဘူးပေါ့။ တခြားနိုင်ငံတွေမှာက အစိုးရက သတ်မှတ်တဲ့နှုန်းနဲ့ ပြင်ပဈေးနဲ့ သိပ်မကွာကြဘူး” ဟု ဦးဖေမြင့်က ဆိုသည်။
 
ဗဟိုဘဏ် ရည်ညွှန်းဒေါ်လာလဲနှုန်းနှင့် ပြင်ပဒေါ်လာဈေးနှုန်း နှိုင်းယှဉ်ပြဇယား
 
ဗဟိုဘဏ်ရည်ညွှန်းဒေါ်လာလဲနှုန်း
ပြင်ပဒေါ်လာပေါက်ဈေး
၂၀၁၅   (ဇန်နဝါရီ)
၁၀၂၅
၁၀၃၉
၂၀၁၅   (ဖေဖော်ဝါရီ)
၁၀၂၆
၁၀၃၆
၂၀၁၅   (ဖေဖော်ဝါရီ ၂၅)
၁၀၂၇
၁၀၄၁
၂၀၁၅   (မတ်)
၁၀၂၇
၁၀၃၉
၂၀၁၅   (ဧပြီ ၂)  
၁၀၂၈
၁၀၈၀
၂၀၁၅   (ဧပြီ ၃)
၁၀၃၃
၁၀၈၄
၂၀၁၅   (ဧပြီ ၆)
၁၀၄၄
၁၀၇၅
၂၀၁၅   (ဧပြီ ၇)
၁၀၅၂
၁၀၇၈
၂၀၁၅   (ဧပြီ ၈)
၁၀၆၀
၁၀၈၀
၂၀၁၅   (ဧပြီ ၉)
၁၀၆၅
၁၀၈၀
၂၀၁၅   (ဧပြီ ၁၀)
၁၀၇၀
၁၀၇၉
၂၀၁၅   (ဧပြီ ၂၂)
၁၀၇၅
၁၀၈၀
၂၀၁၅   (ဧပြီ ၃၀)
၁၀၇၈
၁၀၉၃
၂၀၁၅   (မေ)
၁၀၈၀
၁၁၁၇
၂၀၁၅   (မေ ၁၃)
၁၀၈၂
၁၁၃၀
၂၀၁၅   (ဇွန်)
၁၀၉၀
၁၂၃၀
၂၀၁၅   (ဇွန် ၂)
၁၀၉၇
၁၁၆၅
၂၀၁၅   (ဇွန် ၅)
၁၁၀၅
၁၁၆၈
၂၀၁၅   (ဇွန် ၁၀)
၁၁၀၅
၁၃၀၀
၂၀၁၅   (ဇွန် ၁၉)
၁၁၁၀
၁၁၆၃
၂၀၁၅   (ဇူလိုင် ၃)
၁၁၂၅
၁၁၉၀
၂၀၁၅   (ဇူလိုင် ၁၃)
၁၂၀၀
၁၂၂၀
 

Most Read

Most Recent