နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ဘက်က စီမံချက်ဖြင့်ဖမ်းဆီးမှုများရှိနေခြင်းကြောင့် မြန်မာဘက်မှ ဆန်တင်ပို့မှု ထက်ဝက်ခန့်လျော့ကျသွားပြီး ဆန်ကုန်သည်အများစု တင်ပို့မှုခေတ္တရပ်ဆိုင်း

နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ဘက်က စီမံချက်ဖြင့်ဖမ်းဆီးမှုများရှိနေခြင်းကြောင့် မြန်မာဘက်မှ ဆန်တင်ပို့မှု ထက်ဝက်ခန့်လျော့ကျသွားပြီး ဆန်ကုန်သည်အများစု တင်ပို့မှုခေတ္တရပ်ဆိုင်း
Published 10 July 2015
ချမ်းမြေ့သူ

နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ဘက်မှ စီမံချက်ဖြင့် ဖမ်းဆီးမှုများရှိနေခြင်းကြောင့် မြန်မာဘက်မှ ဆန်တင်ပို့မှု ထက်ဝက်ခန့်လျော့ကျသွားပြီး ဆန်ကုန်သည်အများစု တင်ပို့မှုခတ္တရပ်ဆိုင်းထားကြောင်း သိရသည်။    "တရုတ်ဘက်က အဖမ်းအဆီးတွေရှိနေလို့ တင်ပို့မှုခဏရပ်ထားတယ်။ တစ်ပတ်လောက်တော့ရှိပြီ။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက တင်ပို့တာကိုပြောတာ" ဟု ပြည်ပသို့ ဆန်တင်ပို့လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးရှိ ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။    ဆက်လက်၍ မြန်မာနိုင်ငံမှထွက်ရှိသည့်ဆန်များကို နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ အများဆုံးတင်ပို့လျက်ရှိသည့် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဝင်းမောင်က "ဒီရက်ပိုင်းထဲမှာ တရုတ်ဘက်ကို ဆန်ကားသွားတာနည်းနေတယ်။ ဇူလိုင်လဆန်းပိုင်းလောက်ကဆိုရင် တစ်ရက်ကို ဆန်ကားအစီး ၁၃၀ လောက်သွားတယ်။ ဒီရက်ပိုင်းမှာတော့ တစ်ရက်ကို ဆန်ကား အစီးရေ ၅၀ နီးပါးလောက်ပဲရှိတော့တယ်။ ဒီဘက်က ဆန်ကုန်သည်တွေက ဟိုဘက်ကိုတင်ပို့ဖို့အတွက် ဈေးကွက်အခြေအနေကို စောင့်ကြည့်နေတဲ့သဘောရှိတယ်" ဟုပြောကြားသည်။    မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့မှုပြုလုပ်ရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းနှစ်မျိုးလုံးမှ တင်ပို့မှုပြုလုပ်နေခြင်းဖြစ်သော်လည်း နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းကို အသုံးပြု၍ တရုတ်နိုင်ငံဘက်သို့ တင်ပို့မှုပိုများကြောင်း သိရသည်။    မြန်မာ့ဆန်ကုန်သည်များအနေဖြင့် တရုတ်နိုင်ငံဘက်သို့ ဆန်တင်ပို့မှုပြုလုပ်ရာတွင် မြန်မာနိုင်ငံဘက်မှ တရားဝင်လိုင်စင်ရယူ၍ တင်ပို့မှုရှိသော်လည်း တရုတ်ကုန်သည်များက တရုတ်ဈေးကွက်အတွင်းသို့ တင်သွင်းသည့်လမ်းကြောင်းတွင် ဖမ်းဆီးမှုဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။    "ဆန်တင်ပို့မှုနဲ့ပတ်သက်ပြီး မြန်မာဘက်က တရားဝင်ဖြစ်သလို တရုတ်ပြည်တွင်းဘက်ကိုလည်း တရားဝင်တင်သွင်းနိုင်အောင် ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ သဘောတူညီချက်လည်းလုပ်ပြီးသွားပါပြီ။ မကြာခင်တင်ပို့မှုတွေပြုလုပ်နိုင်မှာပါ" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ သိရသည်။               

Most Read

Most Recent