မတည်ငြိမ်မှုကို အကြောင်းပြကာ ရွေးကောက်ပွဲလမ်းလွဲခြင်းမျိုး မဖြစ်စေရန် ပြည်သူများနှင့် NLD ပါတီဝင်များအား ဒေါ်အောင်ဆန်းစုကြည် သတိပေး

မတည်ငြိမ်မှုကို အကြောင်းပြကာ ရွေးကောက်ပွဲလမ်းလွဲခြင်းမျိုး မဖြစ်စေရန် ပြည်သူများနှင့် NLD ပါတီဝင်များအား ဒေါ်အောင်ဆန်းစုကြည် သတိပေး
Published 20 June 2015

နိုင်ငံ၏ မတည်ငြိမ်မှုကို အကြောင်းပြကာ ရွေးကောက်ပွဲလမ်းလွဲခြင်းမျိုး မဖြစ်စေရန် ပြည်သူများနှင့် NLD ပါတီဝင်များအား ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၀ ရက်တွင် သတိပေး ပြောကြားလိုက်သည်။
 
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက်အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
 
၂၀၁၅ ခုနှစ်သည် နိုင်ငံ၏ အနာဂတ်အတွက် များစွာအရေးကြီးသည့် နှစ်ဖြစ်ကြောင်း၊ ၁၉၉၀ ပြည့်နှစ်တုန်းက ပြည်သူများအနေဖြင့် မိမိနိုင်ငံ၏ ကံကြမ္မာကို ဖန်တီးပိုင်ခွင့် ရခဲ့သော်လည်း ယင်းအခွင့်အရေးသည် အဟောသိကံဖြစ်ခဲ့ပြီး နောင်ယင်းသို့ မဖြစ်ရန် အားလုံးဝိုင်းဝန်းပြီး ညီညွတ်စွာ လုပ်ဆောင်သွားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
 
ဒေါ်အောင်ဆန်းစုကြည်က "အခုဆိုလို့ ရှိရင် ရွေးကောက်ပွဲများအတွက်  သတ်မှတ်ထားတဲ့ နိုဝင်ဘာလ ပထမအပတ် နောက်ဆုံးအချိန်သတ်မှတ်ထားတဲ့အချိန်က တဖြည်းဖြည်း နီးလာပါပြီ။ ဒီအချိန် မရောက်ခင်ကာလမှာ ကျွန်မတို့နိုင်ငံဟာ တည်ငြိမ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အဲဒါကိုတော့ ကျွန်မ ဒီမှာ သတိပေးပါရစေ။ နိုင်ငံရဲ့ မတည်ငြိမ်မှုကို အကြောင်းပြပြီးတော့ ရွေးကောက်ပွဲ လမ်းလွဲသွားမှာကို မဖြစ်ပါစေနဲ့လို့ ကျွန်မတို့ အဖွဲ့ချုပ်ဝင်တွေ အားလုံးကို ကျွန်မမှာချင်ပါတယ်။ ပြည်သူလူထုကိုလည်း ဒီကနေတစ်ဆင့် မှာချင်ပါတယ်။ ဒီလိုတည်တည်ငြိမ်ငြိမ်နဲ့ နိုဝင်ဘာလမှာ ပထမဆုံးအပတ်မှာ နောက်ဆုံးထားပြီး ကျင်းပရမယ့် ရွေးကောက်ပွဲ ဖြစ်မြောက်စေချင်တယ်။ ရွေးကောက်ပွဲအလွန် ကာလမှာလည်း တည်တည်ငြိမ်ငြိမ်နဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ပေးနိုင်မယ့် ကာလတစ်ခုကို ထွန်းသစ်စေချင်တယ်။ ဒီဟာအတွက် ကျွန်မတို့ဟာ အလုပ်လုပ်နေတာဖြစ်ပါတယ်" ဟု ပြောကြားသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်နိုင်ရေးသည် နိုင်ငံအနိုင်ရရေးဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်  ပြည်သူလူထု၏ စေတနာကို အားကိုးပြီး ရပ်တည်နေရပြီး ချမ်းသာသည့် အဖွဲ့အစည်းမဟုတ်ကြောင်း၊  မကြာခင်ကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲကို ဝင်မလား၊ မဝင်ဘူးလားဆိုသည်ကို တရားဝင် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ထိုသို့ဆုံးဖြတ်ပြီးပါက ကိုယ်စားလှယ်လောင်းများ စတင်ရွေးချယ်သွားမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက်  လွှတ်တော်ထဲတွင် လှုပ်ရှားနေကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုသည့် မူဝါဒတစ်ခုကို ကိုင်စွဲပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ခဲ့ခြင်းဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးအတွက် ဆက်လက်ကြိုး စားသွားမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ ဘယ်တော့မှ မမေ့ပါဘူး။ တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဒီမူတွေကို ကျွန်မတို့ ဆက်ပြီးတော့ ကိုင်စွဲသွားမှာပါ။ ဒီမူတွေကို အစဉ်အမြဲ နိုင်ငံတစ်ခုအတွက် လိုအပ်တဲ့မူတွေဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာဟာ ဘယ်အချိန်မဆို ပြောင်းလဲသင့်ရင် ပြောင်းလဲရမှာပဲ။ တချို့ဖွဲ့စည်းပုံ အခြေခံဥပဒေများဟာ နှစ်ပေါင်းများစွာ တည်ရှိခဲ့ပေမယ့် တချို့နိုင်ငံတွေမှာ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူတွေရဲ့ လိုအပ်ချက် ကမ္ဘာ့လိုအပ်ချက် ကာလလိုအပ်ချက်နဲ့ ကိုက်ညီအောင်လို့ ပြင်ခဲ့ရတာတွေရှိပါ တယ်။ ကျွန်မတို့ရဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ပြုပြင်ပြောင်းလဲစရာတွေ အများကြီးရှိတယ်ဆိုတာ ထူးထူးထွေထွေ ဒီနေရာက ပြောနေဖို့ မလိုပါဘူး။ ကျွန်မတို့ဟာ ပြုပြင်ရေးမူကို လုံးဝထောက်ခံပါတယ်။ ပြုပြင်ပြောင်းလဲပုံ ပြောင်းလဲနည်းကတော့ ကျွန်မတို့နဲ့ တခြားပါတီတွေနဲ့ တူချင် မှတူမှာ။ သို့သော်ငြားလည်း ကျွန်မတို့ဟာ ပြုပြင်ပြောင်းလဲရေးဆိုတာတော့ လုပ်ကိုလုပ်ရမယ် ဆိုတာကိုတော့ ကျွန်မတို့ ဆက်ပြီးတော့ ကြိုးစားသွားမှာပါ"ဟု ပြောကြားသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်စဉ်ကလည်း  ပြည်သူများကို ပေါ့ပေါ့တန်တန် ကတိများပေးပြီး စည်းရုံးခဲ့ခြင်းမဟုတ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင်လည်း ပြည်သူကို မတည်နိုင်သည့် ကတိများပေးပြီး စည်းရုံးမည်မဟုတ်ဟု ၎င်းက ဆိုသည်။ 
 

Most Read

Most Recent