မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ စတင်ပြဋ္ဌာန်းချိန်မှ ယခင်ဘဏ္ဍာနှစ်ကုန်အထိ မြှုပ်နှံမှု လုံးဝမရှိခဲ့သည့် တောင်အာဖရိကနှင့် ကာတာတို့၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စတင်ဝင်ရောက်

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ စတင်ပြဋ္ဌာန်းချိန်မှ ယခင်ဘဏ္ဍာနှစ်ကုန်အထိ မြှုပ်နှံမှု လုံးဝမရှိခဲ့သည့် တောင်အာဖရိကနှင့် ကာတာတို့၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စတင်ဝင်ရောက်
Published 13 July 2015
ချမ်းမြေ့သူ

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ စတင်ပြဋ္ဌာန်းသည့် ၁၉၈၈ ခုနှစ်မှ ယခင်ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကုန်အထိ နှစ်ပေါင်း ၂၀ ကျော်အတွင်း မြှုပ်နှံမှု လုံးဝမရှိခဲ့သည့် တောင်အာဖရိကနိုင်ငံနှင့် ကာတာနိုင်ငံတို့၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စတင်ဝင်ရောက်လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ယင်းကဲ့သို့ မြှုပ်နှံမှု ဝင်ရောက်ခဲ့ရာတွင် ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇွန်လအတွင်း၌ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး တောင်အာဖရိကနိုင်ငံက ဒေါ်လာ ၁ ဒသမ ၃၀၉ သန်းကျော်နှင့် ကာတာနိုင်ငံက ဒေါ်လာ ၄ ဒသမ ၅ သန်း အသီးသီး ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရာတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က ပြည်ပနိုင်ငံပေါင်း ၁၃ နိုင်ငံက ဒေါ်လာ ၁၄၁၉ သန်းကျော်ရှိပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံပေါင်း ၁၆ နိုင်ငံက ဒေါ်လာ ၄၁၀၇ သန်းကျော်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံပေါင်း ၂၈ နိုင်ငံက ဒေါ်လာ ၈၀၁၀ သန်းကျော် အသီးသီး ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နှစ်ဆနီးပါး တိုးတက်ဝင်ရောက်ခဲ့ကြောင်း၊ ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာသန်း ၆၀၀၀ အထိ ဝင်ရောက်နိုင်ရန် လျာထားကြောင်း သိရသည်။တောင်အာဖရိကနိုင်ငံနှင့် ကာတာနိုင်ငံတို့ အနေဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် စတင်ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် မြှုပ်နှံလုပ်ကိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ယခင် ဘဏ္ဍာနှစ် အတွင်းကလည်း မြန်မာနိုင်ငံသို့ ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ထားခြင်း မရှိသည့် နိုင်ငံများဖြစ်သည့် ဂျာမနီ၊ ဖိလစ်ပိုင်၊ ဆွီဒင်၊ Samoa၊ နော်ဝေနိုင်ငံတို့က စတင်ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။၂၀၁၅ ခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံ၏ လုပ်ငန်းများတွင် ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ရန်အတွက် ခွင့်ပြုချက်ရယူထားသည့် ပြည်ပနိုင်ငံပေါင်း ၄၁ နိုင်ငံရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း ဒေါ်လာ ၅၆ ဘီလျံကျော်ရှိပြီး အမှန်တကယ် ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်နေသည့် နိုင်ငံပေါင်းမှာ ၃၆ နိုင်ငံရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄၆ ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Most Read

Most Recent